Latest News

Saturday, May 13, 2017

သထုံတွင် ငွေစက္ကူအတုများဖြင့် ဘဏ်ဝန်ထမ်းတဦးကို ဖမ်းမိ

သထုံတွင် ငွေစက္ကူအတုများဖြင့် ဘဏ်ဝန်ထမ်းတဦးကို ဖမ်းမိ


မွန်ပြည်နယ် သထုံမြို့မှာ မေလ ၁၂ ရက်နေ့ညက ဘဏ်ဝန်ထမ်းတဦးကို ငွေစက္ကူအတုတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြောပါတယ်။

“လူငယ်တဦး ငွေစက္ကူအတုနဲ့ လိုက်သုံးနေတယ်လို့ သတင်းရလို့ ပုံစံကိုမေးမြန်းပြီး မြို့ထဲမှာ စောင့်ဖမ်းတာ။ သူက သထုံကမဟုတ်ဘူး၊ ဘားအံက၊ ကမ္ဘောဇဘဏ်ဝန်ထမ်း။ ငွေစက္ကူတွေကို ကာလာပရင်တာနဲ့ ထုတ်ပြီး မိတ္တူကူပြီး ဒီမှာလာသုံးတာ၊ သူတည်းခိုတဲ့ တည်ခိုခန်းအခန်းထဲမှာ ငွေစက္ကူအတုတွေမိတယ်၊ နောက်သူသထုံကိုလာတဲ့ အချိန်မှာ လမ်းက သစ်သီးဆိုင်မှာ ဝယ်ခဲ့တဲ့ ငွေစက္ကူအတုကိုလည်း သက်သေအနေနဲ့ သိမ်းဆည်းထားပါတယ်”လို့ သထုံခရိုင် မှုခင်းနှိမ်နင်းရေးအကူဌာနမှ ရဲအုပ် အောင်သူက ပြောပါတယ်။

ဖြစ်စဉ်မှာ သထုံခရိုင်မှုခင်းနှိမ်နင်းရေး အကူဌာနမှတပ်ဖွဲ့ဝင်တွေ လှည့်ကင်း ဆောင်ရွက်နေချိန် လူငယ်တဦးဟာ ဆိုင်ကယ်တစ်စီးနဲ့ ငွေစက္ကူအတုတွေ  သုံးစွဲနေကြောင်း သတင်းအရ မော်လမြိုင် ရန်ကုန်ကားလမ်းပေါ်ရှိ စိုးမိုးသူ ကားလက်မှတ် အရောင်းဆိုင်အနီး စောင့်ဆိုင်းနေချိန် Honda Wave ၁၀၀ ဆိုင်ကယ်နဲ့ ဖြတ်လာသူ မောင်ချစ်ကိုကိုလင်း ၂၂ နှစ်၊ ကမ္ဘောဇဘဏ်ခွဲ (၂) ဝန်ထမ်း ဘားအံမြို့နေသူအား စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် သူတည်းခိုနေတဲ့ သထုံမြို့၊ သိမ်ကုန်းရပ်ကွက် တိမ်ပြာတည်းခိုခန်းကို စစ်ဆေးရာ အခန်းအတွင်း Nuoxiya စာတန်းပါ ကျောပိုးအိတ်အတွင်း အညိုရောင်စာအိတ်နဲ့ ထည့်ထားတဲ့ သုံးစွဲဖို့ အသင့်ဖြတ်တောက်ထားတဲ့ ၅၀၀၀ ကျပ်တန်ငွေစက္ကူအတု ၃ ရွက်၊ A 4 စာရွက်ပေါ်မှာ ကာလာပရင်တာနဲ့ ရိုက်နှိပ်ထားပြီး ဖြတ်တောက်ခြင်းမပြုရသေးတဲ့ ၅၀၀၀ ကျပ်တန်ငွေစက္ကူအတု ၄၈ ရွက်၊ ငွေစက္ကူအတုပြုလုပ်ရာမှာ အသုံးပြုတဲ့ စက္ကူဖြူဖြတ်စ ၄၂ ရွက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ငွေစက္ကူအတုပြုလုပ်သုံးစွဲသူ ချစ်ကိုကိုလင်းအား သထုံမြို့မရဲစခန်းက (ပ) ၆၄၃ /၂၀၁၇ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅ /၁၀၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

သတင်း - ယူမင်းစိုး( DVB)

No comments:

Post a Comment