လွယ်တော်ခမ်း စစ်ဆေးရေးစခန်း၌ မိုင်းဆတ်သို့ သွားမည့် ထိုင်းနိုင်ငံသား သုံးဦး ဖမ်းမိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ လွယ်တော်ခမ်း စစ်ဆေးရေးစခန်း၌ မိုင်းဆတ်မြို့သို့ သွားမည့် ထိုင်းနိုင်ငံသား သုံးဦးအား အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၁ ရက် နံနက် ၁၁ နာရီခွဲက လွယ်တော်ခမ်း စစ်ဆေးရေးဂိတ်တွင် လဝက ဌာနခွဲ(၆)၊ တာချီလိတ်မှ ဒုလဝကမှူး ဦးလှဖြိုးနှင့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်ဘက်မှ မိုင်းဆတ်ဘက် သို့ သွားရောက်မည့် ယာဉ်မောင်း မောင်ကျကာ (၂၃ နှစ်)၊ မိုင်းဆန်နောရွာ၊ မယ်ပုလုံအုပ်စု၊ မိုင်းဆတ်မြို့နေသူ မောင်းနင်လာသည့် Vigo အနက်ရောင် မော်တော်ယာဉ် ပေါ် တွင် လမ်းကြုံလိုက်ပါလာသည့် ထိုင်းနိုင်ငံသားများဖြစ်သော Mr,Damrong Sak (၄၃ နှစ်)၊ ထန့်ခမ်ရပ်ကွက်၊ ကျင်းဟိုင်းမြို့၊ Mr,Sing Jun Oodsing(၄ဝ နှစ်)၊ ထွန်တောင်းရပ်ကွက်၊ ချင်းမိုင်၊Mr,Thee Rayut(၂၃ နှစ်)၊ မယ်ရောင်းရပ်ကွက်၊ ကျင်းဟိုင်း ထိုင်းနိုင်ငံနေသူတို့ သုံးဦးအား စစ်ဆေးရာ ၄င်းတို့သည် ဇွန် ၁ဝ ရက်နေ့ ညပိုင်းက မယ်ဆိုင်မြို့မှ အမှတ်(၂)ချစ်ကြည်ရေ တံတားအနီး မယ်ဆိုင်ရေချောင်းမှ ဖြတ်ပြီး တာချီလိတ်သို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး ဟိုတယ် တစ်ခုခုတွင် ညအိပ်ခဲ့ကြောင်း၊ ဇွန် ၁၁ ရက်နေ့ နံနက်တွင် မိုင်းဆတ်မြို့သို့အထွက် လွယ်တော်ခမ်း စစ်ဆေးရေးစခန်း၌ ဖမ်းဆီးခံခဲ့ကြောင်း ထွက်ဆိုသည်။
မြန်မာနိုင်ငံ အတွင်းသို့ တရားဝင် ဖြတ်သန်းခွင့်လက်မှတ် တစ်စုံတစ်ရာ မပါရှိဘဲ ဝင်ရောက်လာကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ထိုင်းနိုင်ငံသား သုံးဦးအား အရေးယူပေးရန် မြို့နယ်အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ တာချီလိတ်မှ ဒုလဝကမှူး ဦးမျိုးနိုင်က တရားလိုပြုလုပ် တိုင်းတန်းရာ တာချီလိတ် မြို့မရဲစခန်းက အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
No comments:
Post a Comment