Latest News

Saturday, June 3, 2017

ချန်ပီယံလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်တဲ့ အသင်းအဖြစ် သမိုင်းသစ် ရေးထိုးခဲ့တဲ့ ရီးယဲလ်မက်ဒရစ်

ချန်ပီယံလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်တဲ့ အသင်းအဖြစ် သမိုင်းသစ် ရေးထိုးခဲ့တဲ့ ရီးယဲလ်မက်ဒရစ်

၂၀၁၆-၁၇ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဝေးလ်စ်ရဲ့ မြို့တော် ကာဒစ်ဖ်မြို့ရှိ Millennium ကွင်းမှာ ဂျူဗင်တပ်စ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်း က (၄-၁) ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဂိုးသမားအဖြစ် ဘူဖွန်၊ နောက်တန်းမှာ ဘာဇာဂလီ၊ ဘိုနူချီ၊ ချီလီနီ၊ ကွင်းလယ်မှာ အဲလ်ဗတ်စ်၊ ယာနစ်၊ ခီဒီရာ၊ အဲလက်စ်ဆန်ဒရို၊ ရှေ့တန်းမှာ ဒီဘားလား၊ ဟီဂွါအင်၊ မန်ဇူကစ် တို့ကို ပွဲထုတ်ခဲ့ပါတယ်။


ရီးယဲလ်မက်ဒရစ်အသင်းကလည်း ဂိုးသမား နာဗတ်စ်၊ နောက်တန်းမှာ ကာဗာဟယ်လ်၊ ဗာရန်း၊ ရာမို့စ်၊ မာဆယ်လို၊ ကွင်းလယ်မှာ ကရူးစ်၊ ကက်စမဲရိုး၊ မိုဒရစ်၊ အစ္စကို၊ ရှေ့တန်းမှာ စီရော်နယ်လ်ဒို၊ ဘန်ဇီမာတို့နဲ့ ပွဲထွက်လာပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ပွဲအစမှာ တိုက်စစ်ဖွင့် ကစားခဲ့ပြီး ရီးယဲလ်မက်ဒရစ် ဂိုးသမား နာဗတ်စ်ကို အလုပ်ရှုပ်စေခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ကစားကွက် တည်မိဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပေမယ့် အဖွင့်ဂိုးကိုတော့ ရီးယဲလ်မက်ဒရစ်အသင်းပဲ ရခဲ့တာပါ။

မိနစ်၂၀ မှာ စီရော်နယ်လ်ဒိုက ညာအစွန် နောက်ခံလူ ကာဗာဟယ်လ်နဲ့ အပေးအယူလုပ်ကာ ပယ်နယ်တီ ဧရိယာထိပ်ကနေ ညာခြေနဲ့ အပိုင်ကန်သွင်းပြီး ရီးယဲလ်မက်ဒရစ်အသင်း အဖွင့်ဂိုးရခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဦးဆောင်ဂိုးက ကြာကြာမခံခဲ့ဘဲ ၂၇ မိနစ်မှာ ဂျူဗင်တပ်စ်အသင်း ချေပဂိုး ပြန်ရသွားပါတယ်။ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဟီဂွါအင် ပေးပို့တဲ့ ဘောလုံးကို တွဲဖက်တိုက်စစ်မှူး မန်ဇူကစ်က တစ်ချက်ထိန်းကာ နောက်ပြန်ကန်ချက်နဲ့ လှလှပပ သွင်းယူသွားခဲ့တာပါ။

ပထမပိုင်းမှာ အပြန်အလှန်ရှိပေမယ့် ဒုတိယပိုင်းကတော့ ရီးယဲလ်မက်ဒရစ်ရဲ့ပွဲ ဖြစ်သွားပါတယ်။ ဒုတိယပိုင်းမှာ ဂျူဗင်တပ်စ်က ခံစစ်စိတ် ယိုင်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းကို စိတ်ကြိုက် ထိုးဖောက်ခွင့် ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။

၆၁ မိနစ်မှာတော့ ရီးယဲလ်မက်ဒရစ် ကွင်းလယ်လူ ကက်စ်မဲရိုးရဲ့ အဝေးကန်ချက် ဂျူဗင်တပ်စ် ကွင်းလယ်လူ ခီဒီရာနဲ့ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးသွားခဲ့ပါတယ်။ နောက်ထပ် ၃ မိနစ်အကြာမှာ မိုဒရစ် ဖြတ်ချိုးပေးတဲ့ ဘောလုံးကို စီရော်နယ်လ်ဒို ပိတ်သွင်းပြီး ရီးယဲလ်မက်ဒရစ် နောက်ထပ် ဦးဆောင်ဂိုး ရခဲ့ပြန်ပါတယ်။

ဗိုလ်လုပွဲ မတိုင်ခင်မှာ အကောင်းဆုံးခံစစ်ဖြစ်ခဲ့တဲ့ ဂျူဗင်တပ်စ် ခံစစ်ဟာ ရီးယဲလ်မက်ဒရစ် တိုက်စစ်ကို ဂိုးတွေ ဆက်တိုက်ပေးလိုက်ရပြီး စိတ်ဓာတ်ပိုင်းလည်း ယိမ်းယိုင်သွားခဲ့ပါတယ်။

ကွာဒရာဒို၊ မာခီစီယို၊ လီမီနာတို့ကို ထည့်သွင်းပြီး ကစားကွက် အပြောင်းအလဲ လုပ်ခဲ့ပေမယ့် ပြန်လည်တည့်မတ် မလာပါဘူး။ ၈၄ မိနစ်မှာ လူစားဝင်ကစားသမား ကွာဒရာဒို (၂)၀ါ(၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဂျူဗင်တပ်စ် ပိုတောင် အားလျော့သွားခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အတွက် ပွဲသိမ်းဂိုးကိုတော့ လူစားဝင်ကစားသမား အဆန်စီယိုက မာဆယ်လို ခင်းပေးတဲ့ ဘောလုံးကို မိနစ် ၉၀ မှာ အဆုံးသတ် သွင်းယူခဲ့တာပါ။


ရီးယဲလ်မက်ဒရစ်အသင်းက အသင်းသမိုင်းမှာ ၁၂ ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးခဲ့တာဖြစ်ပြီး အခြား ဘယ်အသင်းထက်မဆို ၅ ကြိမ် သာနေပါတယ်။ ချန်ပီယံလိဂ်လို့ နာမည်ပြောင်းလဲခဲ့တဲ့ ၁၉၉၂ ခုနှစ် နောက်ပိုင်းမှာလည်း ချန်ပီယံဆုကို ကာကွယ်နိုင်တဲ့ ပထမဆုံးအသင်းအဖြစ် သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ အရှုံးသမားအဖြစ်ကနေ ရုန်းမထွက်နိုင်ခဲ့ဘဲ နောက်ဆုံး တက်ရောက်ခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ (၅)ကြိမ်စလုံးကို ရှုံးနိမ့်ခဲ့တာပါ။

ဒီဗိုလ်လုပွဲမှာ ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်လ်ဒိုကတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ သွင်းဂိုး (၁၂) ဂိုးရှိခဲ့ပြီး ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ (၁၁ ဂိုး)ကို ကျော်ဖြတ်ကာ ဂိုးသွင်းဘုရင် ဖြစ်ခဲ့ပါတယ်။

■ ပွဲရလဒ်

ဂျူဗင်တပ်စ် ၁-၄ ရီးယဲလ်မက်ဒရစ်

Eleven Media Group

No comments:

Post a Comment