Latest News

Thursday, June 15, 2017

တောင်ကျရေ ကျဆင်းမှုကြောင့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတို့တွင် လျှပ်တစ်ပြက်ရေကြီးမှုများ ဖြစ်လာနိုင်သည့်အတွက် အထူးသတိပြုရန် ထုတ်ပြန်

တောင်ကျရေ ကျဆင်းမှုကြောင့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတို့တွင် လျှပ်တစ်ပြက်ရေကြီးမှုများ ဖြစ်လာနိုင်သည့်အတွက် အထူးသတိပြုရန် ထုတ်ပြန်

တောင်ကျရေ ကျဆင်းမှုကြောင့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတို့တွင် လျှပ်တစ်ပြက်ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် အထူးသတိပြုရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ဇွန် ၁၅ ရက်က အသိပေးထုတ်ပြန်မှု ပြုလုပ်ခဲ့သည်။

ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည့် အချိန်ကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ပုံမှန်ရေကြီးရေလျှံခြင်းမျိုး သာမက မိုးသည်းထန်စွာ ရွာသွန်းရာမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သည့် လျှပ်တစ်ပြက် ရေကြီးခြင်းများ၊ မြေပြိုမှုများနှင့်ပတ်သက်၍လည်း သတိထားရန်လိုအပ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၊ တောင်ပေါ်ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းပါက တောင်ကျရေကျဆင်းမှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သော စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးတို့ တွင် လျှပ်တစ်ပြက် ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်သည်ကို အထူးသတိပြုရမည်ဖြစ်ကြောင်း သိရသည်။

ကြိုတင်စီမံပြင်ဆင်ထားမှုများ ဆောင်ရွက်ထားနိုင်ရန် အကြံပြုချက်အရ မိုးလေ၀သ သတင်းများကို စဉ်ဆက်မပြတ်နားထောင်ရန်၊ မိသားစုဝင်အချင်းချင်းသော်လည်းကောင်း၊ အိမ်နီးချင်းများနှင့်သော်လည်းကောင်း ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ အသင့်ရှိနေစေရန် တိုက်တွန်းထားသည့်အပြင် မိသားစုများ၊ အရေးပေါ်ပြောင်းရွှေ့နိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ်ထားရန်လိုကြောင်း သိရသည်။

ထို့ပြင် ရေစိုပျက်စီးနိုင်သောအရာများကို ခြောက်သွေ့၍ မြင့်သောနေရာတွင် ထားရှိရန်၊ သောက်သုံးရေများ ကြိုတင်စုဆောင်း ထားရှိရန်၊ မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်း အစရှိသည့် ရေလွှမ်းမိုးပါက အန္တရာယ်ဖြစ်စေနိုင်သော နေရာများကို မြင်သာသော အမှတ်အသားထားရှိရန်၊ အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ ငှက်ပျောတုံး၊ သစ်တုံး၊ ကားတာယာကျွတ် အစရှိသည့် အရေးပေါ် အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်ကြောင်း အကြံပြုထားသည်။

တောင်ပေါ်ဒေသများ၊ ချောင်းဖျား၊ မြစ်ဖျားများတွင် မိုးကြီးပါက ရွေးချယ်ထားသော ဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့ခိုလှုံရန်၊ ရေကြီးဒေသများတွင် မြစ်၊ ချောင်းကမ်းပါး တိုက်စားပြီး ပြိုကျတတ်သောကြောင့် မြစ်၊ ချောင်းကမ်းပါးအနီးသို့ မသွားရန်၊ ရေထဲတွင် မလိုအပ်ဘဲ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းများ မပြုလုပ်ရန်၊ ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုရန် တိုက်တွန်းထားသည်။                

အောင်ရဲကို

Eleven Media Group

No comments:

Post a Comment