Latest News

Sunday, April 2, 2017

မကွေးမြို့ ရွှေမြတ်မင်းသမီး KTV ဆိုင် မီးလောင်မှုကြောင့် ကျား(၁၁) မ(၄)ဦး သေဆုံး

မကွေးမြို့ ရွှေမြတ်မင်းသမီး KTV ဆိုင် မီးလောင်မှုကြောင့် ကျား(၁၁) မ(၄)ဦး သေဆုံး



ဧပြီ(၃)ရက်

မကွေးမြို့ မြင်သာရပ်ကွက် ၂၉ လမ်းနှင့် သစ္စာလမ်းထောင့်ရှိ ရွှေမြတ်မင်းသမီး KTV ဆိုင်တွင် မီးလောင်မှုကြောင့် ကျား(၁၁)ဦး မ(၄)ဦး စုစုပေါင်း(၁၅)သေဆုံးခဲ့ပြီး၊ မီးလောင်သည့် အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း ဧပြီလ ၃ ရက်နေ့ ည ၁၂ နာရီ ၁၀ မိနစ်အချိန်  မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော် ပြောပြချက် သိရှိရသည်။

အဆိုပါ ရွှေမြတ်မင်းသမီး နှစ်ထပ်အဆောက်အဦး အအေးခန်းကာရာအိုကေ စားသောက်ဆိုင်တွင် ဧပြီ ၂ ရက်နေ့ ည (၁၀း၁၅)နာရီခန့်အချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ကာ မကွေးတိုင်း၊ ခရိုင်၊  မြို့နယ် မီးသတ်ကားများနှင့် ပြည်သူများမှ ဝိုင်ဝန်းငြိမ်းသတ်ပေးခဲ့သောကြောင့် (၁၀း၄၅)နာရီခန့်အချိန်တွင် မီးငြိမ်းခဲ့ပြီး  နှစ်ထပ်အဆောက်အဦးကို ဖြိုဖျက်ကာ ခဲ့ရကြောင်း သိရသည်။

“မီလောင်းတာကတော့ ဒီဆိုင်တစ်ဆိုင်ထဲပါပဲ၊ လူအသေအပျောက်ရှိပါတယ်၊ အခုအခင်းဖြစ်တဲ့ မီးလောင်တဲ့ အဆောက်အဦးအတွင်းကနေ မီးလောင်ကျွမ်းတာပါ။ရှာဖွေမှုလဲပြီးပါပြီ။ မီးလောင်တဲ့အကြောင်းအရင်းကတော့ စုံစမ်းဆဲပါ။”ဟု မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။

မီးလောင်သည့်နေရာသို့ မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်၊ အုပ်ချုပ်ရေးဌာနများမှ တာဝန်ရှိသူများ၊ မကွေးမြို့၊ မင်းဘူးမှ မီးသတ်ကားများနှင့် မီးသတ်ဌာနမှ တာဝန်ရှိသူများ၊ မကွေးမြို့ပေါ်ရှိ ပရဟိတအသင်းများမှ ကူညီခဲ့ပြီး၊ လူနာတင်ကားများမှ  မီးလောင်သည့် နေရာသို့ လာရောက်ကာ ကူညီပေးနေကြောင်း သိရသည်။

“နှစ်ထပ်တိုက် အအေးခန်း ကာရာအိုကေဆိုင်ဖြစ်ပြီး၊ အပေါ်ထပ်က လူတွေ အကုန်သေကုန်တာပါ။   မီးလောင်တဲ့ အချိန်ကတော့ ဝေါဝေါဆိုပြီး မီးသတ်ကားသံကြားတာပဲ။”ဟု မကွေးမြို့ ဒေသခံ ကိုမျိုးဝင်းက ပြောသည်။

လက်ရှိအချိန်တွင် ရွှေမြတ်မင်းသမီး အအေးခန်း ကာရာအိုကေဆိုင် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ စုံစမ်းနေဆဲဖြစ်ကြောင်း၊ နှစ်ထပ်တိုက်တစ်လုံးလည်း မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးခဲ့ရပြီး၊ မီးပေါ့ဆမှုဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Photo သန်းနိုင်ဦး(ငဖဲ)

ဇော်မင်း (မြစ်မခ)

No comments:

Post a Comment