Latest News

Wednesday, May 31, 2017

တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်မည့်ရက်ကို ပညာရေးဝန်ကြီး ကိုယ်တိုင်ပင် မသိသေး

တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်မည့်ရက်ကို ပညာရေးဝန်ကြီး ကိုယ်တိုင်ပင် မသိသေး

ဇွန်လ ၁၇ ရက်တွင် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများ ထုတ်ပြန်ပေးသွားမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကိုယ်တိုင်ပင် မသိရှိသေးကြောင်း မေလ (၃၁) ရက်က ပြောသည်။

ယနေ့ နံနက်ပိုင်းက ရန်ကုန်စိန်ရတုခန်းမတွင် ပြုလုပ်သည့် အာဆီယံ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဆွေးနွေးပွဲနှင့် တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေးရေးဌာန တည်ထောင်ခြင်း (၆၉) နှစ်မြောက် အခမ်းအနားသို့ လာရောက်စဉ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ အဲဒါ စာစစ်က ထုတ်တာ။ စာစစ်မေးမှ ပဲရမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများ ဇွန်လ (၁၇) ရက်ထွက်ရှိမည်ဟု မေလ (၃၀) ရက်ညပိုင်းက သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ပညာရေးဝန်ကြီးဌာနဘက်က တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

“ ကျွန်တော့ဆီကို အောင်စာရင်းထွက်ဖို့ ဘာညွန်ကြားချက်မှ မလာသေးဘူး။ စိတ်ချပါ။ သတင်းနောက် မကျစေရပါဘူး။ အားလုံး အတူတူ ထုတ်ပြန်ပေးသွားမှာပါ” ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွန်ကြားရေး မှူးချုပ် ဒေါက်တာမျိုးညွန့်က ပြောသည်။

၂၀၁၇ မတ်လအတွင်း ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် နိုင်ငံခြားရှိ မြန်မာသံရုံးများတွင် စာစစ်ဌာန (၁၇) ခု၊ မြန်မာနိုင်ငံအတွင်းတွင် (၁၅၇၇) ခု၊ စုစုပေါင်း (၁၅၉၄)မှ ကျောင်းသား ကျောင်းသူ (၇၁၆၂၁၆) ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးကျောင်းသား ကျောင်းသူ (၆) သိန်း ကျော် ဝင်ရောက် ဖြေဆိုခဲ့ရာ အောင်မြင်သူ (၁) သိန်း(၉) သောင်းကျော်သာ အောင်မြင်ခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်း၂၉ ဒဿမ၉၂ ရှိခဲ့သည်။

ချမ်းငြိမ်း/ Akonthi

No comments:

Post a Comment