Latest News

Tuesday, June 20, 2017

ကျောက်ဖြူစီးပွားရေးဇုန်ကော်မတီနဲ့ တောင်သူတွေတွေ့ဆုံ

ကျောက်ဖြူစီးပွားရေးဇုန်ကော်မတီနဲ့ တောင်သူတွေတွေ့ဆုံ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်မဖော်မီ ဒေသခံတွေရဲ့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာကြတဲ့မြေယာတွေကို ပိုင်ဆိုင်မှုအထောက်အထားတွေရရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ မြေဧကအတိအကျကို ပြန်လည်တိုင်းတာဖို့ ဒေသခံတောင်သူတွေက မနေ့က တောင်းဆိုလိုက်ပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကော်မတီနဲ့ ဒေသခံတောင်သူတွေ ကျောက်ဖြူမြို့မှာ မနေ့ကတွေ့ဆုံစဉ် တောင်းဆိုစာပေးအပ်လိုက်တာလို့ ကျောက်ဖြူမြို့နယ် တောင်သူလယ်သမားများ လူမှုစီးပွားဖွံ့ဖြိုးရေးအသင်းက ဦးမောင်သိန်းတန် က ပြောပါတယ်။

အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် သိမ်းဆည်းမယ့်မြေယာတွေအတွက် အစားထိုးလယ်ယာမြေတွေ ဖော်ထုတ်ပေးပြီး စက်မှုလယ်ယာတွေအဖြစ် ပြောင်းလဲပေးဖို့ကိုလည်း ထည့်သွင်းတောင်းဆိုထားတယ်လို့ ဆိုပါတယ်။

မနေ့က ကျောက်ဖြူအထူးစီးပွားရေးဇုန်ကော်မတီဥက္ကဌ ဒေါက်တာစိုးဝင်း၊ ဒုတိယဥက္ကဌ ဒေါက်တာဦးမောင်၊ ပြည်နယ်စီမံ စီးပွားဝန်ကြီး ဦးကျော်အေးသိန်းတို့ဟာ သစ်ချောင်း၊ ကိုင်းကြီး၊ ကပ်သပြေ၊ ချောင်းဝ စတဲ့ကျေးရွာအုပ်စုတွေက အထူးစီးပွားရေးဇုန်စီမံကိန်းဧရိယာထဲမှာပါဝင်နေတဲ့ တောင်သူတွေနဲ့တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ လယ်ယာမြေတစ်ဧကကို ငွေကျပ် သိန်း ၉၀၀၊ မြေလွတ်မြေရိုင်း နွားစားကျက်မြေအတွက် တစ်ဧကကို သိန်း ၇၀၀၊ မြေလွတ်မြေရိုင်းတောတောင် ကိုင်းကျွန်းအတွက် တစ်ဧကကို သိန်း ၅၀၀ စီလျော်ကြေးပေးဖို့ တောင်သူတွေဘက်က တင်ပြတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

တောင်သူတွေရဲ့တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေဘက်က အထက်ကို တင်ပြပေးမယ့် အကြောင်းပြောခဲ့တယ်လို့ ဆိုပါတယ်။

မနေ့ကတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး အထူးစီးပွားရေးဇုန်ကော်မတီဘက်က ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့တွေကို အသိပေးဖိတ်ကြားတာ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

Photo: Mg Mg Htun

RFA

No comments:

Post a Comment