Latest News

Monday, June 26, 2017

မြန်မာနိုင်ငံကို ခြိမ်းခြောက်လာတဲ့ မကူးစက်ရောဂါ

မြန်မာနိုင်ငံကို ခြိမ်းခြောက်လာတဲ့ မကူးစက်ရောဂါ

ရန်ကုန်မြို့တွင်းက ပုဂ္ဂလိကဆေးခန်း တစ်ခုရှေ့မှာ ရောဂါပြဖို့အတွက် လူနာတွေ တန်းစီနေပါတယ်။ တချို့က ရောဂါသည်းတဲ့အတွက် ထိုင်ခုံပေါ်မှာ ပင်ပန်းချည့်နဲ့စွာ ထိုင်နေတာကိုတွေ့ရပါတယ်။ ဦးလှသိန်း တစ် ယောက် နှလုံးရောဂါပြဖို့အတွက် ဆရာဝန်အလာကို စောင့်နေပါတယ်။

နှလုံးအထူးကု ဆရာဝန်ဖြစ်တဲ့အတွက် လာရောက်ပြသတဲ့ လူနာအရေအတွက် များတာကြောင့် သူ့တိုကင်နံပါတ်အရဆိုရင် မိုးတော်တော်ချုပ်မှ အိမ်ပြန်ရောက်မယ့် အနေအထားပါ။ သူ့လိုလာရောက်ပြသတဲ့ လူနာ တွေကိုကြည့်ရင်း ဦးလှသိန်းတစ်ယောက် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပါတယ်။

“ဦးလေးက နှလုံးသွေးကြောကျဉ်းတာ။ ဆရာဝန်နဲ့ ပြနေတာတော့ ကြာပြီ။ ဒီလိုပဲ သောက်ဆေးလေးနဲ့ ထိန်းသောက်နေရတယ်” လို့ သူက ဆိုပါတယ်။

သူ့မှာ နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါအပြင် ဆီးချိုသွေးချို ရောဂါကလည်း ရှိနေတဲ့အတွက် ဆေးရုံဆေးခန်းတွေက သူ့နဲ့ မစိမ်းတော့တဲ့ အနေအထားပါ။ အနည်းဆုံး နှစ်ပတ် တစ်ခါလောက် ဆေးခန်းပြနေရတဲ့အပြင် ဆေးတွေကလည်း ရေရှည် စွဲသောက်နေရတဲ့ အတွက် ဆေးဖိုးက မနည်းလှပါဘူး။

ဒီလို နာတာရှည်ရောဂါဖြစ်နေတဲ့အတွက် ဦးလှသိန်းတစ်ယောက် အလုပ်မလုပ်နိုင်လို့ ၀င်ငွေလျော့ကျခဲ့တဲ့အပြင် ဆေးကုသမှု ခံယူနေရတဲ့အတွက် ကုန်ကျစရိတ်က တော်တော်များလာပါတယ်။

“တစ်လတစ်လ ဆေးဖိုးနဲ့ ဆေးခန်းဖိုးက မနည်းဘူး။ ဦးလေးလည်း အလုပ်မလုပ်နိုင်တာကြာပြီ။ လူက နည်းနည်းလောက် လှုပ်လှုပ်ရှားရှားလုပ်လိုက်တာနဲ့ မောမောနေတော့ အလုပ်လုပ်လို့မရဘူး။ ပြောရရင် သူဌေး ရောဂါပေါ့”လို့ သူက ဆိုပါတယ်။

ဦးလှသိန်းတစ်ယောက် ခံစားနေရတဲ့ ရောဂါက မကူးစက်နိုင်တဲ့ ရောဂါပါ။ လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်းလုံးက လူသားတွေကို မကူးစက်နိုင်တဲ့ ရောဂါတွေက ခြိမ်းခြောက်လို့ လာပါတယ်။

ဒီလို မကူးစက်ရောဂါတွေ ဖြစ်ပွားမှုများပြားလာတဲ့အတွက် လူသားတွေရဲ့ အသက်ဟာ အန္တရာယ်ရှိလာတဲ့ အနေအထားမျိုး ဖြစ်လာပါတယ်။

ကမ္ဘာတစ်ဝန်းလုံးမှာ နှစ်စဉ် သေဆုံးမှုအားလုံးရဲ့ သုံးပုံ နှစ်ပုံလောက်ဟာ မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့်ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။ အရေးအကြီးဆုံး မကူးစက်တွေကတော့ ကင်ဆာ ရောဂါ၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ နာတာရှည် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ရောဂါတို့ပဲ ဖြစ်ပါတယ်။

ဒီမကူးစက်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းမှာ သေဆုံးမှုအရေအတွက်ဟာ ၂၀၁၂ ခုနှစ် တစ်နှစ်အတွင်း လူဦးရေ ၃၈ သန်း လောက် ရှိခဲ့ပါတယ်။ ဒီသေဆုံးသူဦးရေဟာ လာအိုနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ နေထိုင်တဲ့ လူဦးရေ စုစုပေါင်းထက် ပိုများပါတယ်။

မကူးစက်နိုင်သော ရောဂါ (Non Communicable Diseases) ဆိုတာ လူတစ်ဦးကနေ တစ်ဦးဆီ ရောဂါကူးစက်ခြင်းကြောင့် မဟုတ်ဘဲ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ စားသောက်ခြင်းနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လူမှုဘ၀ နေထိုင်မှုပုံစံတွေမှာ ကြာရှည်စွာ စားသောက်နေထိုင် ထိတွေ့နေရခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါ အစုအဝေးကို ခေါ်တာဖြစ်ပါတယ်။

ဒီလို မကူးစက်ရောဂါ ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းတွေကတော့ ဆေးလိပ် နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းတွေ သောက်သုံးမှု၊ အရက်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့အထိ သောက်သုံးမှု၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ စားသောက်မှုနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးမှုတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ခန့်မှန်းချက်တွေအရ မြန်မာနိုင်ငံမှာလည်း ၂၀၁၂ ခုနှစ်က သေဆုံးခဲ့တဲ့ လူအားလုံးရဲ့ ရာခိုင်နှုန်း ၇၀ လောက်ဟာ မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့်ဖြစ်ပြီး သေဆုံးသူတွေ အားလုံးရဲ့ ၅၄ ရာခိုင်နှုန်းလောက်ကတော့ သက်တမ်းစေ့ နေနိုင်ခြင်းမရှိဘဲ အရွယ်မတိုင်မီသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ မကူးစက်နိုင်တဲ့ ရောဂါတွေရဲ့ ၀န်ထုပ်ဝန်ပိုး အများဆုံး ခံစားနေရတဲ့ ကမ္ဘာ့ ၂၃ နိုင်ငံထဲမှာ ပါဝင်နေပြီး အဆင့် (၈) မှာ ရပ်တည်နေပါတယ်။

မြန်မာနိုင်ငံမှာ မကူးစက်နိုင်သော ရောဂါတွေကို ပြည်သူ့ကျန်းမာရေးရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍအဖြစ် အမျိုးသားကျန်းမာရေး စီမံချက်(၂၀၁၁-၂၀၁၆)မှာ ဖော်ပြခဲ့ပါတယ်။ မကူးစက်နိုင်သော ရောဂါများဆိုင်ရာ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်မှာ မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲကို ၂၀၁၅ ခုနစ် ဧပြီ ၁ ရက်က စတင်ဖွဲ့စည်းခဲ့ပါတယ်။

မကူးစက်နိုင်သောရောဂါများ ကာကွယ် နှိမ်နင်းရေး ဌာနကနေ PEN စီမံချက်အဖြစ်နဲ့ အဓိက အဖြစ်များနေတဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်ထိန်းသိမ်းရေးစီမံချက်၊ ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေး စီမံချက်၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ စီမံချက်၊ ကင်ဆာရောဂါ တိုက်ဖျက်ရေးစီမံချက်တွေအပြင် တခြား မကူးစက် ရောဂါများဖြစ်တဲ့ စိတ်ကျန်းမာရေး  စီမံချက်၊ နားလေးရောဂါ တိုက်ဖျက်ရေးစီမံချက်၊ မြွေကိုက်ရောဂါစီမံချက်၊ ထိခိုက်မှု အန္တရာယ် ကာကွယ်ရေးစီမံချက်၊ လူထုအခြေပြု မသန်စွမ်းမှုကာကွယ်ရေး စီမံချက်၊ အတက်ရောဂါ တိုက်ဖျက်ရေးစီမံချက်၊ ဆေးလိပ်ဆေးရွက်ကြီး ကင်းဝေးရေးစီမံချက် စတဲ့ စီမံချက် ၁၁ ခုအတွက် ရောဂါကာကွယ် တိုက်ဖျက်ကုသရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီ PEN စီမံချက်မှာ အဓိက မကူးစက် ရောဂါတွေဖြစ်တဲ့ သွေးတိုးနဲ့ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ ဆီးချိုသွေးချိုရောဂါ ၊နာတာရှည် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို စမ်းသပ်ရှာဖွေခြင်းနဲ့ စနစ်တကျ ကုသပေးတဲ့ စီမံချက်တွေကို တိုင်းနဲ့ ပြည်နယ်တွေက  မြို့နယ် ၇၀ မှာ ဖြန့်ကြက် အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတယ် လို့ မကူးစက်နိုင်သော ရောဂါများကာကွယ်နှိမ်နင်းရေး ဌာနခွဲကနေ သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ၂၀၁၄ ခုနစ် ထုတ်ပြန်ချက်အရ အရှေ့တောင်အာရှဒေသအတွင်း မကူးစက်နိုင်တဲ့ရောဂါကြောင့် အသက် ၇၀ နှစ်အောက် သေဆုံးမှုနှုန်းမှာ မြန်မာနိုင်ငံက အမျိုးသား ၅၈ ဒဿမ ၇ ရာ ခိုင်နှုန်းနဲ့ အမျိုးသမီး ၅၀ ဒဿမ ၆ ရာခိုင်နှုန်း နဲ့ အမြင့်ဆုံးဖြစ်နေတာကို တွေ့ရပါတယ်။



■ မကူးစက်ရောဂါနဲ့ မြန်မာနိုင်ငံအနေအထား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ၂၀၁၄ ခုနစ်က ထုတ်ပြန်ထားတဲ့ Non Communicable Diseases Country Profile” မှာတော့ မြန်မာနိုင်ငံအတွင်း စုစုပေါင်းသေဆုံးသူရဲ့ ၅၉ ရာခိုင်နှုန်းဟာ မကူးစက်ရောဂါကြောင့်

သေဆုံးခဲ့တယ်လို့ သိရပါတယ်။  ကူးစက်ရော ဂါပျံ့နှံ့မှုကြောင့် သေဆုံးသူက ရာခိုင်နှုန်း ၃၀  သာရှိပြီး ကျန်တဲ့ ၁၁ ရာခိုင်နှုန်းကတော့ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။

အဓိက မကူးစက်ရောဂါတွေဖြစ်တဲ့ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ သေဆုံးသူဦးရေက ၂၅ ရာခိုင်နှုန်း၊ ကင်ဆာရောဂါကြောင့် သေဆုံးသူဦးရေက ၁၁ ရာခိုင်နှုန်း၊ နာတာရှည်အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ရောဂါကြောင့် သေဆုံးသူဦးရေက ကိုးရာခိုင်နှုန်း၊ ဆီးချိုသွေးချိုရောဂါကြောင့် သေဆုံးသူဦးရေက သုံးရာခိုင်နှုန်းနဲ့ အခြားမကူးစက်ရောဂါကြောင့် သေဆုံးသူဦးရေက ၁၁ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးသူ စုစုပေါင်း ၄၄၁၀၀၀ မှာ မကူးစက်ရောဂါကြောင့် သေဆုံးသူဦးရေဟာ ၅၉ ရာခိုင်နှုန်း ရှိတဲ့အတွက် လူဦးရေ ၂၆၀၀၀၀ ကျော် ရှိနေပါတယ်။

ဒီအနေအထားကိုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ မကူးစက်ရောဂါကြောင့် သေဆုံးသူဦးရေဟာ ကူးစက်ရောဂါကြောင့် သေဆုံးသူဦးရေထက် များပြားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတောင် ကူးစက်ရောဂါကြောင့် သေဆုံးသူ ရာခိုင်နှုန်း ၃၀ ထဲမှာ အစာ အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးတဲ့သူတွေ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆီးချိုသွေးချိုအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ တင့်ဆွေလတ်က “အဓိကကျတဲ့ ကူးစက်မှု မဟုတ်သော ရောဂါကြီးလေးခုက နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါ၊ ကင်ဆာ ရောဂါများ၊ ဆီးချိုသွေးချိုရောဂါ။ နာတာရှည် အသက်ရှူလမ်းကြောင်း ရောဂါတွေက ၄၈ ရာခိုင်နှုန်း။ ကျွန်တော်တို့ ထင်ထားတဲ့ ကူးစက်ရောဂါကြောင့်ဆိုတာထက် ပိုပြီးတော့ ဖြစ်နေတယ်။ ဒါကြောင့် တာဝန်ရှိသူတွေက ကျွန်တော်တို့ ပြည်သူလူထုတွေ ဒါတွေ မဖြစ်အောင် ကာကွယ်ပေးဖို့ လိုပါတယ်။ ကျွန်တော်တို့ဆီမှာ ရောဂါကာကွယ်ရေးနဲ့ ပတ်သက်ပြီး အင်မတန်ကို နည်းပါးပါတယ်”လို့ ဆိုပါတယ်။



■ မကူးစက်ရောဂါ ကင်ဆာ

ကင်ဆာရောဂါဆိုတာ လူ့ခန္ဓာကိုယ်ထဲမှာ အသေးငယ်ဆုံး ဆဲလ်တွေကနေ စတင်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ပုံမှန်ဆဲလ်တွေရဲ့ ကြီးထွားမှု၊ ပွားများလာမှု၊ သေဆုံးမှုတွေကို အစီအစဉ်တကျဖြစ်အောင် စနစ်တစ်ခုနဲ့ ထိန်းချုပ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မူမမှန်တဲ့ဆဲလ်တွေ ထိန်းချုပ်မှုကင်းမဲ့စွာ ပွားများလာရာကနေ ကင်ဆာရောဂါဖြစ်လာတာပါ။

ကင်ဆာရောဂါဖြစ်နိုင်တဲ့ အကြောင်းတွေကတော့ မျိုးရိုးဗီဇ၊ ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငုံခြင်း၊ အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ရောဂါပိုးမွှားများ၊ အစားအသောက်များ၊ လုပ်ငန်းခွင် ဓာတုပစ္စည်းများ၊ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ အချို့ဆေးဝါးများ၊ လိင်အင်္ဂါကြွက်နို့ပေါက်ခြင်း၊ ခရမ်းလွန်ရောင်ခြည်၊ ဓာတ်ရောင်ခြည်တွေနဲ့ ထိတွေ့မှုများခြင်း၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါရှိခြင်းတွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး ကင်ဆာတွေအနက် အမျိုးသားတွေမှာ အဆုတ်ကင်ဆာ၊ ပါး၊ ခံတွင်း၊ မေးရိုးကင်ဆာ၊ အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာ၊ အသည်းကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတို့ အဖြစ်များပြီး အမျိုးသမီးတွေမှာ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ် နှင့် အူလမ်းကြောင်း ကင်ဆာ၊ သားဥအိမ်ကင်ဆာတွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စာရင်း၊ ဇယားတွေအရ တစ်ကမ္ဘာလုံးမှာ ကင်ဆာရောဂါအသစ် ဖြစ်ပွားမှုနှုန်းဟာ နှစ် စဉ် ၁၄ ဒသမ ၁ သန်းလောက်ရှိပြီး ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်းက ၇ ဒသမ ၄ သန်းလောက်ရှိတယ်လို့ သိရပါတယ်။ မြန်မာ နိုင်ငံအပါအ၀င် အရှေ့တောင်အာရှမှာ ကင်ဆာရောဂါ အသစ်ဖြစ်ပွားမှုနှုန်းဟာ နှစ်စဉ် ခုနစ်သိန်းလောက်ရှိပြီး ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်းက နှစ်စဉ် ငါးသိန်းလောက်ရှိပါတယ်။



■ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ

သွေးပေါင်ချိန် ၁၄၀/၉၀ mmHg နဲ့ အထက်ရှိရင် သွေးတိုးရောဂါလို့ သတ်မှတ်ပါတယ်။ သွေးတိုးရောဂါဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကတော့ အငန်၊ အဆီအစားများသူများ၊ ဆီးချိုရောဂါရှိသူများ၊ အ၀လွန်သူများ၊ မိဘမျိုးရိုး သွေးတိုးရောဂါရှိသူများ၊ ဆေးလိပ်သောက်သူများ၊ အရက်သောက်သူများ၊ ကျောက်ကပ်ရောဂါနဲ့ အခြားရောဂါများ၊ အချို့မှီဝဲသော ဆေးဝါးများ (ဥပမာ- ပဋိသန္ဓေ တားဆေး)၊ ကိုယ်ဝန်ဆောင်မိခင်များ စတဲ့ သူတွေပဲ ဖြစ်ပါတယ်။

နှလုံးသွေးကြောကျဉ်း ရောဂါကတော့ နှလုံးဆီ စီးဆင်းပေးပို့နေတဲ့ သွေးကြောတွေထဲမှာ အဆီပိတ်တာကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ပိုမိုဖြစ်ပွားနိုင်သူတွေကတော့ ဆေးလိပ်သောက်သူများ၊ သွေးတိုးရောဂါရှိသူများ၊ ဆီးချိုရောဂါရှိသူများ၊ အဆီဓာတ်များသူများ၊ အ၀လွန်သူများ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူများ၊ အဆီအစားများသူများ၊ အရက်အလွန်အကျွံ သောက်သူများ၊ မိဘမျိုးရိုးတွင် နှလုံးသွေးကြောကျဉ်း ရောဂါရှိသူများ၊ စိတ်ဖိစီးမှုများသူများ စတဲ့သူတွေက ပိုမိုဖြစ်ပွားနိုင်ပါတယ်။



■ ဆီးချိုသွေးချိုရောဂါ

ဆီးချိုသွေးချိုရောဂါဆိုတာ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ဓာတ်ထုတ်လုပ်မှု လျော့နည်းနေတာပဲဖြစ်ဖြစ်၊ အင်ဆူလင်ရဲ့ အာနိသင်လျော့နည်းမှုကြောင့်ပဲဖြစ်ဖြစ်၊ သွေးအတွင်း သကြားဓာတ်များနေရာကနေ ဖြစ် ပေါ်လာတဲ့ နာတာရှည်ရောဂါဖြစ်ပါတယ်။

ဆီးချိုရောဂါရဲ့ လက္ခဏာတွေကတော့ ဆီးခဏခဏ သွားခြင်း၊ ရေအငတ်လွန်ခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ပိန်သွားခြင်း၊ နုံးချည့် နေခြင်း၊ ပတ်ဝန်းကျင်အား စိတ်ဝင်စားမှုမရှိခြင်း၊ စိတ်အာရုံစူးစိုက်မှု မရှိခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ ခြေလက်များ ထုံခြင်း/ကျဉ်ခြင်း၊ အမြင်အာရုံဝါးခြင်း၊ အနာများ မကြာခဏပေါက်ခြင်း၊ အနာကျက်ခဲခြင်းစတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

ဆီးချိုရောဂါဖြစ်နိုင်ခြေများသူတွေကတော့ မိသားစုဝင်ထဲမှာ ဆီးချိုသွေးချိုရောဂါ ရှိခြင်း၊ ကိုယ်အလေးချိန်များလွန်းခြင်း (အဓိက ၀မ်းတွင်းအဆီများလွန်းခြင်း)၊ အသက် (၄၅ နှစ်)အထက်ဖြစ်ခြင်း၊ ကိုယ်ကာယ လှုပ်ရှား မှုနည်းခြင်း၊ ယခင်က ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုသွေးချိုရောဂါရှိခဲ့ဖူးခြင်း၊ ယခင်က ဆီးချိုသွေးချိုရောဂါ ကနဦးအဆင့်များရှိကြောင်း စမ်းသပ် သတ်မှတ်ခံထားခဲ့ရခြင်းတွေပဲ ဖြစ်ပါတယ်။

ဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆင့်ပွားရောဂါတွေအဖြစ်  ကျောက်ကပ်ထိခိုက် ပျက်စီးတဲ့ရောဂါ၊ အာရုံကြောထိခိုက်သော ရောဂါ၊ ဦးနှောက်အာရုံကြောပိတ်ပြီး လေဖြတ်တဲ့ ရောဂါ၊ နှလုံး၊ သွေးကြောရောဂါ၊  ရောဂါပိုးဝင်လွယ်ပြီး အနာကျက်ခဲတဲ့ ရောဂါ စတဲ့ရောဂါတွေ ဖြစ်ပွားလာနိုင်ပါတယ်။

ဆီးချိုသွေးချိုရောဂါကို သေချာစနစ်တကျ ဆေးဝါးကုသမှု မခံယူဘူးဆိုရင် အချိန်မတိုင်မီ သေဆုံးနိုင်ခြင်း၊ ၁၀ နှစ်လောက် လူ့သက်တမ်းတိုနိုင်ခြင်း၊ အသက်ရှင်နေချိန်မှာ ကိုယ်အင်္ဂါတွေ ထိခိုက်ပျက်စီးပြီး လူစဉ်မမီ ဖြစ်နိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဆီးချိုသွေးချိုရောဂါကြောင့် ရှစ်စက္ကန့်ကို လူတစ်ယောက် သေဆုံးနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းဒေသကြီး ပြည်နယ်အလိုက် ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှု အခြေအနေကတော့ ရန်ကုန်တိုင်းမှာ ၁၈ ဒသမ ၂ ရာခိုင်နှုန်း၊ မွန်ပြည်နယ်မှာ ၁၃ ဒသမ ၈ ရခိုင် နှုန်း၊ ရှမ်းပြည်နယ်မှာ ၁၃ ဒသမ ၆ ရာခိုင်နှုန်း၊ မကွေးတိုင်းမှာ ၁၂ ဒသမ ၆ ရာခိုင်နှုန်း၊ ကချင် ပြည်နယ်မှာ ၁၁ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းမှာ ၁၀ ဒသမ ၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းမှာ ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းမှာ ၁၀ ဒသမ ၁ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်မှာ ၆ ဒသမ ၈ ရာခိုင်နှုန်း၊ ချင်းပြည်နယ်မှာ ၆ ဒသမ ၆ ရာခိုင် နှုန်း၊ ကယားပြည်နယ်မှာ ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ပဲခူးတိုင်းမှာ ၆ ဒသမ ၃ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်မှာ ၆ ဒသမ ၂ ရာခိုင်နှုန်းနဲ့ နေပြည်တော်မှာတော့ ၄ ဒသမ ၂ ရာခိုင်နှုန်း ရှိတဲ့အနက် တိုင်နဲ့ပြည်နယ်တွေထဲမှာ ရန်ကုန်တိုင်းက ဆီးချိုသွေးချိုရောဂါ အများဆုံး ဖြစ်ပွားနေတာကို တွေ့ရမှာပါ။



■ ဘာကြောင့်ဖြစ်တာလဲ

မြန်မာနိုင်ငံမှာ လူတွေရဲ့ ပြုစားသောက်နေထိုင်တဲ့ ဘ၀ပုံစံတွေကြောင့် ကူးစက်နိုင်တဲ့ ရောဂါတွေထက် မကူးစက်နိုင်တဲ့ ရောဂါအန္တရာယ်တွေက ပိုပြီးကြောက်ဖို့ ကောင်းလာတာ ဖြစ်ပါတယ်။

မကူးစက်ရောဂါ ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းတွေကတော့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထွက်ပစ္စည်းတွေ သောက်သုံးမှု၊ အရက်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့အထိ သောက်သုံးမှု၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေ စားသောက်မှုနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးမှုတို့ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

“ဘာကြောင့်ဖြစ်လဲဆိုရင် လူတွေမှာ သွေးချိုတာတွေ၊ သွေးတိုးတာတွေ၊ အဆီများတာတွေ၊ အ၀လွန်တာတွေ ဖြစ်တယ်။ အဲဒါတွေ ဘာကြောင့်ဖြစ်လဲဆိုရင် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေ၊ ကိုယ်ကာယ လှုပ်ရှားမှုတွေ နည်းလာတယ်။ ဆေးလိပ်တွေ အတားအဆီး မရှိ သောက်နေလို့ အရက်တွေ အတားအဆီးမရှိ သောက်နေလို့ ဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံ ဆီချိုသွေးချိုအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာတင့်ဆွေလတ်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသူတွေ ရဲ့ ၂ ဒသမ ၅ သန်းက ဆီးချိုသွေးချိုရောဂါ ဖြစ်နေပါတယ်။ အဲဒီပမာဏ နှစ်ဆဖြစ်တဲ့ ငါးသန်းကတော့ ဆီးချိုသွေးချိုရောဂါဖြစ်ဖို့ များနေတဲ့ အနေအထားမှာ ရှိနေပါတယ်။

သွေးတိုးသူ ဦးရေကတော့ ၆ ဒသမ ၃ သန်းရှိနေပြီး ကိုလက်စထရောများတဲ့ လူဦးရေကတော့  ၈ ဒသမ ၈  သန်း ရှိနေပါတယ်။ အ၀လွန်သူဦးရေက ၁ ဒသမ ၃ သန်းသာရှိ ပြီး ကိုယ်အလေးချိန်များသူဦးရေကတော့ ၅ ဒသမ ၃ သန်းအထိ ရှိနေပါတယ်။

ဆေးလိပ်သောက်တဲ့ သူက ၆ ဒသမ ၂ သန်းရှိနေသလို ကွမ်းစားတဲ့သူဦးရေက ၁၀ ဒသမ ၃ သန်းမှာ ရှိနေတယ်လို့ သိရပါ တယ်။ အရက်သောက်သုံးသူက ၄ ဒသမ ၇ သန်းရှိ နေပြီး အလွန်အကျွံ သောက်သုံးသူကတော့ ၂ ဒသမ ၄ သန်း ရှိနေပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ ဆီစားသုံးမှုနဲ့ ပတ်သက်လို့ အသီးအရွက်ဆီ စားသုံးသူက ၁ ရာခိုင်နှုန်း၊ မြေပဲဆီစားသုံးသူက ၂၅ ရာခိုင်နှုန်း၊ စားအုန်းဆီစားသုံးသူက ၅၂ ရာခိုင်နှုန်းနဲ့ ရောနှောဆီတွေကို စားသုံးသူက ၂၂ ရာခိုင် နှုန်းရှိတယ်လို့ သိရပါတယ်။

“စားအုန်းဆီများသည် ပြည့်ဝဆီတွေ အများစု သွေးထဲမှာခဲသွားပြီး ကိုလက်စထရောတွေ တက်ပြီး လေဖြတ်ပြီးသေမယ့် အဆီမျိုးကို ကျွန်တော်တို့တိုင်းပြည်မှာ မူဝါဒနဲ့ချပြီးတော့  စိုက်ပျိုးရေးတွေ ချပြီးတော့ တင်သွင်း နေပြီးတော့ ပြည်သူတွေသေနေတာကို သိရော သိကြရဲ့လား” လို့ ပါမောက္ခ ဒေါက်တာ တင့်ဆွေလတ်က ဆိုပါတယ်။

ဒီလို ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအသောက်တွေကို စားသောက်နေရတဲ့ ပြည်သူတွေမှာ အသက် ၃၀ ကနေ ၇၀ မတိုင်မီ စောပြီးသေဆုံးနေရတာက ၂၄ ရာခိုင်နှုန်းရှိတဲ့အတွက် လူလေးယောက်မှာ တစ်ယောက် သေဖို့များနေတယ်လို့ သူက ဆက်ပြောပါတယ်။

“ကျွန်တော်တို့ ပြည်သူလူထုက ကျန်းမာရေးနဲ့ မညီညွတ်တဲ့အတွက်ကြောင့်မိုလို့ အသက် ၃၀ ကနေ အသက် ၇၀ မတိုင်ခင် စော၍ သေဆုံးခြင်းက ၂၄ ရာခိုင်နှုန်း လူလေးယောက်မှာ တစ်ယောက်ကစောပြီး သေဖို့ များနေတယ်။ အခုမြန်မာနိုင်ငံမှာ ဘာရောဂါနဲ့ သေဆုံးနေရလဲဆိုရင် ကင်ဆာ၊ နှလုံးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နာတာရှည် လေဖြတ်ရောဂါ ဒါတွေနဲ့ သေဆုံးနေရပါတယ်။ ဒါကို နိုင်ငံတော်က ကာကွယ်ဖို့ လိုပါတယ်။ ဒါတွေက အစားအသောက်နဲ့ ဆိုင်တယ်” လို့ သူက ဆိုပါတယ်။



■ ဘယ်လို ကာကွယ်မလဲ

မြန်မာနိုင်ငံကို ခြိမ်းခြောက်လာတဲ့ မကူးစက်ရောဂါ အန္တရာယ်တွေနဲ့ ပတ်သက်လို့ ကာကွယ်ဖို့ ဆိုရင် နည်းလမ်းသုံးမျိုးရှိတယ်လို့ ဒေါက်တာတင့်ဆွေလတ်က ဆိုပါတယ်။ အဲဒီ ကာကွယ်ဖို့ နည်းလမ်းသုံးခုကတော့ စောင့်ကြည့်ခြင်း၊ ကာကွယ်တားဆီးခြင်းနဲ့ စီမံခန့်ခွဲခြင်းတို့ပဲ ဖြစ်ပါတယ်။

“ဒါတွေကို ကာကွယ်ဖို့ဆိုရင် နည်းလမ်းသုံးလမ်းပဲလိုတယ်။ ဒီရောဂါတွေ ဘယ်လောက် ဖြစ်နေလဲဆိုပြီး Data  တွေ စောင့်ကြည့်ဖို့ လိုတယ်။ ပြည်သူလူထုကို အစားအသောက် မသန့်ရှင်းခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်ခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်ကာယလှုပ်ရှားမှု နည်းခြင်းဆိုတဲ့ Risk Factors နယ်ပယ်နည်းအောင်လို့  လုပ်ပေးရမယ်။ ဒေသမရွေး၊ ဆင်းရဲချမ်းသာမရွေး ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့်ရအောင် လုပ်နိုင်ဖို့ လိုတယ်” လို့ ဒေါက်တာ တင့်ဆွေလတ်က ပြောပါတယ်။

ဒါ့ပြင် ကျန်းမာရေးနဲ့ ညီညွတ်စေဖို့အတွက်ဆိုရင် နေထိုင်လိုက်နာရမယ့် အချက်ငါးချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားပါတယ်။ အဲဒီအချက်တွေကတော့ (၁) ကျန်းမာရေးကောင်းသော ကိုယ်အလေး ချိန်ဖြစ်ဖို့၊ (၂) ဆီစားသုံးမှုပမာဏလျှော့ချဖို့၊ (၃) ဟင်းသီးဟင်းရွက်နဲ့ အသီးတွေစားဖို့၊ (၄)အချိုလျှော့စားဖို့နဲ့ (၅) အငန်စားသုံးမှု လျှော့ချဖို့တို့ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ အမျိုးသားကျန်းမာရေး စီမံကိန်း (၂၀၁၇-၂၀၂၁) စတင်ဆောင်ရွက်မှု အသိပေးခြင်းအခမ်းအနားကို ပြီးခဲ့တဲ့ မတ် ၃၁ ရက်က  နေပြည်တော်မှာရှိတဲ့ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-2) မှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားရာမှာ “ကျွန်မပြောချင်တာက ပြည်သူများရဲ့ကျန်းမာရေး ကောင်းမွန်ခြင်းသည် နိုင်ငံတစ်ခုအ တွက်လည်း အကောင်းဆုံး လာဘ်လာဘဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ လာဘ်လာဘလို့ပြောတဲ့အခါမှာ အများကပေးတဲ့ လွယ်လွယ်နဲ့ရတဲ့ လာဘ်လာဘမျိုး မဟုတ်ဘဲနဲ့ ဥာဏ်ပညာ၊ ၀ီရိယတို့နဲ့ ယှဉ်တွဲပြီးတော့ စနစ်တကျရယူတဲ့ ဆုလာဘ်မျိုးပဲ ဖြစ်ရပါမယ်။ ဒီလိုအတွေးအခေါ်နဲ့ ကျွန်မတို့ရဲ့ အမျိုးသားကျန်းမာရေးစီမံကိန်းကို ရေးဆွဲထားတာပါ။ စိတ်ကူးယဉ်နဲ့လည်း မဟုတ်ဘူး။ ယေဘုယျအားဖြင့်လည်းမဟုတ်ဘူး။ တစ်နှစ်ပြီးတစ်နှစ် ဘယ်လိုဆက်လက်ပြီး ဆောင်ရွက်သွားမယ်ဆိုတာကို ဆုံးဖြတ်ပြီးတော့ ရေးဆွဲထားတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံအတွက် ပြည်သူပြည် သားများရဲ့ ကျန်းမာရေးဟာ အင်မတန်မှပဲ အရေးကြီးပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ပြည်သူတွေရဲ့ ကျန်းမာရေးက အရေးကြီးတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ပြည်သူတွေရဲ့အသက်ကို ခြိမ်းခြောက်နေတဲ့ မကူးစက်ရောဂါ အန္တရာယ်က တော်တော်ကြောက်ဖို့ကောင်းတဲ့ အနေအထားကို ရောက်ရှိလို့လာနေပြီဖြစ်ပါတယ်။

ကျန်းမာရေး မကောင်းသူတစ်ယောက်ဟာ အလုပ်ကောင်းကောင်း မလုပ်နိုင်တဲ့အတွက် ၀င်ငွေကျဆင်းလာပြီး ရေရှည်ဆေးကုသမှု ခံယူရတဲ့အတွက် ကုန်ကျစရိတ်တွေကြောင့် မိသားစုမှာလည်း စီးပွားရေးကျပ်တည်းလာပါတယ်။

ဒီအတိုင်းသာ မကူးစက်နိုင်တဲ့ရောဂါတွေကြောင့် ကျန်းမာရေးထိခိုက်သူတွေ များလာခဲ့ရင် နိုင်ငံဝင်ငွေကျဆင်းပြီး မြန်မာနိုင်ငံ တိုးတက်မှုက ကျဆင်းလာနိုင်ပါတယ်။

၂၀၁၀ ကနေ ၂၀၃၀ ပြည့်နှစ်အထိ နှစ် ၂၀ အတွင်း မကူးစက်နိုင်တဲ့ရောဂါတွေကြောင့် ကမ္ဘာတစ်ဝန်းလုံးမှာ ကုန်ထုတ်လုပ်မှုလျော့ကျခြင်းနဲ့ ဆေးကုသရခြင်းဟာ အမေရိကန်ဒေါ်လာ ၃၀ ထရီလျံလောက် (ကုဋေသုံး သန်း) ဆုံးရှုံးလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။

ဒါကြောင့် မကူးစက်ရောဂါ ဖြစ်ပွားလာနိုင်တဲ့ အဓိကလမ်းကြောင်းတွေဖြစ်တဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းတွေ သောက်သုံးမှုကိုလျှော့ချဖို့၊ အရက်အလွန်အကျွံ သောက်သုံးမှုကို လျှော့ချနိုင်ဖို့၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ ထုတ်လုပ်ရောင်းချနေမှုကို ထိထိရောက်ရောက် တားဆီးနိုင်ဖို့နဲ့ ပြည်သူတွေ ကိုယ်လက်လှုပ်ရှားမှု လုပ်နိုင်အောင် Public ဧရိယာတွေကို အစိုးရအနေနဲ့ ထိထိရောက်ရောက် အရေးတကြီး လုပ်ဆောင်ပေးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ဆေးခန်းပြပြီးချိန်မှာတော့ ဦးလှသိန်း အိတ်ကပ်ထဲကနေ ငွေကျပ် တစ်သောင်းခွဲလောက်က ဆေးခန်းကောင်တာက အံဆွဲထဲဆီ ခုန်ထွက်သွားပါတယ်။ ကျသင့်ငွေကို ရှင်းပေးပြီး ဆေးခန်းအပြင်ဘက်ကို ရောက်ရှိချိန် မှာတော့ ညက တော်တော်မိုးချုပ်နေပါပြီ။

ဦးလှသိန်းတစ်ယောက် ဆေးထုပ်လေးကိုင်ပြီး သူ့အိမ်ရှိရာဆီ လေးပင်တဲ့ခြေလှမ်းတွေနဲ့ တစ်လှမ်းချင်းလျှောက်ရင်း သူ့အတွေးထဲမှာ ဘာတွေတွေးနေမလဲဆိုတာကို မိတ်ဆွေတို့ သိပါသလား။

“ဒီရောဂါတွေက သူဌေးရောဂါလို့သာ နောက်ပြီးပြောပေမယ့် ဦးက အလုပ်မလုပ်နိုင်တော့ မိသားစုကိုလည်း တော်တော်ထိခိုက်နေပြီ”လို့ သူက ဆိုပါတယ်။
Eleven Media Group

No comments:

Post a Comment