Latest News

Wednesday, May 31, 2017

သိမ်းဆည်းခံမြေနေရာကြီး ကိုးခုပြန်ရရေးအတွက် ဇွန်လတွင် စုပေါင်းသပိတ်ကျင်းပရန် မြောင်းမြမြေသိမ်းခံပြည်သူများ စီစဉ်နေ

သိမ်းဆည်းခံမြေနေရာကြီး ကိုးခုပြန်ရရေးအတွက် ဇွန်လတွင် စုပေါင်းသပိတ်ကျင်းပရန် မြောင်းမြမြေသိမ်းခံပြည်သူများ စီစဉ်နေ

မြောင်းမြမြို့နယ်အတွင်းရှိ ဥပဒေမဲ့သိမ်ဆည်းခံမြေများ ပြန်လည်ရရှိရေးအတွက် မြေသိမ်းခံပြည်သူများစုပေါင်း၍ ဇွန်လပထမအပတ်တွင် ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကျင်းပပြီး
တောင်းဆိုသွားရန် စီစဉ်နေကြောင်း မြေသိမ်းခံများ၏ ဆန္ဒဖေါ်ထုတ်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ သိမ်းဆည်းခံမြေများဖြစ်သော ခ.လ.ရ (၉၃)တပ်သိမ်းမြေ၊ မြောင်းမြစက်မှုဇုန်(ကျွန်းကြားလေး)သိမ်းဆည်းမြေ၊ထောက်လှမ်းရေးတပ် အကြောင်းပြသိမ်းဆည်းမြေ(ကွယ်လွယ်)၊ ပျဉ်းကတိုးကုန်းကျေးရွာနှင့် မဒေါ့ပင်ကျေးရွာများမှ သိမ်းဆည်းမြေ၊ မြောင်းမြမြစ်ကမ်းသာယာလှပရေးအတွက်သိမ်းဆည်းခဲ့သော ကွယ်လွယ်ကျေးရွာကမ်းနားတန်း သိမ်းဆည်းမြေများ၊ ကံ့ကော်မြိုင်ရပ်ကွက်၊ မြောင်းမြလပွတ္တကားလမ်းဖောက်လုပ်ရာတွင် သိမ်းဆည်းခဲ့သည့်မြေများ၊ မြောင်းမြကြိုးတံတားဆောက်လုပ်ရေးအတွက် သိမ်းဆည်းခံခဲ့ရသည့်မြေများနှင့် မြောင်းမြဂုန်နီစက်ရုံစီမံကိန်းသိမ်းဆည်းမြေများကို ပြန်လည်ရရှိရေးအတွက် မြေသိမ်းခံပြည်သူများက ဆန္ဒထုတ်ဖော်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဆန္ဒပြပွဲဖြစ်မြောက်ရေးအတွက် မေလ(၂၁)ရက်တွင် မြေသိမ်းဆည်းခံပြည်သူများ စုပေါင်းကာ ဆန္ဒဖော်ထုတ်ပွဲဦးဆောင်ကော်မတီကိုဖွဲ့စည်း၍ စုပေါင်းသပိတ်ကြီးတစ်ရပ်ဆင်နွဲရန်ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ “ ပြည်သူတွေ တကယ်ဒုက္ခရောက်နေရင် ပြည်သူရွေးချယ်တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူ့ ဘက်ကရပ်တည်ပေးပြီး အခက်အခဲကို ကူညီရမှာပါ။

တကယ်တန်းကျတော့ ပြည်သူကိုယ်စားလှယ်တွေက ပြည်သူအသံ အပြည့်အ၀နားမထောင်ကြဘူး။ အဲဒီလိုတောင်းဆိုမှုတွေကို ဆက်ပြီး မျက်ကွယ်ပြုနေမယ်ဆိုရင်တော့ မတရားသိမ်းထားတဲ့မြေတွေ ပြန်ရတဲ့အထိ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြတောင်းဆိုသွားဖို့စီစဉ်ထားပါတယ်။ ပြည်သူတွေအတွက် တာဝန်ယူမှုတာဝန်ခံမှု မရှိသ၍တော့ ပြည်သူတွေက အခုလိုမျိုး ဆက်လုပ်နေဦးမယ်ဆိုတာကို ပြည်ထောင်စုအစိုးရက သိပြီး ပြည်သူ့ တာဝန်ကျေကြပါလို့ပြောချင်ပါတယ် ” ဟု ဆန္ဒထုတ်ဖော်ပွဲ၏ ဦးဆောင်ကော်မတီအတွင်းရေးမှုး ဦးကြည်လွင်က အကုန်သိသတင်းဌာနကို ပြောသည်။

အဆိုပါ မြေသိမ်းခံတောင်သူများ၏ စုပေါင်းဆန္ဒဖေါ်ထုတ်ပွဲကို ဇွန်လပထမအပတ်တွင်ကျင်းပသွားရန် စီစဉ်ထားပြီး၊ မေလ(၃၀)ရက်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများထံသို့ တရားဝင်ခွင့်ပြုချက်တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ ဆန္ဒထုတ်ဖော်ပွဲအပြင်မြေသိမ်းခံများ၏ လူထုအစည်းအဝေးပွဲကြီး ပြုလုပ်ခြင်း၊ ပြည်တွင်းပြည်ပသတင်းစာဆရာများနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ကျင်းပခြင်းများလည်း ရှိလာမည်ဖြစ်ကြောင်း သိရသည်။

မြင့်မိုရ်မေ /AkonThi

No comments:

Post a Comment