Latest News

Wednesday, April 19, 2017

■ အမေရိကန်ရေတပ်သင်္ဘော USS Carl Vinson ကိုရီးယားကျွန်းဆွယ်သို့ ဦးတည်မောင်းနှင်နေသည်ဆိုသောသတင်း မမှန် ■

■ အမေရိကန်ရေတပ်သင်္ဘော USS Carl Vinson ကိုရီးယားကျွန်းဆွယ်သို့ ဦးတည်မောင်းနှင်နေသည်ဆိုသောသတင်း မမှန် ■

အမေရိကန်နှင့် မြောက်ကိုရီးယားအကြား စစ်ရေးတင်းမာနေစဉ် အမေရိကန်လေယာဉ်တင်သင်္ဘော USS Carl Vinson နှင့် အခြားတိုက်သင်္ဘောသုံးစီး ကိုရီးယားကျွန်းဆွယ်သို့ ဦးတည်မောင်းနှင်နေသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတဦးက ဧပြီ ၁၈ ရက်တွင် ပြောသည်။

USS Carl Vinson ဦးဆောင်သော ရေးကြောင်းတိုက်ခိုက်ရေးသင်္ဘောအဖွဲ့သည် မြောက်ကိုရီးယား၏စစ်သွေးကြွမှုကို ထိရောက်စွာဟန့်တားရန်အတွက် မြောက်ဘက်သို့ ဦးတည်မောင်းနှင်နေကြောင်း အမေရိကန်ရေတပ်က ဧပြီ ၈ ရက်တွင် ပြောသည်။ ထို့ပြင် ပင်တဂွန်အကြီးအကဲ Jim Mattis ကလည်း ဧပြီ ၁၁ ရက်တွင် USS Carl Vinson သည် ကိုရီးယားကျွန်းဆွယ်သို့ မောင်းနှင်နေသည်ဟု ပြောကြားခဲ့ပြီး နောက်တရက်တွင် သမ္မတ ဒေါ်နယ်ထရမ့်က အင်အားကြီးမားသည့် ရေကြောင်းတပ်ဖွဲ့များကို စေလွှတ်ထားကြောင်း ပြောသည်။ အဆိုပါပြောကြားချက်များအရ သတင်းဌာနပေါင်းစုံမှ အမေရိကန်ရေတပ်သင်္ဘောများ ကိုရီးယားကျွန်းဆွယ်သို့ သွားရောက်လျက်ရှိကြောင်း သတင်းများဖော်ပြခဲ့ကြသည်။

ပင်တဂွန်အကြီးအကဲနှင့် ဒေါ်နယ်ထရမ့်တို့ ယင်းသို့ပြောကြားနေစဉ်အတွင်းမှာပင် Carl Vinson နှင့် တိုက်သင်္ဘောသုံးစီးတို့သည် ဆန့်ကျင်ဘက်လားရာသို့ ဦးတည်မောင်းနှင်နေပြီး ကိုရီးယားကျွန်းဆွယ်၏အနောက်တောင်ဘက် မိုင် ၃၅၀၀ ခန့်ကွားဝေးသည့် အိန္ဒိယသမုဒ္ဒရာတွင် သြသတြေးလျရေတပ်နှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်ရန် ခရီးနှင်နေခဲ့သည်။

အဆိုပါစစ်သင်္ဘောများသည် သြစတြေးလျအနောက်တောင်ကမ်းခြေအနီးတွင်ပင် ရှိနေကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိက ဧပြီ ၁၈ ရက်တွင် ပြောသည်။

“၂၄ နာရီအတွင်း ဂျပန်ပင်လယ်ကို သွားမှာဖြစ်ပါတယ်”ဟု ၎င်းအရာရှိက ပြောသည်။

လက်ရှိတွင် Carl Vinson ဆိုက်ရောက်နေသည့် ဂျာဗားပင်လယ်နှင့် ဂျပန်ပင်လယ်သည် ရေမိုင်ထောင်ချီကွာဝေးသည့်အတွက် လာမည့်သီတင်းပတ်တွင်မှ ဂျပန်ပင်လယ်တွင်းသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

သို့ရာတွင် နှစ်ဘက်တင်းမာမှုများက လျော့ကျမသွားဘဲ မြောက်ကိုရီးယားနှင့်ပတ်သက်၍ အမေရိကန်က စိတ်ရှည်သီးခံစွာဆက်ဆံခဲ့သည့် ကာလများ ကုန်လွန်သွားပြီဖြစ်ကြောင်း အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်က ဧပြီ ၁၈ ရက်က ပြောကြားခဲ့ပြီး ပြုံယမ်းဘက်မှလည်း ဒုံးပျံစမ်းသပ်မှုများကို အပတ်စဉ်ပြုလုပ်သွားမည်ဟု တုံ့ပြန်ထားသည်။

မော်ရိုး
Ref: AFP
Source: News Watch

No comments:

Post a Comment