Latest News

Sunday, June 25, 2017

ချိုသာစွာ တောင်းဆိုတတ်ကြပါစေ

ချိုသာစွာ တောင်းဆိုတတ်ကြပါစေ


ကိုယ့်ချစ်သူ(သို့)ကိုယ့်ခင်ပွန်းကို ကိုယ်ဖြစ်စေချင်တာလေးတွေဖြစ်ဖို့၊ သူတို့အနေနဲ့အချို့ကိစ္စရပ်တွေမှာ ကိုယ့်ကို ကိုယ့်အလိုအတိုင်း ကူညီဆောင်ရွက်ပေးဖို့ကို ကျွန်မတို့အမျိုးသမီးတွေက လိုလားတတ်ကြပါတယ်။

အိမ်ထောင်ရေးမှာလည်း ကိုယ့်ခင်ပွန်းမို့ကိုယ့်ချစ်သူမို့ ဖြစ်အောင်လုပ်ပေးရမယ်လို့ကျွန်မတို့မိန်းမတွေက တယူသန် သတ်မှတ်ထားလေ့ရှိတယ်။ သူ ယောင်္ကျားပဲလုပ်ပေးရမှာပေါ့။ ဒါလေးတောင် လုပ်မပေးနိုင်ဘူးလားဆိုတဲ့အမြင်မျိုးလည်း ရှိကြပါတယ်။ ဒါကို မမှန်ဘူးလို့လည်း မပြောလိုပါဘူး။

ကိုယ့်ရဲ့တာဝန်နဲ့ဝတ္တရားကို သိပြီး ဇနီး(သို့) ခင်ပွန်းအတွက်ဆိုရင် ပြောစရာမလိုဘဲနဲ့ အလုပ်တသိနဲ့ဆောင်ရွက်ပေးတဲ့သူတွေရှိပါတယ်။ အဲဒီလိုပဲကိုယ့်ရဲ့တာဝန်နဲ့ဝတ္တရားဆိုတာကိုလည်း မသိ၊ ပြောရင်လည်း မလုပ်ချင်၊ အကြိမ်ကြိမ် ခိုင်းမိရင်လည်း ရန်ဖြစ်၊ ပြဿနာ ရှာတတ်တဲ့သူတွေလည်း အများကြီးပါပဲ။

တစိမ်းဆိုရင်တော့ နောက်မခိုင်းမိအောင် နေလို့ရတယ်။ကိုယ်က မပြတ်နိုင်တဲ့သူ၊ ပြတ်လို့မရနိုင်တဲ့သူ ဆိုရင်တော့ ပြဿနာမဖြစ်အောင် ပြောတတ်ဖို့လိုပါတယ်။လုံးဝ တာဝန်မပေးတာမျိုးတော့ မလုပ်မိပါစေနဲ့၊ တာဝန်မပေးလေ တာဝန်မသိလေ ဖြစ်သွားရင် သူက လူ့ပေါ့ကြော့ဖြစ်ရတာ ကိုယ့်မှာလည်း တာဝန်မကင်းပြန်ပါဘူး။

ကျွန်မကတော့ အိမ်ထောင်ရေးမှာပဲဖြစ်ဖြစ်  လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် အမိန့်ပေးခြင်းနဲ့စေခိုင်းခြင်း နဲ့တစ်သွေးတစ်သံတစ်မိန့်ဆိုတာကို ရှောင်သင့်တယ်လို့မြင်တဲ့သူပါ။

အကူအညီတောင်းတာ၊ Request (ပန်ကြားတာ)နဲ့ အမိန့်ပေးတာ၊ စေခိုင်းတာ မတူပါဘူး။ ဒီသဘောတရားကို သေချာနားလည်တဲ့သူတွေကတော့ ဘယ်တော့မှ ဘယ်သူ့ကိုမှ အမိန့်မပေးကြဘူး၊မစေခိုင်းကြပါဘူး။ သူတို့က အမြဲတမ်း ပြောလေ့ရှိတာကတော့ တစ်ခုလောက် အကူအညီတောင်းချင်တယ်၊ ကျွန်မ Request လုပ်ချင်ပါတယ်ဆိုပြီးတော့ပဲ သုံးလေ့ရှိတယ်။

 ယောင်္ကျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ဘယ်သူ့ဘယ်သူကိုမှ အနိုင်ယူတာလည်း မကြိုက်သလို၊ မဟာဖိုဝါဒ ဆန်တာ၊ မဟာမ၀ါဒ ဆန်တာလည်း မကြိုက်ပါဘူး။ နှစ်ဦးနှစ်ဘက် မျှမျှတတ၊ လေးလေးစားစား၊ ဆက်ဆံရေးမျိုးနဲ့ ကိစ္စရပ်တွေပေါ်မှာလည်း တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့သာ ဘ၀ခရီးကို လျှောက်သင့်တယ်လို့လက်ခံထားပါတယ်။

ဒါကြောင့်ကျွန်မ အိမ်ထောင်ကျစတုန်းကတည်းက
မောင့်ကိုလည်း ကိုယ်အနိုင်မယူပါဘူး…ကိုယ့်ကိုလည်း တစ်ဘက်သတ်အနိုင်မယူပါနဲ့နော်၊ ဘယ်လောက်ပဲ စိတ်ဆိုးဒေါသထွက်ပါစေ …ကိုယ့်ကို မရိုက်ပါနဲ့နော်၊ ပြီးတော့ တစ်ခုခု လုပ်ပေးချင်လို့ပဲဖြစ်ဖြစ် ကိုယ့်ဘက်ကနေ ပျက်ကွက်သွားလို့ပဲ ဖြစ်ဖြစ် ခိုင်းချင်တယ်ဆိုရင်လည်း အမိန့်မပေးတာမျိုး မလုပ်ပါနဲ့နော်၊ လူကြားသူကြားထဲမှာလည်း အနိုင်ယူပြပြီး အော်တာမျိုးလည်း မလုပ်ပါနဲ့နော်….ကိုယ်ကလည်း အဲဒီလိုတွေ မလုပ်ပါဘူးလို့သူ့ကို တောင်းဆိုခဲ့ဖူးတယ်။

ဒါပေမဲ့ငယ်ရွယ်စဉ် မရင့်ကျက်ခင်တုန်းကတော့ သူက ကိုယ့်ကို ချစ်တယ်ဆိုတာ သိပါလျက်နဲ့ဆိုးချင်တဲ့စိတ်၊ အနိုင်ယူချင်တဲ့စိတ်တွေနဲ့ ဆက်ဆံခဲ့မိတာတွေလည်း ရှိပါတယ်။
သူ့ကို အမိန့်ပေးသလို ဖြစ်သွားခဲ့တာလည်း ရှိပါတယ်။သူ့အနေနဲ့ကိုယ့်ကို စေတနာ မေတ္တာနဲ့လုပ်ဆောင်ပေးတဲ့အခါ ကိုယ့်ရဲ့ မလိမ္မာမှုအတွက်တောင် ကိုယ့်ကိုယ်ကို ပြန်ရှက်ရစေတယ်။

အိမ်ထောင်ပြုစတုန်းက ကိုယ့်ခင်ပွန်းကို ကိုယ်ဖြစ်စေချင်တာလေး တစ်ခုခု လုပ်ပေးဖို့ပေးဖို့ပြောစရာတောင်မလိုဘူး၊ ချစ်စ ခင်စမို့ထင်ရဲ့… မိန်းမကို(၀ါ)ယောက်ျားကို ဂရုစိုက်လိုက်ကြတယ်။ ကူညီဖို့ ဂရုစိုက်ပေးဖို့ကြင်နာဖို့ဆိုတာ ပြောစရာတောင်မလိုပါဘူး။

တဖြည်းဖြည်းနဲ့ အိမ်ထောင်သက်လည်း ရလာရော ကိုယ်နဲ့သူကလည်း အရင်ကလို အသက်အရွယ်၊နုပျိုမှုတွေလည်း မရှိတော့ဘူး၊ အချစ်တွေရော အခေါ်အဝေါ်တွေရော ဆက်ဆံရေးတွေပါ ပြောင်းလဲလာတာပေါ့ ဒါကလည်း သဘာဝပါပဲ။ ဘယ်အရာမှ မ
တည်မြဲဘူးကိုး။

ဒီသဘောတရားကို နားလည်လက်ခံထားပြီးတော့ ကိုယ့်အနေနဲ့ကိုယ်ဖြစ်ချင်တာလေးတွေ၊ သူ အနေနဲ့လုပ်ပေးသင့်တာလေးတွေကို သူ့အနေနဲ့စေတနာပါပါနဲ့လုပ်ဆောင်ပေးချင်လာ အောင် ကိုယ့်ဘက်ကလည်း လျော့ရပါတယ်။

လေသံလေးတွေလည်း လျော့ရတယ်။ မျက်နှာကြောလေးတွေလည်း လျော့ရပါတယ်။ အတ္တနဲ့မာနလေးတွေပါ လျော့လာရပါတယ်။ အဲဒီလိုမှ မလျော့နိုင်ရင်လည်း အဆင်မပြေတော့ပါဘူး။

ကျွန်မရဲ့အမြင်မှာတော့အချစ်ဆိုတာ အရွယ်လိုပဲပြောင်းလဲတတ်ပါတယ်။ အချစ်ဟာ ရင့်ကျက်လာတဲ့အခါ  မေတ္တာဖြစ်လာတယ်။ မုဒိတာ ဖြစ်လာပါတယ်။ အဲဒီလိုပဲ ကျွန်မတို့ရဲ့အသက်အရွယ်နဲ့ အသိပညာတွေကလည်း ပြောင်းလာတယ်လေ၊ ဘယ်သူမဆို ပြောင်းလဲလာတာပါပဲ။

အဲဒါကြောင့် ဘယ်လိုပဲ မတည်မြဲခြင်းတရားအရ ပြောင်းလဲလာပါစေ၊ ကိုယ့် နားမှာ အနီးကပ်ဆုံး ရှိနေတဲ့  ခင်ပွန်း(သို့မဟုတ်) ဇနီးသည်၊ သားသမီးတွေကစပြီး တပည့်တွေလုပ်ဖော်ကိုင်ဘက်တွေအဆုံး ကိယ့်အနေနဲ့ ကိုယ်ဖြစ်စေချင်တာလေး ၊ သူတို့ကို လုပ်ပေးစေချင်တာလေးတွေကို အမိန့်ပေးတာမျိုး မလုပ်ဘဲနဲ့ အကူအညီတောင်းတာမျိုးနဲ့တောင်းဆိုခြင်းအားဖြင့်သူတို့အတွက်လည်း ကောင်း၊ ကိုယ့်အတွက်လည်း ကောင်းတဲ့ရလဒ်မျိုးကို ရရှိစေပါတယ်။

အဲဒီအချိန်ကစပြီး ကျွန်မအနေနဲ့ ကြိုးစားပြီး ပြောင်းလဲခဲ့ပါတယ်။ကျွန်မက သူ့ကို အသေးအဖွဲကစပြီး ပြောဆိုတာကို ဂရုစိုက်တယ်။

 “မောင်ရေ…. မေ့ကို တစ်ခုလောက်ကူညီပေးနိုင်မလားဟင်“လို့မေးတယ်။ သူလည်း “ပြောလေ“ဆိုရင် . ကျွန်မက
“ … ကော်ဖီသောက်ချင်လို့ပါ၊ မောင့်လက်ရာလေးကို သောက်ချင်တာ ဒါပေမဲ့  အားမှပဲ တိုက်ပါနော်“ ဆိုတာမျိုး။

ကျွန်မရဲ့ ဖတ်လက်စ စာအုပ်လေး ရှာမတွေ့လို့သူ့ကိုပါ ကူရှာပေးစေချင်တယ်ဆိုရင်လည်း
“မောင်ရေ…  မေဖတ်နေတဲ့စာအုပ် အ၀ါရောင်လေး တွေ့မိလားဟင်၊ မေအခု ရှာမတွေ့လို့၊ မောင်များ သိမ်းလိုက်မိသလား၊ ဒါမှမဟုတ် မေ့ကိုများ ကူညီပြီး ရှာပေးနိုင်မလား“ ဆိုတာမျိုးတွေကစပြီး နောက်ဆုံး အရေးကြီးတဲ့ကိစ္စတွေထိ သူကို အကူအညီတောင်းတာမျိုးနဲ့ပဲ ဆောင်ရွက်စေခဲ့ပါတယ်။

အဲဒီလို သူက စိတ်ပါလက်ပါနဲ့ ဆောင်ရွက်ပေးတဲ့အခါ ကျွန်မကလည်း သူ့ရဲ့စေတနာကို အသိအမှတ်ပြုရပါတယ်။

“ကျေးဇူးတင်လိုက်တာ မောင်ရေ… အဲဒါကြောင့်ပြောတာ မောင်မရှိရင် မဖြစ်ပါဘူးဆို…“ ဆိုတာမျိုးနဲ့တုန့်ပြန်တဲ့အခါ သူ့အနေနဲ့လည်း ၀မ်းသာကြည်နှူး လိမ့်မယ်လို့ယုံကြည်မိပါတယ်။

ပြီးတော့ကိုယ့်ဘက်ကလည်း သူ့ကို လုပ်ပေးစရာရှိတဲ့ကိစ္စတွေကို အလိုက်တသိဆောင်ရွက်တာမျိုး၊ သူအကူအညီတောင်းလာတဲ့အခါ…“ရတယ်လေ၊ မောင့်ကို ခုလို ကူညီခွင့်ရတာကိုပဲ ကျေနပ်နေရတာ“ ဆိုတာမျိုးနဲ့ သူ့ရဲ့အားနာစိတ်နဲ့သူ့ယောင်္ကျားမာနကို မထိခိုက်အောင်လည်း ဂရုစိုက်ရ့ပါတယ်။

အဲဒီလိုနဲ့ပဲ ကျွန်မဘ၀ရဲ့ ကိစ္စများစွာနဲ့အရာရာတိုင်းကို သူ့ရဲ့အကူအညီတွေ၊ ကိုယ်ဆောင်ရွက်ပေးတာတွေ အပြန်အလှန်အကူအညီပြုခြင်းတွေနဲ့
နဲ့ဖြတ်သန်းလာခဲ့တဲ့ အိမ်ထောင်သက်ခရီးဟာ ၁၈ နှစ်ကျော်လာပါပြီ။

တကယ်လို့များ ကိုယ်က အကူအညီတောင်းသည့်တိုင်အောင် သူက လုပ်မပေးဘူးဆိုရင်လည်း၊ သူ့ကို အပြစ်မတင်ပါနဲ့ဦး ဒီလိုဆောင်ရွက်ပေးဖို့သူ့အတွက် ဘာက အခက်အခဲဖြစ်စေသလဲဆိုတာကို လေ့လာပါလို့ဆိုချင်တယ်။

  အမျိုးသားတွေအနေနဲ့ ကျွန်မတို့လို အမျိုါ်သမီးတွေနဲ့မတူတာကတော့သူတို့ရဲ့တော်ရုံအခက်အခဲဆိုရင် ဇနီးသည်နဲ့မိသားစုကို ဖွင့်ပြောလေ့မရှိကြပါဘူး။ ဒါကို ကိုယ်က နားလည်ပြီးတော့ သူ့အတွက် သူ့ကိုကူညီဖြေရှင်းပေးဖို့လိုရင် အလိုက်တသိန်ဲ့ဆောင်ရွက်ပေးသင့်ပါတယ်။

အဲလိုမှ မဟုတ်ဘူး၊ သူက လုပ်ပေးနိုင်ပါလျက်နဲ့လုပ်မပေးတာဆိုရင်တော့သူ
လုပ်မပေးမခြင်း ဒေါသသံ မပါတဲ့ အကူအညီတောင်းခြင်းနဲ့လည်း သူ လုပ်မပေးမချင်း ထပ်ခါ ထပ်ခါ ချိုသာစွာနဲ့သာ တောင်းဆိုပါလို့သာ တိုက်တွန်းချင်ပါတယ်ရှင်။

အိမ်ထောင်ရေးမှာ သာယာပျော်ရွှင်ဖို့အတွက် ကိုယ့်ကိုတော့အကောင်းထင်ပြီး သူ့ကိုတော့အဆိုးမြင်တတ်တဲ့အမြင်တွေကိုလည်း လျော့ဖို့လိုအပ်ပါသေးတယ်။
မတူတဲ့ အမြင်များရှိရင်လည်း ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment