Latest News

Friday, June 23, 2017

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းသို့ သြစတြေးလျက သူလျှိုလေယာဉ်များ စေလွှတ်

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းသို့ သြစတြေးလျက သူလျှိုလေယာဉ်များ စေလွှတ်

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသည့် အစ္စလာမ္မစ် စစ်သွေးကြွတို့ကို နှိမ်နင်းရာတွင် သြစတြေးလျက အကူအညီပေးသည့် အနေဖြင့် သြစတြေးလျ၏ သူလျှိုလေယာဉ်များ၏ စစ်ဆင်ရေး စတင်တော့မည်ဖြစ်ကြောင်း သြစတြေးလျအစိုးရအဖွဲ့က ဇွန် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မင်ဒါနာအိုပြည်နယ်၊ မာရာဝီမြို့ထဲတွင် IS အဖွဲ့၏ ဆက်စပ်နေသော တိုက်ခိုက်ရေးသမားများနှင့် ဖိလစ်ပိုင်စစ်တပ်တို့ အကြား စစ်ပွဲသည် တစ်လကျော် ကြာမြင့်လာပြီ ဖြစ်သည့်အပြင် သေဆုံးသူဦးရေမှာလည်း ရာနှင့်ချီ များပြားလာပြီဖြစ်သည်။

ထိုစဉ် ဖိလစ်ပိုင်အစိုးရနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ခုအား တိုးချဲ့လုပ်ဆောင်နေသည့် သြစတြေးလျက ဖိလစ်ပိုင်စစ်တပ်ကို AP-3 C Orion နည်းပညာမြင့် လေယာဉ်နှစ်စင်းဖြင့် ထောက်လှမ်းရေးကဏ္ဍမှ ပံ့ပိုးပေးမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒေသတွင်းက အကြမ်းဖက်ခြိမ်းခြောက်မှု အထူးသဖြင့် IS နဲ့ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေဟာ သြစတြေးလျနိုင်ငံနဲ့ နိုင်ငံရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်” ဟု သြစတြေးလျ ကာကွယ်ရေးဝန်ကြီး မာရိုက်ပေးနီက ပြောကြားခဲ့သည်။ “အကြမ်းဖက်မှုတွေကို တုံ့ပြန်ဖို့ သြစတြေးလျဟာ အရှေ့တောင်အာရှက မိတ်ဖက်တွေနဲ့ဆက်ပြီး လက်တွဲသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပေးနီသည် မကြာသေးမီကပင် သြစတြေးလျဘက်မှ မည်သို့ ကူညီပေးနိုင်မည့် အကြောင်းကို ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒယ်ဖင်လိုရန်ဇာနာနှင့် ဆွေးနွေးခဲ့ပြီး ဒေသတွင်းမှ အကြမ်းဖက်မှုကို နှိမ်နင်းရန် အကောင်းဆုံးနည်းလမ်းမှာ အတူတကွ လက်တွဲလုပ်ဆောင်ခြင်းဖြစ်ကြောင်း သဘောတူညီချက် ရရှိခဲ့သည်ဟု သိရသည်။

ဘက်စုံ အသုံးပြုနိုင်သော AP-3C Orion လေယာဉ်ကို ပုံမှန်အားဖြင့် ရေကြောင်းကင်းလှည့်ရာတွင် သုံးလေ့ရှိသည်။ ၂၀၁၄ ခုနှစ်က သြစတြေးလျ ကမ်းလွန်ရှိ အိန္ဒိယသမုဒ္ဒရာတွင် ပျောက်ဆုံးသွားသော မလေးရှားလေကြောင်းလိုင်းမှ MH370 လေယာဉ်အား ရှာဖွေရာတွင်လည်း Ap-3C Orion လေယာဉ်များက အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

Ref: AFP

Eleven Media Group

No comments:

Post a Comment