Latest News

Thursday, May 18, 2017

ကမ်းနားညဈေးအတွက် သုံးစွဲခဲ့တဲ့ ၁.၈ မီလျံ ဘယ်လုပ်ငန်းတွေမှာ သုံးလိုက်လဲ မေးမြန်း

ကမ်းနားညဈေးအတွက် သုံးစွဲခဲ့တဲ့ ၁.၈ မီလျံ ဘယ်လုပ်ငန်းတွေမှာ သုံးလိုက်လဲ မေးမြန်း

ရန်ကုန်၊ မေ ၁၇ – ကမ်းနားလမ်းမှာ ဖော်ဆောင်ခဲ့တဲ့ ညဈေးတန်းအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ်ငွေ ၁.၈ မီလျံသုံးစွဲခဲ့ပါတယ်။ သည်ငွေတွေကို မည်သည့်ဌာနက ဘယ်လုပ်ငန်းတွေမှာ အသုံးပြုလိုက်လဲဆိုတာ သည်လ ၁၆ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်မှာ ကျောက်တံ တားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ် ကြည်ပြာက မေးမြန်းပါတယ်။

ဒေါ်ကြည်ပြာက “၁.၈ မီလျံက ပြည်သူ့ဘဏ္ဍာပါ၊ ဒီလောက်ငွေတွေသုံးလိုက်တဲ့ ကမ်းနားညဈေး ဘယ်လောက်အောင်မြင်လဲဆိုတာကတော့ ကမ်းနားလမ်းကို ကားဖြတ်မောင်းဖူးတဲ့ သူတိုင်း သိမှာပါ”လို့ ပြောပါတယ်။
ကမ်းနားညဈေးအတွက် အ သုံးပြုခဲ့တဲ့ ကျပ်ငွေ ၁.၈ မီလျံကို ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဈေးများဌာန၊ အင်ဂျင်နီယာဌာန (လမ်းတံတား)၊ အင် ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု ) တို့က အသုံးပြုခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ကိုယ်စားဖြေကြားခဲ့ပါတယ်။

ဈေးများဌာနကနေပြီးတော့ KVA ထရန်စဖော်မာ၊ စီစီတီဗီ ကင်မရာတို့အတွက် ကျပ် ၁၁၄.၉၈ သန်း၊ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)က ရေပိုက်များ သွယ်တန်းခြင်း၊ ယာယီပိုက်လိုင်းများ တပ်ဆင်ခြင်း၊ ရေတွန်းစက်၊ ရေ အားဖြည့်ပိုက်၊ ရေတွန်းစက် အဝင် အထွက်တပ်ဆင်ခြင်း၊ ပိုက်ဆက်ပစ္စည်းများဝယ်ယူခြင်းနဲ့ မြေ အောက်ရေစုကန်များ တည် ဆောက်ခြင်း၊ မိလ္လာနဲ့ ရေဆိုးစွန့် ပစ်ပစ္စည်းများ ဝယ်ယူခြင်း၊ ရေစက်၊ ရေစင်တည်ဆောက်ခြင်း ၁၇ ခုအတွက် ကုန်ကျငွေ ၁၂၁၅. ဝ၁၅ သန်းအသုံးပြုခဲ့ပြီး အင်ဂျင်နီယာဌာန (လမ်းတံတား) ကတော့ ဆေးဝါရေးဆွဲတာ၊ ကွန်ကရစ်တုံး ၁၄၀ဝ ခန့် ချထားပေးတာ။ လူကူး မျဉ်းကျား ငါးခုရေးဆွဲပေးတာ၊ အချက်ပြမီးတိုင်များ ဆောင်ရွက် ပေးခဲ့ပါတယ်။

၂၄ နာရီ ဈေးမရောင်းရလမ်း များအဖြစ် သတ်မှတ်ထားတဲ့ လမ်း ၁၁ လမ်းမှာ ဈေးမရောင်းချဖို့အတွက်ရပ်ကင်း၊ လှည့်ကင်းဆောင်ရွက်နေပြီး လုံခြုံရေးနဲ့ စည်းကမ်း ထိန်းသိမ်းရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးမှူးတို့က ဦးစီးပူးပေါင်းဆောင်ရွက်နေပြီး စည်းကမ်းမဲ့ လမ်းဘေးဈေးသည်တွေကို တရားစွဲ အရေးယူဆောင်ရွက်တဲ့အခါမှာ မြို့တွင်းမြို့ပြင် အပါအဝင် ၃၁၄၀ မှုအထိ ရှိခဲ့ပြီး ဒဏ်ငွေပေါင်း ၄၇ သန်းကျော် အ ရေးယူဆောင်ရွက်ခဲ့ပါတယ်။

လက်ရှိ ကမ်းနားညဈေးကိုတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးများ ဌာနက ကြီးကြပ်ကွပ်ကဲနေပါတယ်။ ကမ်းနားလမ်းဈေးကို (ဃ) အဆင့်ဈေးအဖြစ် သတ်မှတ်ထားပါတယ်။ ဈေးတာဝန်ခံနှစ်ဦး၊ ဈေးဝန်ထမ်း ၂၄ ဦးတို့နဲ့ ကြီးကြပ်နေတာ ဖြစ်ပါတယ်။

ကမ်းနားလမ်းက ညဈေးကို နို ဝင်ဘာလ ၂၃ ရက်နေ့မှာ စတင်ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

နေရာချပေး

ကမ်းနားလမ်း ညဈေးကို ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် မြို့နယ်လေးခု က လမ်းဘေးဈေးသည်တွေကို မဲ နှိုက်ပြီး နေရာချပေးတာ ဖြစ်ပါတယ်။
ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် မြို့နယ် လေးခုမှာ လမ်းဘေးဈေးသည် အရေအတွက် စုစုပေါင်း ၆၀၄၁ ဦးရှိ ပြီး ဈေးသည် ၂၀ဝ၀ ကျော်သာ နေရာချထားပေးခဲ့တာ ဖြစ်တယ်လို့ ဒေါ်ကြည်ပြာ ပြောကြားချက် အရ သိရပါတယ်။

ကမ်းနားမှာ ဈေးရောင်းချတဲ့ ဈေးသည်တွေကို စည်ပင်သာယာက ရေ၊ မီးနဲ့ အမှိုက်သိမ်းဆည်း တာတွေကို ဆောင်ရွက်ပေးပြီး ဈေးသည်တစ်ဦးကို ဈေးရောင်းချ ဖို့ ရှစ်ပေပတ်လည်နဲ့ လေးပျေ ရှစ်ပေ ယာယီနေရာသတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ ရှစ်ပေပတ်လည် နေရာအတွက် ရေအသုံးပြုရင် တစ် နေ့ကို ရေအသုံးပြုခ ၃၀ဝ ကျပ်၊ သန့်ရှင်းရေးဆောင်ရွက်ခ ၃၀ဝ ကျပ်နဲ့ မီးအသုံးပြုခက တစ်လကို ၇၀ဝ ကျပ် ပေးဆောင်ရမှာ ဖြစ်ပါတယ်။ လေးပျေ ရှစ်ပေ နေရာအ တွက်က သန့်ရှင်းရေး၊ ရေအသုံးပြုခ ၁၅၀ ကျပ်စီ ပေးဆောင်ရမှာ ဖြစ်တယ်။ ရေအသုံးပြုဖို့ မလိုတဲ့ ဈေးသည်တွေက ရေမဝယ်ယူလို့ ရတယ်လို့ သိရပါတယ်။

သည်မြို့နယ်လေးခုမှာ ဈေးသည် စုစုပေါင်း ၆၀ဝ၀ ကျော်တာကြောင့် ကျန်တဲ့ ဈေးသည်တွေကို မဟာဗန္ဓုလပန်းခြံဘေးမှာ ဈေးသည်တချို့ကို နေရာချပေးခဲ့ပါတယ်။ ဈေးသည်တွေရဲ့ အမှိုက်စွန့်ပစ်တာကြောင့် မဟာဗန္ဓုလ ပန်းခြံမှာ ကြွက်တွင်းရှိလာတာ၊ ပတ်ဝန်းကျင် အမြင်မတင့်တယ်တာတွေ ရှိနေတယ်။

ဒေါ်ကြည်ပြာက ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ကျင်းပတဲ့ လွှတ်တော်မှာ လမ်းဘေးဈေးသည် ကိစ္စကို လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးအထိ ထောက်ခံဆွေးနွေးခဲ့ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင် မောင်စိုးက အတည်ပြုလက်ခံခဲ့ပါတယ်။

အဆိုကို တင်သွင်းစဉ်ကတည်းက ရေတိုစီမံကိန်း မဟုတ်ဘဲ ရေရှည်အတွက် စဉ်းစားပြီး အကြံပေး အဖွဲ့တွေနဲ့ ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိကမ်းနားညဈေးက တော့ ရေကြီးတာ၊ အမှိုက် စွန့်ပစ်တာ၊ ဈေးသည်တွေ သတ်မှတ်နေရာ မရောင်းချဘဲ ဈေးမရောင်းရလမ်းတွေမှာ ပြန်လည်ရောင်းချတာတွေနဲ့ ကြုံတွေ့နေရတယ်လို့ သည်နေ့ လွှတ်တော်မှာ ဆွေး နွေးချက်အရ သိရပါတယ်။

ကမ်းနားလမ်း ညဈေးနဲ့ ဈေးလည်ပတ်သူများကို တွေ့ရစဉ်။

Author ပို့ပို့မြင့်မွန်

Kumudra

No comments:

Post a Comment