ကမ္ဘာပေါ်က ယောက်ျားသားအများကို အားကျစေသတဲ့။
လောလောလတ်လတ်သမ္မတအဖြစ် အရွေးခံထားရတဲ့
ပြင်သစ်သမ္မတ Macronရဲ့အချစ်ဇာတ်လမ်းက
ကမ္ဘာပေါ်က မိန်းမသားအများကို ခံစားသက်ဝင်စေသတဲ့။
ဘာဖြစ်လို့လဲ....
ထရန့်က သူ့ထက် ၂၃ နှစ်ငယ်တဲ့မိန်းမကို ရထားသလို
Macronက သူ့ထက် ၂၄နှစ်ကြီးတဲ့မိန်းမကို ယူထားလို့ပါပဲ...
ပြင်သစ်စံတော်ချိန် မေလ ၇ရက်နေ့မှာ ပြင်သစ်သမိုင်းမှာ အသက်အငယ်ဆုံးသမ္မတအဖြစ် အရွေးခံခဲ့ရတဲ့ Macron ဟာ အထက်တန်းကျောင်းသားဘဝ အသက် ၁၅-၁၆ နှစ်အရွယ်မှာ သူ့ရဲ့ပြင်သစ်ဘာသာသင်ဆရာမ Brigitte Trogneuxကို ကြိုက်နှစ်သက်ခဲ့သတဲ့။ အဲဒီတုန်းက Brigitteက အသက် ၄ဝအရွယ်၊ ကလေးသုံးယောက်အမေဖြစ်သလို သူ့ကလေးတစ်ယောက်က Macron ရဲ့ အတန်းဖော်သူငယ်ချင်းဖြစ်တယ်။
ပြင်သစ်ဟာ ဘယ်လောက်ပဲ ရိုမန်တစ်ဆန်တဲ့တိုင်းပြည်ဖြစ်နေပါစေပေါ့.. ဆရာနဲ့ကျောင်းသားချစ်ကြိုက်တာကိုတော့ အများကလက်မခံခဲ့ကြပါဘူး။ ဆရာနဲ့ ကျောင်းသားဖြစ်တဲ့အပြင် အသက်ကလည်း အကွာကြီးကွာတော့ ပိုဆိုးတာပေါ့။ ဒါကို Macron မိဘတွေကလည်း ဘဝင်မကျခဲ့လို့ သားကို ပဲရစ်ပို့ပစ်လိုက်တယ်။ ပဲရစ်ကိုမသွားခင်မှာ Macron က သူ့ဆရာမကို "တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဘာပဲဖြစ်နေပါစေ... ဆရာမကို ကျွန်တော်ယူမယ်" လို့ပြောခဲ့တယ်။
စိတ်ကစားတဲ့အရွယ် ဆယ်ကျော်သက်တစ်ယောက်ပြောတဲ့စကားကို ဆရာမနားထောင်ရုံပဲ နားထောင်ခဲ့တယ်။ တစ်ချိန်ကျရင် သူကြိုက်တဲ့ကောင်မလေးကိုတွေ့ရင် ပွဲပြီးသွားမှာပဲပေါ့။ ဒါကြောင့် Macron ပြောတဲ့စကားကို စိတ်မလှုပ်ရှားမိခဲ့ပါဘူး။ ပဲရစ်မှာကျောင်းတက်နေတဲ့ Macron က အချိန်အားတာနဲ့ သူ့ဆရာမဆီ ဖုန်းဆက်တတ်ခဲ့တယ်။ ဆက်တိုင်းလည်း နာရီအတန်ကြာစကားပြောဖြစ်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ အရွယ်တဖြည်းဖြည်းကြီးပြင်းလာတဲ့ Macron ဟာ တခြားသူထက် ပိုကြိုးစားခဲ့တယ်။ ၁၇ နှစ်အရွယ်တည်းက သူဘာဖြစ်ချင်တယ်၊ ဘယ်သူ့ကိုချစ်ချင်တယ်၊ ဘာလမ်းကိုလျှောက်ချင်တယ်၊ ဘယ်လိုရှုခင်းကို ကြည့်ချင်တယ်ဆိုတဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရှိနေခဲ့ပြီ။
သူ့ဆရာမကို ယူဖို့ သူ့လက်ရှိဘဝကို ပိုကောင်း၊ ပိုတိုးတက်အောင်လုပ်မယ်ဆိုတာ သူသိနေခဲ့တယ်။ ဒါကြောင့် သူကြိုးစားခဲ့တယ်။ မာစတာတန်းပြီးတော့ အလုပ်မျိုးစုံဝင်လုပ်ခဲ့တယ်။
ဖူးစာဆိုတာ တစ်ပတ်လည်တတ်သလား..... Macron ဟာ သူ့ဆရာမကိုယူဖို့ အရည်အချင်းရှိသူတစ်ယောက်ဖြစ်လာတဲ့အချိန် အသက်၂၉နှစ်မှာ ပဲရစ်ကပွဲတစ်ခုမှာ အသက် ၅၃နှစ်ရှိပြီဖြစ်တဲ့ ယောက်ျားနဲ့ကွာရှင်းထားတဲ့ သူ့ဆရာမBrigitteနဲ့ ပြန်တွေ့ခဲ့တယ်။
"ဆရာမကို ကျွန်တော်ယူမယ်" ဆိုတဲ့စကားက ၁၄နှစ်အကြာမှာ တကယ်ပဲ ရိုမန်တစ်ဆန်ဆန် အကောင်အထည်ပေါ်ခဲ့ပါတယ်။ သူတို့မင်္ဂလာဆောင်တော့ Macronက အသက် ၃ဝ၊ Brigitteက အသက် ၅၄နှစ်....
အသက်အရွယ်ကွာဟတဲ့ ဒီစုံတွဲကို လူတိုင်းကောင်းချီးမင်္ဂလာမပေးပါဘူး။ သူတို့ပတ်ဝန်းကျင်မှာ ဝေဖန်သံတွေ ညံခဲ့မှာပါပဲ။ ဒါပေမယ့် မင်္ဂလာသက်တမ်း ၁ဝနှစ်ပြည့်တဲ့ ဒီနေ့ဒီအချိန်ထိ Macron ဟာ ဘယ်ရောက်ရောက် Brigitte လက်ကိုတွဲလို့.. လူတွေရှေ့မှာ နမ်းရှုံ့လို့...
မဲဆွယ်ကာလမှာ Brigitteက Macronရဲ့လမ်းညွှန်သူအဖြစ်၊ အားပေးဖေးမသူ၊ မဲဆွယ်သူ အဖြစ်လိုက်ပါလို့... နုပျိုတဲ့Macronအနားမှာရပ်နေတဲ့ Brigitteက ရုပ်ရည်အိုမင်းနေမှန်းသိသာပေမယ့် မိန်းမငယ်လေးတစ်ယောက်လို တက်တက်ကြွကြွပါပဲ။ အမျိုးသမီးတစ်ယောက်ဟာ သူ့အိမ်ထောင်ရေးချမ်းမြေ့ မချမ်းမြေ့၊ သာမသာယာဆိုတာ သူ့မျက်နှာမှာ အားလုံးပေါ်နေပါတယ်။
ဒါတွေကပဲ အချစ်ရဲ့ပုံစံ၊ အချစ်ရဲ့သဏ္ဍာန်ဖြစ်မယ်ထင်ပါတယ်။ သူတို့ရဲ့အချစ်က အသက်အရွယ်ကြောင့်၊ နေရာဒေသကြောင့်၊ ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲမသွားခဲ့ပါဘူး။
အခုချိန်မှာတော့ Macronဟာ သူ့ကတိအတိုင်း သူချစ်တဲ့ သူ့ဆရာမကိုယူပြီး ပြင်သစ်သမ္မတကတော်အဖြစ် ချီးမြှောက်နိုင်ခဲ့ပါပြီ။
ရိုမန်တစ်ဆန်တဲ့အချစ်ဆိုတာ ချစ်စကား၊ ကြိုက်စကားတွေ နေ့တိုင်းပြောနေတာမျိုး မဟုတ်သလို နှင်းဆီပန်းစည်းတွေ အမြဲဆက်သနေတာမျိုးလည်း မဟုတ်ပါဘူး။ "နင့်ကိုချစ်တယ်" ဆိုတဲ့စကားကို နှစ်များစွာကြာသည့်တိုင် ပြောရမငြီးတာပဲဖြစ်တယ်။ ပြီးတော့ "နင့်ကိုချစ်လို့ ပိုကောင်း ပိုတိုးတက်အောင် ငါကြိုးစားတယ်" ဆိုတာပဲဖြစ်ပါတယ်။
Credit - NineNineSaNay
No comments:
Post a Comment