Latest News

Friday, June 9, 2017

ရှားတောမြို့ရှိ ပြည်သူ့ဆေးရုံ အဆောင်သစ်များတွင် မျက်နှာကြက်နှင့် နံရံမှတစ်ဆင့် မိုးရေ၀င်ရောက်သဖြင့် ဆေးရုံဝန်ထမ်းများနှင့် လူနာများ အခက်အခဲ ဖြစ်ပေါ်

ရှားတောမြို့ရှိ ပြည်သူ့ဆေးရုံ အဆောင်သစ်များတွင် မျက်နှာကြက်နှင့် နံရံမှတစ်ဆင့် မိုးရေ၀င်ရောက်သဖြင့် ဆေးရုံဝန်ထမ်းများနှင့် လူနာများ အခက်အခဲ ဖြစ်ပေ


ကယားပြည်နယ် ရှားတောမြို့ရှိ ပြည်သူ့ဆေးရုံ အဆောင်သစ်များမှာ ဇွန် ၈ ရက်တွင် မိုးရွာသွန်းပြီး မျက်နှာကျက်များနှင့် နံရံများမှတစ်ဆင့် မိုးရေများ ၀င်ရောက်လာသဖြင့် ဆေးရုံဝန်ထမ်းများနှင့် လူနာများမှာ အခက်အခဲ ဖြစ်ပေါ်လျက်ရှိနေကြောင်း ရှားတော NLD ရုံးမှ သိရသည်။

“ဆေးရုံက ၀န်ထမ်းတွေက ဖုန်းဆက်လာတယ်။ မိုးရေတွေ အဆောင်ထဲဝင်ပြီး အားလုံးဒုက္ခရောက်နေတယ်ဆိုလို့ ကျွန်မသွားကြည့်တော့ အဆောင်တွေထဲရေက ခြေမျက်စိထိမြုပ်တယ်။ မျက်နှာကြက်က အပေါက်တွေကနေကော နံရံဘက်ကကော ရေတွေပန်းထွက်လာတာ။ ပရင်တာတွေ၊ ကွန်ပျူတာတွေလို လျှပ်စစ်ပစ္စည်းတွေလည်း ရေတွေဝင်ကုန်တာ တွေ့ရတယ်။ အဲယားကွန်းကလည်း လေမထွက်ဘဲ ရေတွေထွက်လာလို့တဲ့။ ဆရာဝန်တွေ ၀န်ထမ်းတွေက ရေလွတ်ရာပစ္စည်းတွေ ရွှေ့နေကြတယ်။ ဓာတ်မှန်ခန်းလည်း ရေ၀င်တော့ လူနာလာရင် မရိုက်ပေးရဲဘူး ပြောလာတယ်လေ။ ကျွန်မလည်း ဒီလိုဖြစ်နေတာကို လွှတ်တော်ကိုယ်စားလှယ်တွေဆီ စာပို့အကြောင်းကြားလိုက်ပါတယ်” ဟု ရှားတော NLD မှ ဒေါ်အေးအေးမွန်က ပြောကြားသည်။

မိုးရေများ ၀င်ရောက်လာသောကြောင့် အရေးပေါ်ဌာန အမျိုးသားလူနာဆောင်၊ ဆရာဝန်များနှင့် သူနာပြုများနားနေခန်း၊ သွားနှင့်ခံတွင်းဌာန၊ အစည်းအဝေးခန်းမ၊ ရုံးခန်း၊ ဓာတ်မှန်ခန်းများ ပါဝင်သည်ဟု သိရသည်။

ယခင်အစိုးရဟောင်းလက်ထက် သူရိန်သွေးဟု အမည်ပေးထားသည့် ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့သော ဆေးရုံမှာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မတ် ၂၀ ရက်တွင် ဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဆေးရုံက ၀န်ထမ်းတစ်ဦးက ပြောပါတယ်။ ဆောက်ပြီးဖွင့်ပွဲမလုပ်ခင်က မျက်နှာကြက်တွေ ကွာကျလာလို့ သွားပြောတဲ့အခါ ကုမ္ပဏီက တိပ်နဲ့ကပ် ဆေးသုတ်ပြီး ပြန်သွားတယ်တဲ့။ ကျွန်မသွားကြည့်တော့ အမျိုးသား လူနာဆောင်ဆို လူနာစောင့်တွေက အခန်းထဲက ရေတွေတံမြက်စည်းတွေနဲ့ကို လှဲကူထုတ်နေရတယ်။ ဆရာမတွေ ဆရာတွေ ပြောနေတာက ဆေးရုံဆင်းရတာ ကြောက်နေပြီးတဲ့။ ဒီမိုးကုန်ရင် ဆွေးပြီးတော့ ပြိုကျမယ် ထင်တယ်တဲ့” ဟု ဒေါ်အေးအေးမွန်က ဆက်လက်ပြောကြားသည်။

လူဦးရေ ၆၇၄၂ ဦးသာရှိသည့် ရှားတောမြို့နယ်သည် ဌာနေတိုင်းရင်းသား ကယား၊ ရှမ်း၊ ပအို့ဝ်တိုင်းရင်းသားများ နေထိုင်ကြကာ တောင်ယာလုပ်ငန်းဖြင့်သာ အများဆုံး အသက်မွေးဝမ်းကျောင်းကြကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်က ရေးဆွဲအကောင်အထည်ဖော်ခဲ့သော လမ်းနှင့်အခြား အဆောက်အအုံများအား ယခုအစိုးရလက်ထက်တွင် လွှတ်တော်မှ ဖွဲ့စည်းပေးထားသော ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီမှ မကြာခဏ သွားရောက် စစ်ဆေးရာတွင် အရည်အသွေး မမီသည်များကို တွေ့ရှိခဲ့ကြကြောင်း သိရသည်။

မခိုင် (လွိုင်ကော်)

Eleven Media Group

No comments:

Post a Comment