စားသောက်ဆိုင်တွင်း မူးယစ်ဆေးဝါး သုံးစွဲနေသူကို ဖမ်းဆီး
ဧပြီလ ၂၃ ရက်နေ့ ညပိုင်းက သထုံမြို့ အောင်သစ္စာစားသောက်ဆိုင်တွင်း အခန်းဝင် ဧည့်သည် တဦးထံက စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းမိခဲ့တယ်လို့ သထုံမြို့မရဲစခန်းက သိရပါတယ်။
မွန်ပြည်နယ် သထုံမြို့ ဘင်လှိုင်ရပ်ကွက်ရှိ အောင်သစ္စာ စားသောက်ဆိုင်တွင်း မူးယစ်ဆေးဝါး သတင်းအရ သထုံခရိုင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေဟာ ဧပြီ ၂၃ ရက်နေ့ ည ၁၀ နာရီကျော်က ၀င်ရောက်ရှာဖွေခဲ့ရာ အခန်းအမှတ်(R-4)အခန်းတွင်းမှာ နန်းခဲရပ်ကွက် ရုံးကြီးလမ်း နေသူ အသက် ၄၂ အရွယ် ကျော်ကျော်ရဲ့ အခန်းစားပွဲပေါ်မှာ Red Ruby ဆေးလိပ်ဘူးအတွင်းမှ အအေးစုပ်ပိုက်နဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြားတွေဖမ်းခဲ့တာပါ။
WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၂၃ ပြားကို ကျော်ကျော်ဝတ်ဆင်ထားတဲ့ ဦးဂျမ်းတံဆိပ်ပါ မဲပြာရောင်ပုဆိုးအတွင်းဘက်တွင် နှစ်ဘက်တိတ်အပေါ်မှ မီးတိတ်အနက်နဲ့ ထပ်ကပ်ထားတဲ့ စက္ကူခေါက်အတွင်းက အအေးစုပ်ပိုက် ၃ ပိုင်း အတွင်း ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၃၀ ပြား၊ စုစုပေါင်းဆေးပြား ၅၃ ပြား၊ အလေးချိန် ၅.၃ ဂရမ်လောက်နဲ့ စားပွဲပေါ်မှ ခဲစက္ကူအပိုင်း တရွက်၊ ငွေစက္ကူရောရာ ၅၃၂၀၀ ကျပ်၊ အပြာရောင် ဂတ်စ်မီးခြစ် ၁ လုံး၊ အစိမ်းရောင်ဂတ်စ်မီးခြစ် ၁ လုံး၊ ဆင်းကတ် ၂ ခုပါ Huawei အနက်ရောင် လက်ကိုင်ဖုန်းတလုံး၊ ဆင်းကတ် ၁ ခုပါ Samsung အဖြူရောင် ဖုန်းတလုံးနဲ့ စီးနှင်းလာတဲ့ Honda Dream အနက်ရောင်ဆိုင်ကယ်တစီးကို ဖမ်းဆီးသိမ်းဆည်းခဲ့တယ်လို့ ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
အမှုနှင့် ပတ်သက်ပြီး ကျော်ကျော်ကို သထုံမြို့မရဲစခန်းမှ မယ(ပ)၃/၂၀၁၇၊ မူးယစ်စိတ်ပြောင်းပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ သထုံမြို့မရဲစခန်းက အမှု ဖွင့်လှစ်ထားကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။
သတင်း – ယူမင်းစိုး၊ ဓာတ်ပုံ – ရဲစခန်း
DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment