Latest News

Friday, June 23, 2017

မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်အတွက် ဖြစ်နိုင်သော ဒုံးအင်ဂျင်အား စမ်းသပ်ခဲ့ဟု အမေရိကန် ပြောကြား

မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်အတွက် ဖြစ်နိုင်သော ဒုံးအင်ဂျင်အား စမ်းသပ်ခဲ့ဟု အမေရိကန် ပြောကြား

မေ ၁၄ ရက်က စမ်းသပ်ခဲ့သော ဒုံးပျံနှင့် ဆင်တူသည်ဟုဆိုသော Hwasong အမျိုးအစား ဒုံးတစ်မျိုးကို ဧပြီ ၁၅ ရက်က ပြုံယမ်း၌ စစ်ရေးပြပွဲ တစ်ခုတွင် ပြသခဲ့စဉ် (Photo: AFP)
တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွင် တပ်ဆင်နိုင်ဖွယ်ရှိသည့် ဒုံးအင်ဂျင်တစ်ခုကို မြောက်ကိုရီးယားက စမ်းသပ်ခဲ့သည်ဟု အမေရိကန် အရာရှိတစ်ဦးက ဇွန် ၂၂ ရက်တွင် အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။ ကင်ဂျုံအွန်၏  နျူကလီးယားလက်နက် စီမံကိန်းကြောင့် တင်းမာမှုများ မြင့်တက်နေစဉ် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

“မြောက်ကိုရီးယားဟာ ဒုံးအင်ဂျင်တစ်ခုကို ဒီနေ့ စမ်းသပ်ခဲ့ပါတယ်” ဟု အမည်မဖော်လိုသော ထိုအမေရိကန် အရာရှိက ပြောကြားခဲ့ပြီး အခြား အသေးစိတ် အချက်များကို မထုတ်ဖော်ခဲ့ပေ။


အဏုမြူလက်နက်များနှင့် ပဲ့ထိန်းဒုံးကျည် စီမံကိန်းများကို ထိန်းချုပ်ရေးအတွက် မြောက်ကိုရီးယားကို ဖိအားပိုမိုပေးရန် မြောက်ကိုရီးယား၏ တစ်ဦးတည်းသော မဟာမိတ် တရုတ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆင်က တိုက်တွန်းခဲ့ပြီး တစ်ရက်အကြာ၌ ဒုံးအင်ဂျင်စမ်းသပ်သည့်သတင်း ထွက်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။

အမေရိကန်က မြောက်ကိုရီးယားကို ၎င်းတို့၏ အရေးကြီးဆုံး လုံခြုံရေး ခြိမ်းခြောက်မှုဟု သတ်မှတ်ထားသည်။ “တရုတ်အနေနဲ့ ဒေသတွင်း တင်းမာမှုတွေ ဒီထက်ပိုမို မြင့်တက်လာတာကို တားဆီးလိုတယ် ဆိုရင်တော့ သံတမန်ရေးရာ ၀တ္တရားရှိတဲ့အတိုင်း မြောက်ကိုရီးယားအပေါ် စီးပွားရေးနဲ့ သံတမန်ရေး ဖိအားတွေ ပိုပြီးပေးရမှာ ဖြစ်ပါတယ်” ဟု တီလာဆင်က ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယား၏  နျူကလီးယား ခြိမ်းခြောက်မှုအား ဟန့်တားရေးသည် ၎င်း၏ နံပါတ်တစ် ဦးစားပေး မူဝါဒဟု ဆိုသည်။

“ကျွန်တော်တို့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ ထောက်လှမ်းရေးကိစ္စနဲ့ ပတ်သက်လို့တော့ တစ်စုံတစ်ရာ မှတ်ချက်ပေးမှာ မဟုတ်ပါဘူး” ဟု ရေတပ်ဗိုလ်မှူးကြီး ဂယ်ရီရို့စ်က အီးမေးထုတ်ပြန်ချက် တစ်ခုထဲတွင် ပြောကြားထားပြီး ယခုစမ်းသပ်မှုသည် ဒုံးအင်ဂျင်စမ်းသပ်မှု ဟုတ်၊ မဟုတ်ကိုလည်း အတည်ပြုပေးခဲ့ခြင်း မရှိပေ။

“ရန်စတာတွေ၊ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်တာတွေကို ထိန်းချုပ်ဖို့၊ ဆွေးနွေးပွဲကို ပြန်လာဖို့ မြောက်ကိုရီးယားကို တောင်းဆိုထားပါတယ်” ဟု ထိုထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။

ကျွမ်းကျင်သူများက မြောက်ကိုရီးယားသည် စိတ်ချယုံကြည်ရသည့် တိုက်ချင်းပစ်ဒုံးကျည် (ICBM) စွမ်းရည်ကို ရရှိနိုင်ရန် နှစ်ပေါင်းများစွာ လိုအပ်နေသေးသည်ဟု သုံးသပ်ကြသည်။ အမေရိကန်သည် မြောက်ကိုရီးယားမှ ကီလိုမီတာ ၉၀၀၀ ကွာဝေးသည်။ ICBM ဒုံးကျည်တို့၏ အနိမ့်ဆုံး ပစ်နိုင်သည့် အကွာအဝေးမှာ ကီလိုမီတာ ၅၅၀၀ ၀န်းကျင် ရှိသော်လည်း အချို့သော ICBM တို့သည် ကီလိုမီတာ ၁၀၀၀၀ နှင့်အထက် ပစ်နိုင်ရန် ဒီဇိုင်းဆွဲထားကြသည်။

ဇွန် ၂၃ ရက်မှာပင် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းကလည်း ကီလိုမီတာ ၈၀၀ (မိုင် ၅၀၀) အထိပစ်နိုင်သော ပြည်တွင်းထုတ် ဒုံးကျည်တစ်စင်း စမ်းသပ်ခြင်းကို ကြီးကြပ်ခဲ့သည်။ သမ္မတအိမ်တော်မှ ထုတ်ပြန်ချက်အရ ထိုစမ်းသပ်မှုသည် ပြီးခဲ့သည့် လများအတွင်းက မြောက်ကိုရီးယား လုပ်ဆောင်ခဲ့သည့် ရန်စသည့် လုပ်ရပ်များအတွက် သတိပေးသည့်သဘော ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ မြောက်ကိုရီးယား၏ ယခုဒုံးကျည်အင်ဂျင် စမ်းသပ်မှုသည် တောင်ကိုရီးယားနှင့် အမေရိကန်ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှု မတိုင်မီ သေချာစွာ အချိန်ကိုက်၍ ရန်စလိုက်ခြင်း ဖြစ်သည်ဟု ကိုရီးယားတက္ကသိုလ်မှ နိုင်ငံခြားသိပ္ပံပါမောက္ခ ယိုဟိုယီက သုံးသပ်ခဲ့သည်။

Ref: AFP

Eleven Media Group

No comments:

Post a Comment