Latest News

Tuesday, June 6, 2017

လန်ဒန်အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများစွာပြုလုပ်

လန်ဒန်အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများစွာပြုလုပ်

လန်ဒန်အကြမ်းဖက် တိုက်ခိုက်မှုကို IS တို့က ၎င်းတို့လက်ချက်ဟု ထုတ်ပြန်ခဲ့ပြီးနောက် ဇွန် ၅ ရက်တွင် ဗြိတိန်ရဲများသည် ၀င်စီးမှုများ ထပ်မံပြုလုပ်ပြီး လူအချို့ကို ဖမ်းဆီးထားသည်ဟု သိရသည်။

ဇွန် ၃ ရက်ညက လန်ဒန်တံတားအနီးရှိ ညပိုင်းလူစည်ကားရာနေရာတွင် လမ်းသွားလမ်းလာများကို ဗင်ကားတစ်စီးက ၀င်တိုက်ခဲ့မှုဖြစ်ပေါ်ခဲ့သည်။ ထို့နောက် အဆိုပါဗင်ကားပေါ်မှ အသေခံဗုံးခွဲဝတ်စုံအတုများကို ၀တ်ဆင်ထားသည့် လူသုံးဦးဆင်းလာကာ လူများကိုဓားဖြင့် လိုက်လံထိုးခဲ့ကြသည်။ ယင်းဖြစ်စဉ်အတွင်း လူခုနစ်ဦးသေဆုံးပြီး တိုက်ခိုက်သူသုံးဦးမှာ ရဲများ၏ပစ်သတ်ခြင်းကို ခံခဲ့ရသည်။ ဒဏ်ရာရပြီး ဆေးရုံတွင် ဆေးကုသခံနေရသူ ၄၈ ဦးရှိပြီး ၎င်းတို့အနက် ၂၁ ဦးမှာ စိုးရိမ်ရဆဲအခြေအနေတွင် ရှိနေသေးသည်။

ရဲများသည် လန်ဒန်အရှေ့ပိုင်း၌ နံနက်အစောပိုင်းအချိန် ၀င်စီးမှုနှစ်ခုလုပ်ဆောင်ခဲ့ပြီးနောက် လူအချို့ကို ဖမ်းဆီးခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။ “သူတို့တစ်တွေဟာ တစ်စုံတစ်ဦးအတွက် လုပ်ဆောင်ပေးနေခဲ့ခြင်းရှိမရှိဆိုတာ သဘောပေါက်နားလည်ဖို့ဆိုတာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ ဦးစားပေးကိစ္စပါပဲ” ဟု လန်ဒန်ရဲချုပ် ခရီဆီဒါဒစ်က ဘီဘီစီရုပ်သံသို့ ပြောကြားခဲ့သည်။ လမ်းသွားလမ်းလာများကို ၀င်တိုက်ခဲ့သည့် ဗင်ကားကို ရဲများကဂရုတစိုက်လေ့လာခဲ့ကြပြီးနောက် မှုခင်းဆေးပညာဆိုင်ရာ ပစ္စည်းအမြောက်အမြား သိမ်းဆည်းမိခဲ့သည်ဟုလည်း ဒစ်က ပြောကြားခဲ့သည်။

ယခုအကြမ်းဖက်တိုက်ခိုက်မှုသည် ဗြိတိန်တွင် အထွေထွေရွေးကောက်ပွဲ မကျင်းပမီ ရက်အနည်းငယ်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့သော်နိုင်ငံရေးပါတီများက အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရသူများကို လေးစားဂုဏ်ပြုသောအားဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များကို တစ်ရက်ကြာ ရပ်နားထားပေးခဲ့ကြပြီး ဇွန် ၅ ရက်တွင် ပြန်လည်စတင်ခဲ့သည်။

ဇွန် ၄ ရက်တွင် ရဲများ၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြချက်အရ အရှေ့လန်ဒန်ရှိ ဘက်ကင်ဆင်ခြေဖုံးရပ်ကွက်ထဲမှ လိပ်စာနှစ်ခုကို ၀င်စီးခဲ့ကြရာတွင် လူ ၁၁ ဦးကိုဖမ်းဆီးမိခဲ့သည်ဟု သိရသည်။ “IS အဖွဲ့ရဲ့တပ်ဆွယ်တစ်ခုရဲ့ တိုက်ခိုက်ရေးသမားတွေက လန်ဒန်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု IS ဂျီဟတ်တို့နှင့် ဆက်နွှယ်မှုရှိသော Amaq သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသူ ခုနစ်ဦးတွင် ကနေဒါတစ်ဦး၊ ပြင်သစ်တစ်ဦးပါဝင်ပြီး ဒဏ်ရာရသူများထဲတွင် ပြင်သစ်ခုနစ်ဦးပါဝင်သည်။ သတင်းရရှိပြီးနောက် ရောက်လာကြသည့် ရဲရှစ်ဦးသည် တိုက်ခိုက်သူသုံးဦးကို မကြုံစဖူးကျည် အချက်ပေါင်း ၅၀ ပစ်ခတ်ခဲ့ကြပြီး ရပ်ကြည့်သူတစ်ဦးပင် သေနတ်ဒဏ်ရာတစ်ချက်ရသွားသည်ဟု သိရသည်။ တိုက်ခိုက်သူသုံးဦးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မသိရသေးပေ။ ဗြိတိန်ဝန်ကြီးချုပ်က လန်ဒန်အကြမ်းဖက်တိုက်ခိုက်မှုကို လူငါးဦးသေစေခဲ့သော မတ်လက ၀က်စ်မင်စတာတိုက်ခိုက်မှု၊ လူ ၂၂ ဦးကိုသေစေခဲ့သည့် မေ ၂၂ ရက်က မန်ချက်စတာ အသေခံဗုံးခွဲမှုဖြစ်စဉ်တို့၏ နောက်ကွယ်မှ အစ္စလာမ္မစ်အစွန်းရောက်တို့၏ မကောင်းဆိုးဝါး အတွေးအမြင်သဘောတရားကပင် လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

မန်ချက်စတာ တိုက်ခိုက်မှုပြီးနောက် ဗြိတိန်၏ အကြမ်းဖက် ခြိမ်းခြောက်မှုအဆင့်ကို အမြင့်ဆုံးအခြေအနေအထိ တိုးမြှင့်လိုက်ပြီး အဓိကအများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ တပ်ဖွဲ့ဝင်များချထားခဲ့သည်။

Eleven Media Group

No comments:

Post a Comment