Latest News

Friday, June 2, 2017

အကျင့်လေးတော့ ပြင်ကြပါ - ဆောင်းပါး

အကျင့်လေးတော့ ပြင်ကြပါ - ဆောင်းပါး

အမေ့ကို သတိရလို့ သား စာရေးလိုက်တာပါ အမေ။

အခုဆို အမေဆုံးတာ ၁၃ နှစ်တောင် ရှိပြီပဲ။

အမေဟာ အင်မတန် ခေတ်မီတယ်။ အိမ်အလုပ်တွေကိုလည်း လုပ်တယ်။ မဂ္ဂဇင်းစာအုပ်တွေ၊ ၀တ္ထုစာအုပ်တွေကိုလည်း ဖတ်တယ်။ ဂျာနယ်ထွက်လာတဲ့ ခေတ်မှာလည်း ဂျာနယ်တွေကို ဖတ်တယ်။ ပြီးတော့ TV ထဲက သတင်းတွေကိုလည်း ကြည့်တယ်။ ဆယ်လီတွေအကြောင်း အမေသိတယ်။

တစ်ခါတစ်ခါ အမေက သူဖတ်ထားတဲ့ “စာ” တွေကို ရှဲ (Share) လုပ်တယ်။ ၀တ္ထုတစ်ပုဒ်ထဲမှာ သားက နိုင်ငံခြားကို သွားတယ်။ အဲဒီမှာ သားကို ဂုဏ်ပြုတဲ့ ညစာစားပွဲမှာ ဖယောင်းတိုင်မီး ညစာ (Canal Light) စားတဲ့ ဓာတ်ပုံကို အမေ့ဆီ ပို့လိုက်တယ်။ ဒီတော့ သူ့အမေက မှတ်ချက်ချတယ်။ “နိုင်ငံခြားဆိုတာ ဘယ်လောက်ပဲ တိုးတက်နေပါစေ မီးတော့ ပျက်သေးတာပဲ” တဲ့။

ကျွန်တော်တို့ဆီမှာ မီးပျက်တဲ့ရောဂါဟာ နာတာရှည်ရောဂါလို ဖြစ်နေတာပါပဲ။ ကျွန်တော်က တောသားပါ။ ဘီလူးကျွန်းကပါ။ တောမှာနေရတဲ့ ဒုက္ခကို ကျွန်တော်သိတယ်။ ဘီလူးကျွန်းနဲ့က ရန်ကုန်ကို လာချင်ရင် အဆင့်ဆင့် ကူးတို့ကူးကာ လာရတယ်။ ပထမ နက်မှော်က မော်လမြိုင်ကို ကူးရတယ်။ နောက် မော်လမြိုင်ကနေ မုတ္တမကို ကူးတို့ကူးရပြန်တယ်။ ပြီးတော့ စစ်တောင်း ကူးရပြန်တယ်။ ခုတော့ ဘီလူးကျွန်းတံတားလည်း ပြီးသွားပြီဆိုတော့ ရန်ကုန်ကို ချောချောမွေ့မွေ့ တစ်ဆင့်တည်း လာလို့ရလာပါတယ်။

ကျွန်တော်က ၁၉၆၈ ရန်ကုန်ကို ရောက်တော့ မြို့ပြင်မှာ အိမ်နဲ့ခြံနဲ့နေဖို့ စိတ်မကူးခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြို့လယ်ကောင် မှာ စီးပွားရှာရတာ လွယ်တယ်။ ရေခဲရေ ရောင်းတဲ့လူတောင် သားသမီးတွေ ကျူရှင်ထားနိုင်တယ်။ ကွမ်းယာရောင်းတဲ့လူ ကားစီးတယ်။ မုန့်ဟင်းခါးရောင်းတဲ့သူ တိုက်ဆောက်တယ်။ ပိုပြီး အရေးကြီးတာက “ပေါ်တာ” မဆွဲ တာပါပဲ။ မြို့လယ်ကောင်မှာ ပေါ်တာမဆွဲဘူး။ ကင်းကြေးလည်း မကောက်ဘူး။ ဆက်ကြေးလည်း မပေးရဘူး။ တောသားတွေဟာ အဲဒီဒဏ်ကို ခါးစည်းခံနေရတာ လွတ်လပ်ရေး ရကတည်းကပါပဲ။

မြို့လယ်ကောင်မှာနေရင် မီးတော့ မှန်မှန်လာပါတယ်။ အကြိမ်ပေါင်းများစွာ လာတယ်။ ခု ဒီစာရေးနေတဲ့အချိန် မီးမလာသေးပေမယ့် တော်ကြာ မီးလာမှာပါ။ ကျွန်တော်တို့ မြို့သားတွေ ဒါကိုသိနေတယ်။ ခပ်စောစောကတည်းက ရေတင်ထားပြီးပြီ။ ရေဘူး၊ ဓာတ်ဘူးလည်း ဖြည့်ထားပြီးပြီပဲ။

ဒါပေမဲ့ ကျွန်တော် အင်္ဂလန်၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ နေတဲ့အခါတွေမှာ အမြင်တွေက အတော်ပြောင်းသွားတယ်။ သူတို့ဆီက မြို့လယ်ကောင်မှာ ရုံးတွေ၊ ဆိုင်တွေ၊ နိုက်ကလပ်တွေ၊ ဟိုတယ်တွေလောက် ရှိတဲ့နေရာတွေပဲ ဖြစ်တယ်။

လူတွေကတော့ ဆင်ခြေဖုံးတွေမှာ နေကြတယ်။ အဲဒီမှာ နှစ်မျိုးရှိတယ်။ ပထမတစ်မျိုးက ကွန်ဒိုလို တိုက်တွေမှာ နေကြတယ်။ နောက်တစ်မျိုးကတော့ ၀င်းနဲ့ခြံနဲ့ နေကြပါတယ်။

အင်္ဂလန်မှာတော့ နှစ်အိမ်တွဲတွေ များတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ နယူးယောက်လို နေရာတွေမှာ ကျွန်တော်တို့ နိုင်ငံမှာလို အိမ်ခန်းတွေနဲ့ နေတာတွေများတယ်။ ဒါပေမဲ့ အများအားဖြင့်တော့ အခြားမြို့တွေမှာ ကိုယ်ပိုင်လုံးချင်းတွေနဲ့ပဲ နေကြပါတယ်။

သူတို့ဆီမှာ ဘယ်နေရာနေနေ ရေနဲ့ မီးကတော့ မရောက်ရောက်အောင် ၀န်ဆောင်မှုတွေ ပေးတတ်ပါတယ်။

ကျွန်တော်တို့ဆီမှာက “တဲပေါ်မှ တိုက်ပေါ်သို့” ဆိုတဲ့ စီမံချက်တွေ လုပ်ကြပါတယ်။

မြို့ပြင်မှာ ခြံတွေဝင်းတွေနဲ့ နေကြပြီး စီးပွားရေးအတွက် မြို့လယ်ကို လာကြမယ့် ပုံစံကို စဉ်းစားဖူးပါတယ်။ မလွယ်ကူပါဘူး။ အဓိကကတော့ လမ်းပန်းဆက်သွယ်ရေးပါပဲ။ ကျွန်တော်တို့ဆီမှာ အဆင်ပြေမယ့် ယာဉ်ရထားတွေ မစီစဉ်ပေးနိုင်ဘူး။ Public Transport ကို စဉ်းစားရတာ ခက်ခဲတယ်လို့ ယူဆနိုင်တယ်။

ယခု ရန်ကုန်မြို့တော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က တည်ဆောက်ထားတဲ့ “မြို့တော်” ကြီးပါ။ တစ်ချိန်က ခေတ်မီလှပပါတယ်။ ရန်ကုန်မြို့က ကားအရေအတွက်နဲ့ လမ်းတွေဟာ အင်မတန် အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ခုဟာက ၁၉ ရာစု မဟုတ်တော့ပါဘူး။ ၂၁ ရာစုထဲကို ၀င်လာပြီ ဖြစ်တယ်။ ရန်ကုန်ဟာ ရေတိုင်ကီပျက်ကြီးမှာ ရေထည့်ဖို့ ကြိုးစားကြတာနဲ့ တူတယ်။ အဲဒီ ရေတိုင်ကီပျက်ကြီးကို ဖာတေးပြီး ရေအပြည့်ထည့်ရင် တစ်နေရာက ယိုမှာပဲ။ အဲဒီယိုနေတာကို ဖာထေးလိုက်ရင် နောက်ထပ်ယိုတဲ့ နေရာတွေ တစ်ခုထက် ပိုလာဦးမှာပါပဲ။

လျှပ်စစ်လိုင်းတွေ အပေါက်အပြဲတွေ၊ အလေအလွင့်တွေနဲ့ ကြိုးပြတ်ကျတာတွေ အများကြီးရှိမှာပါပဲ။

ရေတွေလည်း ဒီလိုပါပဲ။ ဘုံဘိုင်ရေတွေကို အိမ်ပေါ်တင်ဖို့စနစ်တွေ ရှိခဲ့ပေမယ့် ခု မော်တာနဲ့ တင်နေကြရပါတယ်။ ဂျိုးဖြူက ရေမလောက်တော့ ဖူးကြီး။ ဖူးကြီးက မလောက်တော့ ငမိုးရိပ်က ပေးရတယ်။ ဒါဟာ အင်မတန်ကောင်းပါတယ်။ နေရာတော်တော်များများမှာ အ၀ီစိတွင်းကရေတွေ သုံးနေကြရတယ်။ ရန်ကုန်မှာ မီးနဲ့ရေအပြင် ခရီးလမ်းအတွက် ဘတ်စ်ကားနဲ့ မြို့ပတ်ရထားတွေကလည်း အဆင်မပြေတာ ပြည်သူတွေ အသိပါပဲ။

စောစောက မီးခဏပြန်လာတယ်။ အိမ်ရှေ့အိမ်က ၀ိုင်ယာရှော့ခ် ဖြစ်လို့တဲ့။ ဒါက လူရှိလို့ပေါ့။ လူမရှိတဲ့ ဈေးတွေမှာဆို မီးလောင်တာပဲပေါ့။ ဒီလိုဆုံးရှုံးမှုပေါင်းများစွာဟာ ပြည်သူတွေက ခံရတာပဲပေါ့။

ဒီတော့ အမေရယ် ခု ကျွန်တော်တို့ ဘယ်လမ်းကို လျှောက်ကြမလဲ။ စင်ကာပူကို ကျော်အောင် လုပ်မယ်ဆိုရင် အစစအရာရာ ပြောင်းရမယ်။ အထူးသဖြင့် ခေါက်ရိုးကျိုးနေတဲ့အကျင့် (Mind Set) တွေကို မဖြစ်မနေ ပြောင်းကြရမှာပဲ။ အမေပြောသလိုပါပဲ။ ဘာပဲလုပ်လုပ် မှန်ကန်တဲ့ ရည်ရွယ်ချက်ရှိဖို့ လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အမုန်းတွေနဲ့ ဘာကိုမှ တည်ဆောက်လို့ မရပါဘူး။

ကျွန်တော်တို့ ငယ်ငယ်က သူဌေးဦးရွှေဌေး အကြွေးတွေနဲ့ တရားရုံးရောက်တော့ အမေကပြောတယ်။ “တကယ်တော့ ဦးရွှေဌေးက အကြွေးတွေကို ဆပ်ပြီးသားပါပဲ။ အမေလည်း တွေ့တယ်။ ဒါပေမဲ့ သူက ဒီလို ဆပ်ပြီးကြောင်း လက်မှတ် မယူထားဘူး။ ငွေချေးစာချုပ်ကိုလည်း မယူထားဘူး။ ဒါဟာ သူမှားတာပဲ။ ဒါကြောင့် အမေက သူဌေးလည်း မှားတတ်တယ်။ ဆင်းရဲသားလည်း မှားတတ်ပါတယ်။ အစိုးရလည်း မှားတတ်ပါတယ်။ ပြည်သူလည်း မှားတတ်တာပါပဲ။ မှားတဲ့အခါ အမှားကို ဖုံးကွယ်ဖို့ မကြိုးစားပါနဲ့။ အမှားကို မှားကြောင်းသိကာ သင်ခန်းစာယူဖို့ လိုပါတယ်။

အမေရယ် အမေ မရှိတော့ပေမယ့် ကျွန်တော်တို့ဆီမှာတော့ အဆင်ပြေတဲ့အချက် တစ်ချက်ရှိတာကို ပြောချင်ပါတယ်။ အဲဒါက အမေချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းပေါ့လေ။ အမေတို့ခေတ်က ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တာပဲ။ ဒါပေမဲ့ ဗိုလ်ချုပ် ကျဆုံးသွားတော့ အမေတို့တစ်တွေ ငိုနေတာ ကျွန်တော် သတိရတယ် အမေ။ ခုတော့ ကျွန်တော်တို့ ကံကောင်းတယ်လို့ ဆိုရမှာပေါ့။ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့အတွက် ခေါင်းဆောင်ကောင်း ဖြစ်နေပါတယ်။ လမ်းစဉ်မှန်လည်း ကျင့်သုံးဖို့ စိုင်းပြင်းလျက် ရှိပါတယ်။ နက်ဖြန်သဘက် ငြိမ်းချမ်းရေးရမှာ မလွဲပါဘူး။ ဒီတော့ ကျွန်တော်တို့ ဘာတွေ ပြင်ဆင်ထားရမလဲ။ ကျွန်တော် စောစောက ပြောသလို “သောက်ကျင့်” ကိုတော့ ပြင်ရပါမယ်။ ရှိသမျှကို ဝေငှပါ။

အမေက လူနဲ့ခွေး နှိုင်းယှဉ်တာကို နောက်ဆုံးအနေနဲ့ ပြောချင်ပါတယ်။ ခွေးဟာ လူရဲ့အမဲရိုးကို ဘယ်တော့မှ အခြားခွေးကို မဝေမျှပါဘူးဆိုတာ အမေ ပြောခဲ့ပါတယ်။ အခု ကျွန်တော်တို့ လူတွေကရော ငြိမ်းချမ်းရေးအတွက် ဝေမျှနိုင်မှာလား။ ကျွန်တော် မေးခွန်းမေးမိပါတယ်။ အမေ ကောင်းရာသုဂတိမှာ ချမ်းမြေ့စွာရှိပါစေ။


ဒေါက်တာခင်မောင်ညို

Eleven Media Group

No comments:

Post a Comment