Latest News

Friday, June 2, 2017

ရခိုင်ပြည်နယ်တွင် မိုရာမုန်တိုင်းကြောင့် ပညာရေးနှင့် ပတ်သက်သည့် အဆောက်အအုံ ၄၄၀ ကျော် ပျက်စီးပြီး လုံးဝပျက်စီးသွားသော ကျောင်း ၁၀ ကျောင်းကျော် ရှိကြောင်း သိရ

ရခိုင်ပြည်နယ်တွင် မိုရာမုန်တိုင်းကြောင့် ပညာရေးနှင့် ပတ်သက်သည့် အဆောက်အအုံ ၄၄၀ ကျော် ပျက်စီးပြီး လုံးဝပျက်စီးသွားသော ကျောင်း ၁၀ ကျောင်းကျော် ရှိကြောင်း သိရ

ရခိုင်ပြည်နယ်အတွင်း မိုရာမုန်တိုင်းဒဏ်ကြောင့် ပညာရေးနှင့် ပတ်သက်သည့် အဆောက်အအုံ ၄၄၀ ကျော် ပျက်စီးပြီး လုံးဝပျက်စီးသွားသော ကျောင်း ၁၀ ကျောင်းကျော် ရှိကြောင်း သိရသည်။

ထိုပျက်စီးမှုများတွင် တစ်ကျောင်းလုံး ပျက်စီးသွားသည့်ကျောင်းမှာ တစ်ကျောင်းတည်းသာရှိပြီး အများစုမှာ ခေါင်မိုးလန် ပျက်စီးခြင်းဖြစ်ကြောင်း၊ ကျောင်းသူကျောင်းသားများ ပညာသင်ကြားနိုင်ရေးအတွက် အရေးပေါ် ဆောင်ရွက်လျက်ရှိပြီး မကြာမီရက်ပိုင်းအတွင်း အပြီးသတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။

“ကျွန်တော်တို့ လောလောဆယ် ရရှိထားတဲ့စာရင်းအရ ဆိုရင်တော့ ပျက်စီးသွားတဲ့ ပညာရေးနဲ့ပတ်သက်တဲ့ အဆောက်အအုံပေါင်း ၄၄၀ ကျော် ရှိတယ်လို့ သိရတယ်။ ခေါင်မိုးလန် ပျက်စီးသွားတာပေါ့။ အဲဒီအထဲ စာသင်ကျောင်းလည်းပါမယ်။ ကျောင်းခြံဝင်းအတွင်း တခြားဆရာ၊ ဆရာမအဆောင်တွေလည်းပါတယ်။ ဒါပေမဲ့ လုံးဝပျက်စီးသွားတာကတော့ ၁၀ ကျော်လောက်တော့ ရှိတယ်ပေါ့။ ဇွန် ၂ ရက် စာရင်းအရ ပြောတာပါ။ နောက်ထပ်လည်း စာရင်းမရသေးတဲ့ကျောင်းတွေရှိတယ်။ အဲဒါကိုလည်း စာရင်းပြုစုနေဆဲ ဖြစ်ပါတယ်။ တိုးလာနိုင်ခြေလည်း ရှိပါတယ်။ ဒါပေမဲ့ ပညာသင်ကြားနိုင်ခြင်း မရှိသေးတဲ့ ကျောင်းရယ်လို့တော့ ကျွန်တော်တို့ဆီကို စာရင်းတက်လာတာမျိုး မရှိသေးဘူး။ ရှိလာရင်လည်း ပြောပါမယ်” ဟု ပြည်နယ်ပညာရေးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဇော်ထွန်းက ပြောကြားသည်။

မိုရာမုန်တိုင်းကြောင့် မောင်တောခရိုင်အတွင်း စာသင်ကျောင်း ၂၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုသို့ စာသင်ကျောင်းများပျက်စီးမှု စာရင်းကို ကွင်းဆင်းကောက်ယူနေပြီး စာရင်းအပြည့်အစုံ မရှိသေးဘဲ ဇွန် ၁ ရက်အထိ ကောက်ယူရရှိသည့် စာရင်းသာဖြစ်ကြောင်း သိရသည်။

မိုရာမုန်တိုင်းကြောင့် မောင်တောမြို့နယ်အတွင်း စာသင်ကျောင်း ၁၁၀ ပျက်စီးခဲ့ကာ ကျောင်းဆောင်ပေါင်း ၂၁၀ ပျက်စီးခဲ့ပြီး ကျောင်းဆောင်း ၅၀ မှာ လုံးဝပြင်ဆင်၍ မရနိုင်တော့သဖြင့် အသစ်ပြန်လည် တည်ဆောက်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

“စာရင်းတွေက မစုံသေးဘူး။ အခုရထားတဲ့ စာရင်းအရဆိုရင် စာသင်ကျောင်း ၁၁၀ ပျက်စီးတယ်။ ကျောင်းဆောင်က ၂၁၀ ကျော်တယ်။ အဆောင် ၅၀ လောက် လုံးဝပြုပြင်မရတော့ဘူး။ အသစ်ပြန်ဆောက်ရမယ်။ ကျန်တဲ့အဆောင်တွေကတော့ အမိုးလန်တာ၊ သွပ်အချပ် ၂၀ ကနေ အချပ် ၂၀၀ အထိ ပျက်စီးတာရှိတယ်” ဟု မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ဆိုသည်။

ထိုသို့ပျက်စီးမှုများထဲတွင် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ပိုများသည်ကို တွေ့ရကြောင်း၊ အချို့ကျောင်းများတွင် နေရာရွှေ့ပြောင်း သင်ကြားနေရသည်များရှိကြောင်း သိရသည်။

“ကျောင်းတွေအားလုံးကို ဆရာ၊ ဆရာမတွေ အားလုံးရောက်ရှိ ဖွင့်လှစ်ထားပါပြီ။ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ကျောင်းတွေမှာ ကလေးတွေ ပုံမှန်စာသင်ကြားနိုင်အောင် စီမံထားတယ်။ ကျောင်းဆောင်တချို့တစ်ဝက် ပျက်သွားတဲ့ကျောင်းတွေမှာ တစ်သုတ်တက်ကနေ နှစ်သုတ်ခွဲပြီးသင်မယ်။ လုံးဝပျက်စီးသွားတဲ့ တိုင်းရင်းသားကျောင်းတွေမှာဆို ဘာသာရေး အဆောက်အအုံတွေမှာ သင်မယ်။ ကျောင်းပျက်စီးသွားလို့ စာမသင်ရမဖြစ်အောင်အတွက် ဌာနက အမြန်ဆုံး ပြုပြင်နိုင်အောင် စီမံဆောင်ရွက်နေပါတယ်” ဟု မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ပြောကြားသည်။

ဇွန် ၁ ရက်အထိ ရရှိသောစာရင်းအရ ဘူးသီးတောင်မြို့နယ်အတွင်း ပျက်စီးခဲ့သည့် ကျောင်းပေါင်း ၉၈ ကျောင်းရှိပြီး လုံးဝပျက်စီးသည့်ကျောင်း ၁၇ ကျောင်း ပါဝင်ကြောင်း၊ ကျောင်းဆောင် ၁၆၅ ဆောင်အထိ ပျက်စီးခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ပျက်စီးသည့်ကျောင်းစာရင်းကို ဆက်လက်စုဆောင်းနေပြီး ကျောင်းများကိုလည်း ဇွန် ၁ ရက်တွင် ၇၅ ရာခိုင်နှုန်းအထိ ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးညွန့်ဖေက ပြောကြားသည်။

သန်းလှိုင်၊ သားရွှေဦး

Eleven

No comments:

Post a Comment