NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ တစ်ကျော့ပြန် တိုက်ပွဲများ ဖြစ်ပွား
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် ရှမ်း လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ (RCSS/SSA) နှင့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) တို့ တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။
RCSS/SSA နှင့် TNLA ကြား ၂၀၁၇ ခုနှစ် မေ ၁၃ ရက်က TNLA ၏ တပ်မဟာ (၂) နယ်မြေ ကျောက်မဲမြို့နယ် ခွန်ကော်ကျေးရွာတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲတွင် TNLA တပ်ဖွဲ့မှ ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားအချို့ လက်နက်ကြီးအစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့အတူ မေ ၁၄ ရက်တွင် TNLA ၏ တပ်မဟာ (၂) နယ်မြေ ကျောက်မဲမြို့နယ် ခွန်ကော်ကျေးရွာနှင့် တော်ဖဲကျေးရွာကြားတွင် TNLA နှင့် RCSS ကြား နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့သို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရခြင်းမှာ RCSS အနေဖြင့် တအာင်းနယ်မြေအတွင်း ၀င်ရောက်လာခြင်းကြောင့်ဖြစ်ကြောင်း RCSS အား TNLA က ၎င်း၏ ထုတ်ပြန်ချက်တွင် စွပ်စွဲထားသည်။
အဆိုပါတိုက်ပွဲ ဖြစ်စဉ်နှင့်ပတ်သက်၍ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဆောင် ဖြေဆိုခြင်း မရှိပေ။
အလားတူ နမ္မတူမြို့နယ် ဆိုက်ခေါင် ကျေးရွာ အုပ်စုတစ်ဝိုက်တွင် TNLA နှင့် RCSS/SSA အဖွဲ့ဝင်များ နီးကပ်စွာရှိနေပြီး တိုက်ပွဲမဖြစ်ပွားသေးသော်လည်း စစ်ရေးတင်းမာနေသောကြောင့် ဒေသခံများမှာ နမ္မတူမြို့နယ် ပန်ဟိုက်မြို့ပေါ်ရှိ ရွှေမြင်သာ ဘုန်းတော်ကြီးကျောင်းသို့ တိမ်းရှောင်နေကြကြောင်း ရှမ်းလူငယ်အဖွဲ့ (TYO) မှ ကိုစိုင်းဟန်က ပြောကြားသည်။
“သူတို့က သိပ်ပြီးတော့ အလှမ်းမဝေးတော့ဘူး။ ဒါကြောင့် ပြည်သူတွေက တိုက်ပွဲဖြစ်ဖို့ သိပ်ပြီးတော့ ရာခိုင်နှုန်းများနေပြီ။ ငါတို့ ရှောင်မှဖြစ်တော့မယ်ဆိုပြီး အားလုံးကို ရှောင်တော့တယ်။ ရွာရှစ်ရွာ။ တချို့ကျတော့လည်း ကိုယ့်အမျိုးအိမ်မှာ သွားနေကြတယ်။ ခပ်များများကတော့ ရွှေမြင်သာကျောင်းမှာ ခိုလှုံနေကြတယ်။ မနေ့ကပဲ ကျွန်တော်တို့ TYO အဖွဲ့ကသွားပြီး ထောက်ပံ့ခဲ့တယ်။ ရှောင်လာတဲ့သူက ရှမ်းကော၊ တအာန်းကော။ ရှမ်း ခပ်များများပေါ့ဗျာ။ အဲဒီဘက်မှာ တအာန်း အိမ်တွေလည်း ပါတယ်ဗျ” ဟု ကိုစိုင်းဟန်က ပြောကြားသည်။
TNLA နှင့် RCSS တို့သည်၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် နောက်ဆုံးအကြိမ် ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားထားပြီး ယခု ပြန်လည် ဖြစ်ပွားခြင်းဖြစ်ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်နှင့် TNLA တို့သည်လည်း ဧပြီ ၂၉ ရက်မှစတင်ကာ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်မြို့နယ်များတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိသည်။
Eleven Media Group
Monday, May 15, 2017
NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ တစ်ကျော့ပြန် တိုက်ပွဲများ ဖြစ်ပွား
NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ တစ်ကျော့ပြန် တိုက်ပွဲများ ဖြစ်ပွား
Reviewed by Ar Ti
on
10:17 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment