Latest News

Friday, June 9, 2017

ပင်ပန်းလာတဲ့အခါ စိတ်အညောင်းဖြေပါ

ပင်ပန်းလာတဲ့အခါ စိတ်အညောင်းဖြေပါ


စိတ်အညောင်းမိတတ်တာကတော့ လူတိုင်း နီးပါးပါပဲ။ ကျွန်မလည်း အလုပ်တွေ ရက်ဆက်ပင်ပန်းခဲ့ပြီး အနားယူချိန်လုံလောက်အောင် မရတဲ့အခါ စိတ်ရော လူပါ ပင်ပန်းပြီး ဘာကိုမှ မလုပ်ချင်၊ မပြောချင်ဖြစ်ရပါတယ်။

နေ့စဉ်ပြောနေရတဲ့ သတင်းလုပ်ငန်းနဲ့ပတ်သက်တဲ့စကားတွေလည်း မပြောချင်ဘူး။ ဘယ်လို ဧည့်သည်တွေနဲ့မှလည်း မတွေ့ချင်ဘူး။ ဒါပေမဲ့လည်း အလုပ်ကိစ္စရော၊ လူမှုရေးကိစ္စတွေမှာပါ မပြောချင်လည်း ပြောရ၊ မတွေ့ချင်လည်း တွေ့ရနဲ့ ကိုယ့်စိတ်ကို ကိုယ် အလိုမလိုက်နိုင်ခဲ့ပါဘူး။

အဲဒီလို  ကိုယ့်စိတ်ကို ကိုယ်အလိုမလိုက်ဘဲနဲက လုပ်စရာရှိတာတွေကို အတင်းဖိလုပ်နေတဲ့အခါမှာ စိတ်ထဲမှာ အမြဲတမ်း တင်းကြပ်နေခဲ့တယ်။အဲဒီအချိန် လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဘက်တွေရဲ့အမှားသေးသေးလေးတွေကိုလည်း သည်းမခံနိုင်တော့ဘူး။ ထပ်ခါ ထပ်ခါပြောလည်း မှားမှားနေတဲ့ သူတို့ကို သည်းမခံနိုင်တော့ဘူး။ ဒေါသနဲ့ အော်ဟစ်မောင်းထုတ်ပစ်ချင်စိတ် လည်း ပေါက်ခဲ့ဖူးတယ်။

ငါ ဒါကို ဒေါသနဲ့ မပြောသင့်ဘူး၊ သူတို့ကို အေးအေးဆေးဆေးနဲ့စိတ်ရှည်လက်ရှည်ရှင်းပြ ရမယ်ဆိုတဲ့  အတိုင်း ရှင်းပြရဦးမှာပဲ…မရှင်းပြခင်ကတည်းက စိတ်ထဲမှာ အောင်မလေး မောလိုက်တာရှင်။ ဒေါသသံမပါဘဲနဲ့ရှင်းပြနိုင်ဖို့ အသက်ရှုလေ့ကျင့်ခန်းလည်း လုပ်ရ၊ ပြုံးပြုံးလေးနဲ့ရှင်းပြနိုင်ဖို့လည်း ရုပ်ရော စိတ်ပါ ပြင်ဆင်ရတဲ့… ပင်ပန်းလိုက်တာ။

မျက်လုံးမှိတ်ထားပြီး တင်းကြပ်နေတဲ့စိတ်ကို လျော့ချဖို့ကြိုးစားကြတယ်၊
ကျွန်မဘ၀မှာ ကိုယ်လုပ်ချင်တဲ့အလုပ်ကို တစိုက်မတ်မတ်လုပ်ခဲ့တယ်။ အဲဒီအလုပ်ကိုပဲ သတင်းအေဂျင်စီ လုပ်ငန်းအဖြစ် ထူထောင်ပြီး အောင်ြမင်အောင် ဆောင်ရွက်နေတာ ၂၀၁၇ မှာဆိုရင် ၉  နှစ် ရှိပါပြီ။ကျွန်မ အလုပ်က အောင်မြင်လွန်းလှတယ်လို့ မဆိုနိုင်ပေမဲ့ ပန်းတိုင်မရောက်သေးပေမဲ့ လမ်းပေါ်ကိုတော့ ရောက်နေပါပြီ။

စိတ်အညောင်းမိမှန်းသိလျက်နဲ့ ပေပြီး အလုပ်တွေ ဆက်လုပ်နေတာ။ အဲဒီရက်တွေကိုတော့ ပင်ပန်းခက်ခဲစွာနဲ့ကျွန်မ ဖြတ်သန်းနေရတယ်။ အရင်တုန်းကဆို ရုံးအလုပ်တွေကို တက်ကြွ ရွှင်လန်းစွာနဲ့လုပ်တတ်သလို၊ မိသားစုနဲ့လည်း ပျော်ရွှင်ရင်းနှီးစွာ နေတတ်တဲ့ကျွန်မ ဘယ်သူ့မျက်နှာကိုမှ မမြင်ဘူး၊ စကားတစ်ခွန်းမှ မပြောချင်တော့တာ…။

အားတင်းစမ်း…လို့ ကိုယ့်ကိုယ်ကိုအားတင်းနေရင်း… အာရုံပြောင်းအောင်  ကြိုးစားပေမဲ့ ပင်ပန်းနေတဲ့ စိတ်နဲ့တင်းကြပ်နေတဲ့စိတ်ကတော့ ပျောက်မသွားခဲ့ပါဘူး။၊ စာရေးချင်စိတ်လည်း ပေါ်မလာပြန်ဘူး၊ ပြီးတော့အလုပ်ကိုလည်း အာရုံစိုက်လို့မရပြန်ဘူး။ နောက်ဆုံး အီးမေးလ်တွေ ပြန်ဖို့တောင်မှ မလုပ်ချင်တော့ဘူး။

ညဘက်  ဘုရားရှစ်ခိုးပြီး တရားထိုင်တော့လည်း စိတ်တွေ စုစည်းလို့မရဘူး၊ သမာဓိလည်း ကောင်းကောင်းမရဘူး၊ မှတ်နေရတာကိုက ပင်ပန်းလိုက်တာ။
တကယ်ပဲ  ကျွန်မ စိတ်အညောင်းမိနေပြန်ပြီ။ကိုယ့်အနေနဲ့ စိတ်ရောလူပါပင်ပန်းလာပြီလို့ခံစားရတဲ့အခါ အနားယူဖို့ လိုအပ်ပါတယ်။

အဲဒါကြောင့်ဒီလိုဖြစ်တာလို့တွေးမိတော့ စိတ်ညောင်းဖြေဖို့လိုတယ်ဆိုတာ နားလည်လာမိတယ်။ ဒါပေမဲ့ အလုပ်ဆိုတာ တိကနဲ ဖြတ်လိုက်လို့မရတော့ ကိုယ်နားရမဲ့အချိန်အတွက် အချိန်နနည်းနည်း ယူရပြန်တယ်။ သေချာတာကတော့စိတ်အနားရအောင် အနားယူဖို့ပါပဲ။

အချို့ကတော့ အခြေအနေအရ သီးသန့် အနားယူဖို့အဆင်မပြေတဲ့အတွက် အခန်းတံတားပိတ်ပြီး  အချိန်တွေအကြာကြီး အိပ်ပစ်လိုက်ရင်လည်း ပြန်နိုးလာတဲ့အချိန်မှာ အားအင်တွေပြန်ပြည့်သွားတတ်တယ်။

အချို့ကတော့ လုပ်နေတဲ့ အလုပ်တွေကို တစ်ရက် သို့မဟုတ် သုံးလေးရက်ထိ လုံးဝ မလုပ်ဘဲ၊ မစဉ်းစားဘဲနဲ့ အဲဒီရက်တွေမှာ အခြားသူတွေရဲ့အနှောက်အယှက်လည်း ဝေးအောင်နေရင်းနဲ့ သူ့စိတ်ထဲ နေချင်သလို နေပစ်လိုက်တာပါ။ အဲလို အနားယူပြီးတဲ့ အခါ အလုပ်ထဲကို ပြန်ဝင်လိုက်တယ်။ အဲဒီအချိန်မှာ ပြန်ပြီး အာရုံစိုက်နိုင်တယ် စိတ်အညောင်းပြေသွားတတ်ပါတယ်။

အဲဒီလို စိတ်ကို ပြန်လည် လန်းဆန်းအောင်လုပ်နိုင်ပြီ ဆိုရင်တော့ဘယ်လောက်ပဲ  စိတ်ပင်ပန်းနေပါစေ…၊ ဘ၀ကိုရော အလုပ်ကိုပါ မထိမခိုက်နဲ့ လုပ်ဆောင်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုလည်း ထိန်းသိမ်းနေထိုင်သွားနိုင်ပါတယ်။
နောက်ရှေ့ဆက်ဖို့ ပြန်လည် လန်းဆန်း တက်ကြွလာပါလိမ့်မယ်။

ကျွန်မလို စိတ်အညောင်းမိနေတဲ့သူတွေရှိ တယ်ဆိုရင်၊ စိတ်အညောင်းပြေဖို့ အလုပ်ကနေ မိသားစုထဲကနေ ခဏလောက် ထွက်လိုက်ပါ။ အချိန်မပေးနိုင်သေးဘူးဆိုပြီး ပေလုပ်နေရင်လည်း အလုပ်ထဲမှာ အာရုံစိုက်လို့မရတဲ့အတွက် စိတ်ပင်ပန်းစေတာပဲ အဖတ်တင်ပြီး အလုပ်ထဲက ရလဒ်ကောင်း ထွက်ဖို့လည်း ခက်ခဲတတ်ပါတယ်။

ဒါကြောင့်စိတ်ပင်ပန်းလာတဲ့အခါ ကိုယ့်အတွက် စိတ်ဖိစီးမှုကို ဖြစ်စေနို်င်တဲ့အတွက် စိတ်ပင်ပန်းတာကို ပြန်လည် လန်းဆန်းအောင် ကုသဖို့ဆိုရင်တော့ အလုပ်နဲ့ ခဏလောက်ဖြစ်ဖြစ် ခွဲနေလိုက်ပါ။

တစ်ယောက်တည်း စာဖတ်ပါ၊ အေးအေးဆေးဆေး ရုပ်ရှင်ကြည့်ပါ၊ အေးချမ်းတိတ်ဆိတ်တဲ့ နေရာလေးကို ခဏဖြစ်ဖြစ် သွားလိုက်ပါ။ ဒါဟာ ရှေ့အလုပ်တွေ လုပ်နိုင်ဖို့ အတွက် ခွန်အားသစ်ယူခြင်းလို့ခေါ်ပါတယ်။ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအတွက် ပိုကောင်းသွားတတ်ပါတယ်။

အဲဒီလို စိတ်အညောင်းဖြေပြီး အလုပ်ပြန်လုပ်တဲ့အခါ အရင်တုန်းကလိုပဲ တက်ကြွ၊လန်းဆန်းစွာနဲ့ အလုပ်တွေကို အင်တိုက်အားတိုက်ပြန်လုပ်နိုင်လာပါတယ်။ စိတ်တွေရဲ့အေးချမ်းတည်ငြိမ်မှုလည်း ရရှိနိုင်တဲ့အတွက် အလုပ်လုပ်ရာမှာလည်း ပိုအာရုံစိုက်နိုင်တယ်။ ရလဒ်ကောင်းလည်း ထွက်ပေါ်ဖို့ လွယ်ကူသွားတတ်ပါတယ်။

ဒါကြောင့် အလုပ်များတဲ့သူတိုင်းဟာ ၆ လတစ်ကြိမ်လောက်တော့စိတ်အညောင်းဖြေတတ်ဖို့လိုတယ်လို့ ကျွန်မကတော့နားလည်လာမိပါတယ်။

မတူတဲ့ အမြင်များရှိရင်လည်း ဖိတ်ခေါ်ပါတယ်ရှင်။
ကျေးဇူးပါရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment