Latest News

Tuesday, May 23, 2017

၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ဘယ်လိုရလဒ်ထွက်မလဲ

၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ဘယ်လိုရလဒ်ထွက်မလဲ


အဝတ်အစား ပြသည့် ပုံစံမဟုတ်ဘဲ နိုင်ငံရေးဆုံးဖြတ်ချက် ရလဒ်များ ထွက်ပေါ်လာရန် ဆောင်ရွက်မည်ဟု ကြွေးကြော်ထားသည့် ၂၁ ရာစုပင်လုံဒုတိယ အစည်းအဝေးကို ယနေ့ (မေလ ၂၄ ရက်) စတင်လိုက်ပြီဖြစ်သည်။

 ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံကို ခြောက်လတစ်ကြိမ် ကျင်းပရန် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရကစီစဉ်ထားသည်။၂၁ ရာစုပင်လုံဒုတိယအစည်းအ ဝေးကို မူလက ၂၀၁၇ ဖေဖော်ဝါရီ အတွင်း ကျင်းပရန် စီစဉ်ထားသော်လည်း သတ်မှတ်ရက်ထက် သုံးလခန့် နောက်ကျမှ ကျင်းပနိုင်ခဲ့သည်။

အားလုံး လက်ခံနိုင်သည့် နိုင်ငံရေးရလဒ်ထွက်ပေါ်လာရန် ဆောင်ရွက်မည်ဟု အစိုးရက ထုတ်ဖော်ပြောကြားထားသည့် ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များမစုံလင်ခြင်း၊ ညီလာခံမတိုင်မီ NCA ရေးထိုးထားသည့် အဖွဲ့အချို့က အမျိုးသားအဆင့်နိုင်ငံ ရေး ဆွေးနွေးပွဲများ ပြုလုပ်ခွင့်မရရှိ ခြင်းတို့ကြောင့် မျှော်မှန်းထားသည့် ရလဒ်မထွက်ပေါ်နိုင်ဟု သုံးသပ်မှုများလည်း ထွက်ပေါ်နေ သည်။

ပြည်တွင်းသာမက နိုင်ငံတကာကပါ စောင့်ကြည့်နေသည့်  ၂၁ ရာစုပင်လုံညီလာခံတွင် မည်ကဲ့သို့ ရလဒ်များ ထွက်ပေါ်လာမည်ဆိုသည်က စိတ်ဝင်စားဖွယ်ကောင်း နေသည်။

၂၁ ရာစုပင်လုံညီလာခံ ဖြစ်ပေါ်လာပုံ

‘ပင်လုံ’ဆိုသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ၁၉၄၇ ဖေဖော် ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ် ပင်လုံမြို့တွင် ချုပ်ဆိုခဲ့သည့် သမိုင်းဝင်ပင်လုံစာချုပ်ကို မြင်ယောင်မိကြမည်ဖြစ်သည်။

သို့သော်လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ၂၁ ရာစုပင်လုံညီလာခံသည် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ခန့်နှင့် မတူကွဲပြားခြားနားမှု၊ ထူးခြားမှု များရှိသည်။

၁၉၄၇ က ပြုလုပ်ခဲ့သည့် ၂၀ ရာစုပင်လုံညီလာခံသည် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ် မြောက်ရေးကို ဦးတည်သည်။ တောင်တန်းနှင့် ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေး အတူတကွရယူ၍ နိုင်ငံတစ်ခု ထူထောင်ရေးကို အဓိ ကဦးတည်ကြောင်း သမိုင်းကျွမ်းကျင်သူများက ဆိုသည်။ ၂၁ ရာ စုပင်လုံညီလာခံသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးမှတစ်ဆင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးကို ရည်ရွယ်သည်။ လွတ်လပ်ရေးရပြီးချိန်ကစ၍ နှစ် ပေါင်း ၆၀ ကျော်ကြာ တိုင်းရင်းသားအချင်းချင်း ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးအဖြေရှာရန် ၂၁ ရာစုပင်လုံညီလာခံကို တံခါးပေါက်တစ်ခုအဖြစ် ဒီမိုကရေစီအစိုးရသစ်က မျှော်လင့်သည်။

၁၉၄၇ ပင်လုံညီလာခံတွင် ကချင်၊ ရှမ်း၊ချင်း၊ ဗမာစသည့် တိုင်းရင်းသားခေါင်းဆောင်များသာ ပါဝင်ခဲ့သော်လည်း ၂၁ ရာစု ပင်လုံတွင် ထို့ထက်ပို၍ တိုင်းရင်းသားခေါင်းဆောင်များ စုံလင်သည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ၂၁ ရာစုပင်လုံ ညီလာခံသည် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် (NCA) ကို အခြေခံ ထားသည်။ NCA ကို သမ္မတ ဟောင်း ဦးသိန်းစိန်အစိုးရလက် ထက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် လက်မှတ်ရေး ထိုးထားခြင်းဖြစ်သည်။ NCA တွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်ခြင်းမရှိ၍ လည်း အစိုးရကို ပြင်းထန်စွာ ဝေ ဖန်မှုများ ယင်းအချိန်က ရှိခဲ့သည်။NCA ပြဋ္ဌာန်းချက်များအရ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဦးသိန်းစိန်အစိုးရသက်တမ်းမကုန် မီ လပိုင်းအလိ ၂၀၁၆ ဇန်နဝါရီက ပထမဆုံးအကြိမ် နေပြည်တော်တွင် ကျင်းပခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက် ထက်တွင်မူ ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံကို ၂၁ ရာစုပင်လုံဟု ပြောင်းလဲ၍ ၂၀၁၆ သြဂုတ် လနှောင်းပိုင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဆယ်စုနှစ် ခြောက်ခု ကျော်ကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ကို နိုင်ငံရေးနည်းအရ အဖြေရှာနိုင်ရန် ၂၁ ရာစုပင်လုံအစည်းအဝေး များကို ပထမ၊ ဒုတိယစသည့် လုပ်ငန်းစဉ် (Process)ပုံစံဖြင့် ခြောက် လတစ်ကြိမ် ကျင်းပသွားရန် အစိုးရက ရည်ရွယ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံညီလာခံကို ခွဲထွက်ခွင့်မပါသည့် ပင်လုံစိတ်ဓာတ်အပေါ် အခြေခံကာ ပြုလုပ်မည် ဖြစ်ကြောင်း ရှင်းလင်းစွာ အသိ ပေးထားသည်။

ဦးသိန်းစိန်လက်ထက်က ကျင်းပခဲ့သည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအပါအဝင် ယခင်ညီလာခံ နှစ်ကြိမ်စလုံးတွင် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များ တစ်စုံတစ်ရာ ချမှတ်နိုင် ခြင်းမရှိခဲ့ပေ။ လာမည့် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင်မူ ပြည်သူများ မျှော်လင့်နေသည့်

နိုင်ငံရေးဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း ရှိ၊ မရှိကိုတော့ စောင့်ကြည့်ရမည် ဖြစ်သည်။ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာကတော့ ယခုကဲ့သို့ မှတ်ချက်ပြုသည်။

‘‘ဒီတစ်ခေါက်ညီလာခံက အရည်မရ အဖတ်မရ ပုံစံမျိုးတော့ မဟုတ်ဘူးဗျ။သေချာဆွေးနွေးပြီး မှ နိုင်ငံရေးနဲ့ ဆိုင်တဲ့ သဘောထား ဆုံးဖြတ်ချက်တစ်ခုထွက်ဖို့ လိုအပ်တယ်။ အဲဒါက တကယ်လည်း ဖြစ်မှာပါ။ ဒါအားလုံး ပြင်ဆင်ထားပြီးသားဖြစ်ပါတယ်’’

 ၂၁ ရာစုပင်လုံဒုတိယ အစည်းအ ဝေးအခင်းအကျင်း

၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးကို ယခင်ညီလာခံများ ကဲ့သို့ပင် အစုအဖွဲ့ခုနစ်ဖွဲ့ဖြင့် ပြုလုပ်မည်ဖြစ်သည်။ အစိုးရနှင့် လွှတ်တော်မှ ၇၅ ဦးစီ၊ တပ်မတော် မှ ၁၅၀ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် ၁၅၀ ဦး၊ နိုင်ငံရေးပါတီ များမှ ၁၅၀ ဦး၊ တိုင်းရင်းသားအစု အဖွဲ့ ၅၀ ဦးနှင့် ပါဝင်သင့်ပါဝင် ထိုက်သူ ၅၀ ဦးတက်ရောက်မည် ဖြစ်သည်။ ပြီးခဲ့သည့် ပင်လုံပထမ အစည်းအဝေးတွင်မူ အပစ်မရပ်အဖွဲ့များ ပါဝင်လာ၍ တိုင်းရင်း သားလက်နက်ကိုင်အစုအဖွဲ့ကို ယခင် ၁၅၀ ဦးမှ ၅၀ တိုး၍ ၂၀၀ ဦးအထိ သတ်မှတ်ခွင့်ပြုခဲ့သည်။ ယခုဒုတိယအစည်းအဝေးတွင် NCA မရေးထိုးရသေးသည့် အဖွဲ့များကို အစိုးရက ပုံစံသုံးမျိုးဖြင့် ပါဝင်ခွင့်ပေးထားသည်။ လက် မှတ်မထိုးရသေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအ နေဖြင့် အထူးဖိတ်ကြားခံရသူ၊ NCA မထိုးသော်လည်း ကတိပြု ချက် (DoC) ရေးထိုး၍ တက်ရောက်သည့် ကိုယ်စားလှယ်နှင့် NCA ရေးထိုး၍ အပြည့်အဝပါဝင်ခွင့်ရှိသည့် ပုံစံစသည့် ပုံစံသုံးမျိုးဖြင့် ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။ အထူးဖိတ်ကြား သူအနေဖြင့် တက်ရောက်ပါက ပါဝင်ဆွေးနွေးဆုံးဖြတ်ခွင့်ရရှိမည်မဟုတ်ပေ။

၂၁ ရာစုပင်လုံညီလာခံဒုတိ ယအစည်းအဝေးသို့ NCA ရေးထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တက်ရောက် မည်ဖြစ်သည်။ ထို့အပြင် NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၃ ဖွဲ့အနက် ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA)၊ မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA) နှင့် UNFC အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်သော ကချင်လက်နက် ကိုင်အဖွဲ့ (KIO)၊ ရှမ်းလက်နက်ကိုင်အဖွဲ့ (SSPP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ‘ဝ’အမျိုးသားအဖွဲ့ချုပ် (WNO)၊ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC) တို့ကို အထူးဖိတ်ကြားသူအဖြစ် ဖိတ်ကြားထား သည်။ တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသော မြန်မာ-တရုတ်နယ်စပ်ရှိ တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက် ကိုင်အဖွဲ့ (MNDAA)နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ကိုမူ ဖိတ်ကြားခြင်းမပြုပေ။ ထို့အပြင် အိန္ဒိယနယ်စပ်အခြေစိုက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCNK) ကိုလည်း ဖိတ်ကြား ခြင်းမရှိပေ။

၂၁ ရာစုပင်လုံဒုတိယအ စည်းအဝေးသို့ TNLA၊ MNDAA နှင့် AA တို့ အပါအဝင် NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်နိုင်ရေး တရုတ်အစိုးရက ကြားဝင် ညှိနှိုင်းဆောင်ရွက်ပေးမှုများရှိ သည်။ မြန်မာ-တရုတ်နယ်စပ်ရှိ လက်နက်ကိုင်ခုနစ်ဖွဲ့အနက် TNLA၊ MNDAA နှင့် AA တို့ကို အစိုးရက မဖိတ်ကြားသည့် အခြေအနေနှင့် ‘ဝ’အဖွဲ့ (UWSP) ဦး ဆောင်သည့် ကော်မတီအနေဖြင့် တက်ရောက်ရန် ပြင်ဆင်မှုအပေါ် အစိုးရက လက်မခံသည့် အခြေအနေတွင် တရုတ်အစိုးရက ကြားဝင်ညှိနှိုင်းနေခြင်းဖြစ်သည်။

‘ဝ’ လက်နက်ကိုင်အဖွဲ့ကမူ အစိုးရက ဖိတ်ကြားပါက တက်ရောက်မည်ဖြစ်သော်လည်း အဖွဲ့ ခုနစ်ဖွဲ့ပါ ကော်မတီအနေ ဖြင့်သာ တက်ရောက်မည်ဟု ထုတ်ပြန်ထားသည်။ KIO၊ SSPP၊ NDAA၊ TNLA၊ MNDAA၊ AA စသည့် မြန်မာ-တရုတ်နယ်စပ်ရှိ လက်နက်ကိုင် ခုနစ်ဖွဲ့သည် NCA မထိုးဘဲ နိုင်ငံရေး ဆွေးနွေးရန် UWSA ဦးဆောင်သည့် ပြည် ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းထား ခြင်းဖြစ်သည်။ သို့သော်အစိုးရက ယင်းကော်မတီကို တွေ့ဆုံဆွေး နွေးမူတော့ မရှိသေးပါ။

တရုတ်အပါအဝင် အစိုးရ နှင့် တိုင်းရင်းသားအဖွဲ့များ ညှိ နှိုင်းမှု ပြုလုပ်နေသော်လည်း မိုင်းလားအဖွဲ့မှလွဲ၍ မြောက်ပိုင်းအဖွဲ့များ ပင်လုံဒုတိယအစည်းအဝေး တက်ရောက်ခြင်း ရှိ၊ မရှိမှာ မေလ ၂၂ ရက်ညပိုင်းအထိ အဖြေမထွက်ပေါ်သေးပါ။ ထို့အပြင် ပင် လုံညီလာခံတက်ရောက်ရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံတွင် အ ရေးပေါ်အစည်းအဝေးပြုလုပ်နေ သည့် UNFC အဖွဲ့များမှာလည်း မေလ ၂၂ ရက်ညအထိ ဆုံးဖြတ် ချက်ချမှတ်နိုင်ခြင်းမရှိသေးပါ။

အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးကတော့ ‘‘ကျွန်တော်တို့ကတော့ ၂၃ ရက် ည ၂၄ ရက်နေ့ (၂၁ ရာစုပင်လုံ  ညီလာခံ ကျင်းပသည့်နေ့) မနက် အထိ ကြိုးစားနေမှာပါ။ အားလုံး ပါလာနိုင်လေ ကောင်းလေပေါ့ ဗျာ။ NCA ဝင်ထိုးနိုင်လေ၊ NCA မထိုးနိုင်ရင်တောင်မှ DOC (NCA လမ်းကြောင်းအတိုင်း လျှောက် လှမ်းမည်ဆိုသည့် ကတိပြုချက်) ထိုးနိုင်ရင် DOC ပေါ့ဗျာ။ နောက် ဆုံးအချိန်ထိ ကျွန်တော်တို့ဘက် က ကြိုးစားနေမှာပါ’’ဟု ဆိုသည်။

၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးတွင် နိုင်ငံရေးဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဟု အစိုးရ နှင့် NCA ရေးထိုးထားသည့် အဖွဲ့ခေါင်းဆောင်များက ကြွေးကြော်ခဲ့ကြသည်။

နိုင်ငံရေးသဘောတူညီချက်ချမှတ်နိုင်ရေး အစိုးရ၊ လွှတ်တော်၊တပ်မတော်၊ NCA လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေး ပါတီကိုယ်စားလှယ်များက ညီလာခံမတိုင်မီ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး  ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင်လည်း ဆွေးနွေးညှိနှိုင်းခဲ့သည်။ NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှိနေ သေးသည့် အခြေအနေတွင် အား လုံးလက်ခံနိုင်သည့် အခြေခံမူများ ချမှတ်ရေးကို ဦးတည်ညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။

မေလ ၁၂ ရက်က ကျင်းပခဲ့သည့် UPDJC အစည်းအဝေးတွင် ၂၁ ရာစုပင်လုံညီလာခံ၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ စသည့်ကဏ္ဍလေးခုမှ အကြောင်းအရာများကို ဆွေးနွေးရန် သဘောတူညီခဲ့သည်။ ယင်းသဘောတူညီမှုတွင် ဖက်ဒရယ် ပြည်ထောင်စုစနစ်ကျင့်သုံးရေး အဓိကအချက်ဖြစ်သည့် တိုင်းနှင့်ပြည်နယ်ဖွဲ့စည်း ပုံအခြေခံဥပဒေရေးဆွဲရန် အပါအဝင် နိုင်ငံရေးဆိုင်ရာ အချက်များ သဘောတူညီမှုရရှိခဲ့သည်။

ဆယ်စုနှစ်ပေါင်းများစွာအ တွင်း သမိုင်းဝင်သဘောတူညီချက်ဟု အစိုးရနှင့် တိုင်းရင်းသား ကိုယ်စားလှယ်အချို့က ဆိုသည်။ သို့ရာတွင် ယင်းသဘောတူညီ ချက်ကို ၂၁ ရာစုပင်လုံညီလာခံ တွင် အတည်ပြုနိုင်၊ မပြုနိုင်ဆို သည်ကို စောင့်ကြည့်ရမည်ဖြစ် သည်။ ၂၁ ရာစုပင်လုံညီလာခံတွင် ဆွေးနွေးသည့် အကြောင်း အရာများကို အတည်ပြုနိုင်ရန် ညီလာခံတက်ရောက်သည့် အစု အဖွဲ့အသီးသီး၏ သဘောတူညီမှု ရရှိရန် လိုအပ်သည်။

ညီလာခံဒုတိယအစည်းအ ဝေးတွင် ဆွေးနွေးမည့်အကြောင်း အရာများကို တပ်မတော်က တင်သွင်းသည့် စာတမ်း၊ နိုင်ငံရေးပါတီများက တင်သွင်းသည့် စာ တမ်း၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ခြောက်ခုမှ စာတမ်း များအပေါ် အခြေခံပြီး စုစည်းထားခြင်းဖြစ်သည်။

၂၁ ရာစုပင်လုံညီလာခံအ တည်ပြုချက်များကို ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုကာ ယင်းစာချုပ်ပါ အချက်များဖြင့် တည်ဆဲဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အစိုးရမူဝါဒများ ပြင်ဆင်ရေး လုပ်ဆောင်မည်ဖြစ် ကြောင်း သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ဆိုသည်။

‘‘ပြည်ထောင်စုသဘောတူ ညီချက်က ရလာတဲ့ဟာတွေက အကုန်လုံးက အခြေခံဥပဒေတွေ ဟုတ်ချင်မှ ဟုတ်မယ်။ တချို့ဟာ တွေက တည်ဆဲဥပဒေတွေ ပြင်ပေးဖို့ ဖြစ်တယ်။ တချို့ဟာတွေက အစိုးရမူဝါဒတွေ စည်းမျဉ်းစည်း ကမ်းတွေ ပြင်ပေးဖို့ဖြစ်တယ်။ တချို့ဟာတွေကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ဖြစ်တယ်။ အဲဒီလိုသွားမှာ’’ဟု ၎င်းကဆိုသည်။

၂၁ ပင်လုံဒုတိယအစည်းအဝေး အားနည်းချက်များ

၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မစုံလင် ခြင်း၊ ညီလာခံမတိုင်မီ NCA  ရေးထိုးထားသည့် အဖွဲ့အချို့က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ခွင့်မရရှိခြင်းစသည့် အားနည်းချက်များရှိနေကြောင်း ဝေဖန်မှုများလည်း ရှိသည်။

NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်နိုင်ရေး အခင်းအကျင်းကို ဖန်တီးရာတွင် ကြန့်ကြာမှုရှိသလို အားနည်းချက်များရှိနေ ကြောင်းနှင့် NCA ထိုးထားသည့် တိုင်းရင်းသားအဖွဲ့များနှင့်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများကို ကောင်းမွန်စွာ ကျင်း ပနိုင်ခြင်းမရှိဟု အကဲခတ်များက ထောက်ပြပြောဆိုသည်။

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့အနက် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (ALP) တို့သည် ၎င်းတို့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပ နိုင်သေးပေ။ ရခိုင်ဒေသအခြေအ နေအရ ALP ကို လူမျိုးအလိုက် ကျင်းပခွင့် ဆိုင်းငံ့ထားခြင်းဖြစ် သည်။ RCSS အဖွဲ့အနေဖြင့် လူ မျိုးအလိုက် ဆွေးနွေးပွဲကျင်းပခွင့် ရရှိသော်လည်း ကျင်းပမည့်နေရာ ညှိနှိုင်းမရ၍ မကျင်းပနိုင်ခြင်းဖြစ် သည်။

RCSS က တောင်ကြီး(သို့ မဟုတ်) ပင်လုံမြို့တို့တွင် ကျင်းပခွင့်ရရှိရေးကြိုးစားခဲ့သော်လည်း တပ်မတော်က မိုင်းပန်၊ မုံးထော်/ မုံးထနှင့် နမ့်ပန်ခွန်မြို့တို့တွင်သာ ကျင်းပရန် ထောက်ခံခဲ့ခြင်းဖြစ် သည်။

ယင်းအခြေအနေ၏ နောက် ဆက်တွဲအဖြစ် ညီလာခံကျင်းပရန် ရက်ပိုင်းအလိုတွင် RCSS က ရှမ်း လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ  ခံ ၂၁ ရာစုပင်လုံဒုတိယအစည်း အဝေး၌ မည်သည့်အဆိုပြုချက်မှ တင်ပြနိုင်မည်မဟုတ်သဖြင့် ညီ လာခံမှ ရရှိလာမည့် သဘောတူ ညီချက်များကို ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အ ပိုင်း တစ်ရပ်အဖြစ် ချုပ်ဆိုရာတွင် သဘောတူပါဝင်လက် မှတ်ထိုးနိုင် သေးမည် မဟုတ်ကြောင်း ကြေ ညာချက်ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသားအရေး လေ့ လာသူ ဦးမောင်မောင်စိုးက‘‘ အခုက လက်မှတ်မထိုးတဲ့အဖွဲ့တွေက ဆွေးနွေးပွဲမှာ မပါဘူး။ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲမှာတောင်မှ ရှမ်းနဲ့ ALP က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ရတော့ RCSS ကြေညာချက်လည်း တွေ့ ပြီးမှာပါ။ သူတို့ကိုယ်တိုင် သဘောတူညီချက်မှာ ပါဝင်လက် မှတ်မထိုးဘူး။ တက်တော့ တက် မယ်ဆိုတော့ သဘောတူညီချက် တွေရဖို့က အကန့်အသတ်ရှိလိမ့် မယ်လို့ ထင်ပါတယ်’’ ဟု မှတ် ချက်ပြုသည်။

‘‘ရရင်လည်း ယေဘုယျကျတဲ့ သဘောတူညီချက်ပေါ့။ အားလုံးငြင်းစရာမလိုတဲ့ အလွန်ယေဘုယျကျတဲ့ သဘောတူညီချက်မျိုး ရကောင်းရနိုင်ပါတယ်’’

NCA မထိုးရသေးသည့်ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) အထွေထွေအတွင်းရေးမှူး ရွှေမျိုးသန့်ကပင်လုံဒုတိယအစည်းအဝေးနှင့် ပတ်သက်၍ယခုကဲ့သို့ သူ၏အမြင်ကိုပြောသည်။

‘‘ဒီတစ်ကြိမ်ရဲ့ ရလဒ်ကလည်း တိုင်းပြည်ရဲ့ပြဿနာတွေ ဖြေရှင်းနိုင်တဲ့ အားလုံးပြီးပြည့်စုံတဲ့ သဘောထားပါဖို့ခက်ခဲတဲ့ ရလဒ်တွေပဲ ထွက်လာမယ်လို့ တွေ့ ရပါတယ်’’

သို့ရာတွင် ပြည်တွင်းငြိမ်း ချမ်းရေးအတွက် တစ်ခုတည်း သောလမ်းကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ၂၁ ပင်လုံပင်ဖြစ်ပြီး အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းမှု များလည်း ရှိသည်။

‘‘နိုင်ငံရေးအဖြေက ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်မှာရှိတယ်။ စစ် မြေပြင်မှာမရှိပါဘူး။ ဒါကြောင့် အခုပင်လုံညီလာခံလမ်းကြောင်းကို အားလုံးဝိုင်းဝန်းကူညီပံ့ပိုးသွားဖို့ လိုအပ်တယ်’’ ဟု KIO ဒုဥက္ကဋ္ဌ ဟောင်း ဒေါက်တာမနမ်တူးဂျာက အကြံပြုသည်။

နှစ်ပေါင်းများစွာ လက်နက် ကိုင်တော်လှန်ခဲ့သည့် အဓိကရည် ရွယ်ချက်ဖြစ်သည့် နိုင်ငံရေးဆွေး နွေးခွင့်သည် လက်ရှိအချိန်တွင် ရ ရှိနေပြီဖြစ်ပြီး အကောင်းဆုံး ဆောင်ရွက်နေကြောင်း ချင်းအမျိုး သားတပ်ဦး (CNF) ဒုဥက္ကဋ္ဌဒေါက် တာ ဆလိုင်းလျန်မှုန်းက ပြော သည်။ ‘‘ဒီနေ့ ဒီအချိန်မှာ အားလုံး ပြည့်စုံခြင်းဆိုတာ နိုင်ငံရေးမှာ မရှိ နိုင်ပါဘူး။ သို့သော် ကျွန်တော်တို့ အခုလုပ်နေတဲ့ဟာကို အတတ်နိုင်ဆုံးကြိုးစားပြီး လုပ်နေပါတယ်’’ ။

၂၁ ပင်လုံဒုတိယအစည်းအဝေးတွင် ကမ္ဘာ့သက်တမ်းအရှည် ကြာဆုံးပြည်တွင်းလက်နက်ကိုင် ပဋိပက္ခရပ်စဲ၍ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးအ တွက် ပြည်သူများလိုလားနေသည့် နိုင်ငံရေးဆုံးဖြတ်ချက်များထွက် ပေါ်လာခြင်း ရှိ၊ မရှိ ရက်ပိုင်းအတွင်း အဖြေထွက်ပေါ်မည်ဖြစ် သည်။ ပအိုးဝ်အဖွဲ့(PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကတော့ ၂၁ ပင်လုံဒုတိယအစည်းအဝေး နှင့် ပတ်သက်၍ ၎င်း၏ သဘောထားကို ယခုကဲ့သို့ ရိုးရှင်းစွာ ပြောသည်။

 ‘‘ဒီတစ်ပတ်တော့ အ၀တ် အစားလာပြတဲ့ ပုံမျိုးမဟုတ်ဘဲနဲ့ အကြိတ်အနယ်ဆွေးနွေးညှိနှိုင်းပြီးတော့ နိုင်ငံရေးဆုံးဖြတ်ချက် ရ လဒ်တစ်ခုထွက်တဲ့အထိလုပ်မှာ ဖြစ်တယ်’’

အောင်ခိုင်
အောင်ဇော်ထွန်း / 7Day/
Wed, 2017-05-24 10:14
Issue No.
အတွဲ (၁၆)၊ အမှတ် (၁၁)

No comments:

Post a Comment