Latest News

Monday, April 24, 2017

နွေးနွေးထွေးထွေး အိမ်ထောင်ရေး (၂)လက်ထပ်ပြီးတဲ့အခါ….

နွေးနွေးထွေးထွေး အိမ်ထောင်ရေး
(၂)လက်ထပ်ပြီးတဲ့အခါ….

အမြဲတမ်းကိုယ့်ကို ချစ်သူရဲ့အလိုလိုက်ဂရုစိုက်တဲ့ဆက်ဆံရေးကို လိုချင်တယ်ဆိုရင် ချစ်သူ သက်တမ်းကို အဆုံးမသတ်လိုက်ပါနဲ့…၊ လက်ထပ်ခြင်းဆိုတာ ချစ်သူဘ၀ရဲ့အဆုံးသတ်ပါ …ဆိုတဲ့စကားလေးရှိတယ်။

သဘောကတော့  ချစ်သူ ဘ၀မှာတော့ ကျွန်မတို့အမျိုးသမီးတွေဟာ ချစ်သူအမျိုးသားရဲ့ အရာအားလုံးထက် အရေးပေးခြင်းနဲ့ချစ်ခင်ယုယခြင်းကို အပြည့်အ၀ ရရှိကြတယ်၊ ဒါပေမဲ့ အိမ်ထောင်သည်ဘ၀လည်း ရောက်လာရော  တဖြည်းဖြည်းနဲ့ အချစ်တွေနဲ့ကြင်နာယုယမှုတွေက လျော့လျော့လာခဲ့ကြတာ။ နောက်ဆုံး သားရေကြိုးလို ပဲဖြစ်လေရဲ့လို့ဆိုပါတယ်။

သားရေကြိုးဆိုတာ ရစ်ပတ်စက တင်းကြပ်ပေမဲ့အချိန်ကြာလာလေ လျော့လျော့ သွားတတ်လေပါပဲ၊ ဒါကြောင့်အမျိုးသားတွေရဲ့အချစ်ကို သားရေကြိုးနဲ့ခိုင်းနှိုင်းကြတာလို့ နားလည်မိတယ်။ကျွန်မကတော့အဲဒီလို နားလည်ထားပေမဲ့ အမျိုးသားအားလုံးက တော့သားရေကြိုးလိုအချစ်မျိုး မဟုတ်ပါဘူးလို့မျှော်လင့်မိပါသေးတယ်။

အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ်ပါ ချစ်သူဘ၀နဲ့ အိမ်ထောင်သည် ဘ၀ မတူတော့ဘူးဆိုတာကိုတော့အားလုံးက နားလည်ထားရမှာပါပဲ။ ချစ်သူဘ၀တုန်းက ဘ၀ အရေးဆိုတာ သိပ်မတွေးခဲ့ကြလေသမျှ၊ တကယ့်ဘ၀ဆိုတာကို အိမ်ထောင်သည ဘ၀မှာ တွေ့ရတဲ့အခါ ထင်မှတ်ထားတဲ့ကြည်နှူးပျော်ရွှင်မှုတွေက တစ်ဝက်၊ စိတ်ပျက်စရာတွေက တစ်ဝက်နဲ့ရောယှက်တဲ့ ခံစားမှုတွေကို ကြုံကြရတာပါ။

အိမ်ထောင်သည်ဘ၀မှာ အမျိုးသမီးတွေက ချစ်သူဘ၀တုန်းကလို ချွဲနွဲ့ချင်တာ ၊ နွဲ့ဆိုးဆိုးချင်တာ၊ အရာရာကို စိတ်ကောက်ပြီး အနိုင်ယူချင်တာ၊ ကိုယ်နဲ့သူရဲ့ နှစ်ယောက်တည်း ကမ္ဘာပဲတည်ဆောက်ချင်တာ တွေလည်း လျော့ရသလို၊ အမျိုးသားတွေကလည်း လူပျိုဘ၀တုန်းကလို  သူငယ်ချင်းတွေနဲ့ သွားလာ လည်ပတ်ချင်တဲ့စိတ်၊ အသုံးအဖြုန်းနဲ့အသောက်အစားမက်တာ၊ ကောင်မလေးတွေနဲ့ ပရောပရီနေထိုင်ချင်တာ၊ အလုပ်မလုပ်ဘဲ ပျော်သလို နေချင်တာ ဆိုတာတွေကိုလည်း လျော့ရပါတယ်။

အဲဒီလိုမှ မလျော့နိုင်ဘူးဆိုရင် အိမ်ထောင်မပြုတာ အကောင်းဆုံးလို့သာ ဆိုချင်တော့တယ်။

အိမ်ထောင်ပြုပြီဆိုတာနဲ့  ဘယ်လို ပြုမှာလဲ၊ မင်္ဂလာဆောင်မှာလား ၊ ဘယ်မှာနေမှာလဲ စတဲ့မေးခွန်းတွေကစပြီး နောက်ဆုံး ဘယ်လိုနှစ်ယောက်သား ရပ်တည်ရှင်သန်ကြမလဲ ဆိုတာအဆုံး အလေးထားစရာတွေ ဖြစ်လာပါတော့တယ်။

ကျွန်မတို့တုန်းကတော့ မင်္ဂလာဆောင်ဖို့ သူရော ကိုယ်ပါ ပိုက်ဆံစုခဲ့ကြရတယ်။ သူက တပ်မတော်သားဝန်ထမ်းမိသားစု၊ ကျွန်မက အဖေနိုင်ငံရေးသမားနဲ့အမေ ကျောင်းဆရာမ သမီး ဆိုတော့ နှစ်ဘက်စလုံးက မင်္ဂလာဆောင်ပေးနိုင်တဲ့အခြေအနေမျိုး မရှိခဲ့ကြပါဘူး။
ဒါကြောင့် ရိုးရိုးလေးနဲ့ငွေကုန်ကြေးကျလည်း မများတဲ့ပကာသနတွေလည်း မပါတဲ့ လက်ထပ်ပွဲလေးကို မျှော်လင့်ခဲ့ကြတယ။်

မင်္ဂလာဆောင်ခြင်းဆိုတာ သူရော ကိုယ်ပါ နှစ်ယောက်စလုံးအတွက် အရေးကြီးတယ်လို့လက်ခံယူဆတဲ့အတွက်သူက လက်ထပ်မယ်လို့ ဆုံဖြတ်ပြီးတဲ့နေ့ကစပြီး ပိုက်ဆံစုပါတယ်။

စုလို့ရတဲ့ပိုက်ဆံလေးတွေနဲ့ရွှေနားကပ်၊ ရွှေလက်ကောက်လေး နှစ်ကွင်း၊ ဆွဲကြိုးလေးတစ်ကုံး။  မင်္ဂလာ လက်စွပ်လေး နှစ်ကွင်း စတာတွေကို ဖြည်းဖြည်းခြင်း စုသွားခဲ့တယ်.။ဒါနဲ့ လက်ထပ်ပြီး၊ အောင်ဓမ္မရိပ်သာမှာ မင်္ဂလာဦးဆွမ်းကျွေးကြတယ်။

အဲဒီတုန်းက တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ပြီး ရာသက်ပန်ရိုးမြေကျ ပေါင်းကြမယ်နော်၊ ကိုယ့်စိတ်နဲ့သူ့စိတ် ထပ်တူမကျတဲ့ကိစ္စတွေကိုလည်း ညှိုနှိုင်းမယ်၊  သူ့အလို၊ကိုယ့်အလို မျှမျှတတ ရှိစေရမယ်။ ပြီးတော့အရေးကြီးတဲက နှစ်ဘက်မိဘတွေကိုလည်း သူ့မိဘ၊ ကိုယ့်မိဘ အားလုံးဟာ ကိုယ့်မိဘလို့သတ်မှတ်ပြီး ရိုသေလေးစားမယ်၊ အလုပ်အကျွေးပြုမယ်။ လူ့လောကရဲ့အခြေခံတာဝန်များကိုလည်း ထမ်းဆောင်မယ်။ ဘာပဲဖြစ်ဖြစ် စိတ်မညစ်ဘဲပျော်ရွှင်အေးချမ်းစွာ နေထိုင်ကြမယ်လို့  ရည်းမှန်းဆုံးဖြတ်ခဲ့ကြပါတယ်။

 အိမ်ထောင်ရေးမှာ တစ်ယောက်ကို တစ်ယောက် စိတ်ပျက်ကြတယ်ဆိုတာ အိမ်ထောင်သည် ကြာမှ မဟုတ်ပါဘူး။ အိမ်ထောင်သက်ကဖြင့်  တစ်နှစ်မပြည့်သေးဘူး၊ တစ်ယောက်ကို တစ်ယောက် စိတ်ကုန်လို့စိတ်ပျက်လို့ လမ်းခွဲလိုက်ကြတဲ့အတွဲတွေလည်း ရှိပါတယ်။

အိမ်ထောင်ရေး ဖောက်ပြန်လို့၊ သံသယဒဏ်မခံနိုင်လို့၊ ယောက္ခမ၊ ယောက်မတွေနဲ့ မတည့်လို့၊ ငွေကြေးအရ တာဝန်မယူပေးလို့…စတဲ့အကြောင်းခြင်းရာတွေနဲ့လမ်းခွဲခဲ့ကြတာလည်း တွေ့ရတာပါပဲ။

ကျွန်မရဲ့အတွေ့အကြုံအရတော့ ကိုယ်နဲ့သူနဲ့ လက်ထပ်လိုက်တဲ့အခါ ကိုယ်နဲ့သူက မြစ်ရေပြင်ကျယ်ထဲရောက်သွားတဲ့လှေတစ်စီးပေါ်ကို အတူတူ တက်ထိုင်လိုက်ကြသလိုပါပဲ။ လှေတစ်စင်းမှာ သူနဲ့ကိုယ်က ဦးနဲ့ပဲ့မှာထိုင်ပြီး လှော်ခတ်နေကြတဲ့ခရီးသည်တွေလို့ ဆိုကြပါတယ်။

အိမ်ထောင်ရေးလှေပေါ်မှာ အမျိုသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကတော့ပဲ့ကိုင်နေရာကို ယူကြရတာပါပဲ။ နှစ်ယောက်စလုံးက တက်ညီလက်ညီလှော်ခတ်ရတဲ့ အခါ ရှိသလို၊ ရေစီးနဲ့ အတူ မြောလိုက်ခွင့်ကြုံတဲ့ အခါလည်း ရှိနိုင်တယ်။  ပြီးတော့ရေဆန်ကို ဇွဲနဲ့လှော်ခတ်ရတဲ့ အချိန်ဆိုတာလည်း ရှိနိုင်တာပါပဲ။  သူ ရပ်ချင်တဲ့နေရာမှာ ကိုယ်က မရပ်သင့်ဘူးလို့ တွေးတဲ့အခါ သူနဲ့ကိုယ်နဲ့ ညှိုနှိုင်းရတာတွေလည်း ရှိတယ်။

အိမ်ထောင်ရေးလှေလည်း သာယာအေချမ်းပြီး ပျော်ရွှင်စွာ လှော်ခတ်နိုင်ဖို့ ဆိုရင်   ကျွန်မတို့ရဲ့အိမ်ထောင်သက် ၁၈ နှစ်ရဲ့ အတွေ့အကြုံနဲ့အသတိထားမိတဲ့ အချက် ၁၈ ချက်ရှိပါတယ်။  အဲဒီ ၁၈ ချက်ကို ကိုယ့်အနေနဲ့ဂရုတစိုက် နေထိုင်မယ်ဆိုရင် ပြဿာနာ ကြီးကြီးမားမား မရှိသလို၊ တွေ့ကြုံရတဲ့အဆင်မပြေမှုတွေနဲ့ အခက်အခဲတွေကိုလည်း ရင်ဆိုင်ဖြေရှင်းနိုင်ကြပါတယ်။

ပထမဆုံး အိမ်ထောင်ဦးမှာ တွေ့ကြုံရတာက ကိုယ့်အနေနဲ့ခင်ပွန်း(သို့မဟုတ်) ဇနီးသည်တွေရဲ့မိသားစုနဲ့မိတ်ဆွေသူငယ်ချင်းတွေအပေါ် ပဿနာ မရှာမိအောင် ကြိုးစားနေထိုင်ဖို့ပါပဲ။

အိမ်ထောင်ဦးမှာ  သူ့ကို ကိုယ်ပိုင်တယ်ဆိုတဲ့အသိနဲ့ ကြည်နှူးကျေနပ်ရသလို၊ ခံစားရတဲ့စိတ်လည်း ရှိပါတယ်။ ဒါကတော့ဘယ်နေရာမဆို  လက်ချိတ်ပြီး အတူတူ တွဲပြီး  သွားလာချင်တာ၊ ကိုယ့်ခင်ပွန်း(သို့) ဇနီးသည်က ကိုယ်မဟုတ်တဲ့ သူတွေနဲ့အကြာကြီး စကားပြောရင် မကြိုက်ချင်တာ၊ သူ့အမေနဲ့စကားပြောတာ ၊ ရယ်မောနေတာကိုတောင် ကိုယ်က မကြိုက်ချင်တဲ့သူ၊ သူ့ အစ်မ ညီမတွေနဲ့သူ့ကို ရယ်ရယ်မောမောပျော်ပျော်ရွှင်ရွင်နေချိန်မှာ ကိုယ့်ကို ဂရုမစိုက်တာကို မကျေနပ်နိုင်တာ။

အဲဒီစိတ်ဟာ မနာလိုစိတ်ပါ၊ မနာလိုစိတ်ဟာ ပျော့ညံ့ချက်တစ်မျိုးပါ။
အဲဒီလို စိတ်မျိုး မ၀င်မိစေဘဲနဲ့ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ပျော်အောင် နေပါ။

ဒါကြောင့် သူ့အိမ်သွားတဲ့အခါ မကျေမနပ်ဖြစ်တာတို့၊  လုပ်သမျှ အကုန်စောင့်ကြည့်နေတာတို့၊  တစ်ချိန်လုံး တယ်လီဖုန်းခေါ်ပြီး စစ်ဆေးတာတို့၊ ကိုယ့်အိမ်ထောင်ဖက်ဆီမှာ မင်္သကာစရာ ရှာဖွေတတ်တာတို့ မလုပ်မိပါစေန့၊ ဒါတွေက ကိုယ့်ကို စိတ်ပျက်သွားစေပါတယ်။

သူ့အတွက်လည်း မကောင်းသလို၊ ကိုယ့်ရဲ့စိတ်နေစိတ်ထားကျဉ်းမြောင်းမှုဟာ အများအမြင်မှာလည်း ရှက်စရာကောင်းသွားတတ်ပါတယ်။

အရည်အချင်းရှိတဲ့ မိန်းကလေးဆိုတာ  အကျိုးမရှိတဲ့ အပြုအမူအယူအဆတွေအတွက် ကိုယ့်စိတ်ကိုရော ချစ်သူကိုပါ မထိခိုက်စေပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်သလို၊ ချစ်သူ ခင်ပွန်းကိုလည်း ယုံကြည်တတ်တဲ့အမျိုးသမီးမျိုးပါ။

သူ့ဘေးနားမှာ မခွဲမခွာအတူတူမနေရလို့ မနာလိုပြီး မရယ်မပြုံးနိုင်ဖြစ်နေမဲ့အစား သူ့ဘေးနားမှာ ရှိနေတဲ့သူ့မိသားစုနဲ့သူငယ်ချင်းမိတ်ဆွေတွေကို အပြုံးနဲ့နှုတ်ဆက် ကြိုဆိုပေးပါ။

ကိုယ့်ကိုလည်း သူ့လို ချစ်ခင်ပေးဖို့ ပြောဆိုနိုင်ရင် သိပ်ကောင်းပါတယ်။ ကိုယ့်ရဲ့လူမှုဆက်ဆံရေးနဲ့ စိတ်ကောင်းရှိမှုအတွက်အများတကာရဲ့လေးစားချစ်ခင်ခြင်းကိုပါ ရရှိနိုင်ပါသေးတယ်။

ဒီလို လူမှုဆက်ဆံရေးအကြောင်းနားလည်တဲ့ အိမ်ထောင်ဘက်ကို ပိုင်ဆိုင်ရတဲ့သူ အနေနဲ့လည်း ဆွေမျိုးတွေနဲ့မိတ်ဆွေသူငယ်ချင်းတွေအလည်မှာ ဂုဏ်ယူစရာတောင် ဖြစ်ပါသေးတယ်။

မနက်ဖြန်မှာတော့ ကျန်တဲ့အချက်တွေကို ဆက် ရေးပါဦးမယ်နော်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment