Latest News

Friday, April 7, 2017

မြောင်းမြမြို့နယ် ၀ါးချောင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လုပ်ဆောင်သည့် ကျပ်သိန်း ၂၀၀ တန် စက်ရေတွင်းမှာ အရည်အသွေးပြည့်မီခြင်း မရှိကြောင်းစစ်ဆေးတွေ့ရှိ

 
မြောင်းမြမြို့နယ် ၀ါးချောင်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ဖြင့် လုပ်ဆောင်သည့် ကျပ်သိန်း ၂၀၀ တန် လေးပေအကျယ် ပေ ၆၀၀ အနက် စက်ရေတွင်းမှာ အရည်အသွေးပြည့်မီခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သတင်း ရရှိသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကျေးလက်ဒေသ သောက်သုံးရေ ရရှိရေး စီမံချက်အရ ၀ါးချောင်းကျေးရွာတွင် ကျပ်သိန်း ၂၀၀ တန်ဖိုးရှိ လေးပေအကျယ်၊ ပေ ၆၀၀ အနက် ရေစစ်ကန်၊ ရေလှောင်ကန် နှင့် စက်ကိရိယာများအပါအ၀င် တူးဖော်တပ်ဆင်ရေး လုပ်ငန်းအား တင်ဒါအောင် ကုမ္ပဏီဖြစ်သည့် ဧကရာဇ်မင်းကုမ္ပဏီအား လုပ်ငန်းများ လုပ်ဆောင်ရန် ချထားပေးခဲ့ကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင်  သတ်မှတ်ထားသည့် ပေ ၆၀၀ အနက်အစား ပေ ၂၇၀ ခန့်ကိုသာ တူးဖော်ပေးခဲ့ကြောင်း၊ ရေလှောင်ကန်များ တည်ဆောက်ရာ၌လည်း အောက်ခံ ကွန်ကရစ် ကျောက်ထုတ်များ လုပ်ဆောင်ရာတွင် ကျောက်စရစ်များ အသုံးပြုရမည့်အစား အုတ်ကျိုးများကိုသာ အသုံးပြုခြင်း၊ ရေကန်များမှ ရေစိမ့်ခြင်း၊ ရေကန်အမိုးအား မည်သည့်အချုပ်မှ မဆွဲဘဲ ကန်ပေါ်တွင်သာ ယာယီတင်ထားခြင်း၊ သံလှေကားများအား မူလီအနည်းငယ်သာ ဆွဲထားပြီး လုပ်ဆောင်ထားခြင်းများကို ပြုလုပ်ထားခဲ့ကြောင်း၊ ယင်းကဲ့သို့ အရည်အသွေးမပြည့်မီကြောင်းကို ဒေသခံပြည်သူများ၏ တိုင်ကြားချက်များအရ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်အဖွဲ့က လာရောက်စစ်ဆေးရာတွင် အရည်အသွေး မပြည့်မီကြောင်းကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

“ရေကန်လုပ်တော့ ကျောက်ထုပ်တွေမှာ အုတ်ကျိုးတွေထည့်လောင်းတယ်။ ကန်ကလည်း ရွဲ့စောင်းနေပြီး ရေမလုံဘူး။ အပေါ် အမိုးကလည်း ကန်ပေါ်မှာ တင်ရုံလေးတင်ထားတာ လေတိုက်တာနဲ့လွှင့်ကျမှာ၊ ဘိလပ်မြေသားတွေကလည်း လက်နဲ့ခြစ်ရုံနဲ့တောင် ပဲကျတယ်။ ရေကန်ပေါ်တက်တဲ့ လှေကားကလည်း တပ်တယ်ဆိုရုံလေး တပ်ထားတယ်။ ဒါကြောင့် ဒီရေကန်က သုံးလို့လည်း မရဖြစ်နေပြီး အန္တရာယ်လည်းရှိလို့ တင်ပြတာ ဒါကို တိုင်းညွှန်မှူးကြီးကလည်း လာရောက်စစ်ဆေးပါတယ်။ ရွာကလူတွေနဲ့ ညှိနှိုင်းပြီးတော့ ကုမ္ပဏီကိုလည်း ပြင်ဆင်ခိုင်းပါတယ်” ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်ကိုလတ်က ပြောကြားသည်။

စစ်ဆေးတွေ့ရှိချက်များနှင့်ပတ်သက်၍ တိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသန်းက “မြောင်းမြမြို့နယ် ဦးစီးမှူးက ဒီလုပ်ရမဲ့ လုပ်ငန်းစဉ်တွေကို ကျေးရွာကော်မတီကို အသေးစိတ်နားလည်အောင် မရှင်းပြဘူး။ နောက်တစ်ခုက သူကိုယ်တိုင်ကလည်း သွား ရောက်သင့်တဲ့ အဆင့်အတိုင်းအတွက် သူ သွားရောက်ကြည့်ရှုခဲ့တာ မရှိဘူး။ ဒါကျွန်တော့်ဆီက မြို့နယ်မှူးရဲ့ အားနည်းချက်ပေါ့၊ တည်ဆောက်ရေး ကာလတစ်လျှောက် ကျွန်တော်ကိုယ်တိုင် မရှိခဲ့သော်လည်း မှတ်တမ်းတွေအရ မျက်မြင်တွေ့ရတဲ့ အနေအထားအရ၊ ဒီရေစင်သည် ခိုင်ခံ့စိတ်ချရတဲ့အနေမှာ ရှိတယ်။ သို့သော်လည်း ရေစင်မှာရှိတဲ့ ရေကန်ဟာ ခိုင်ခံ့စိတ်ချရတဲ့ အနေအထားမှာ မရှိဘူး။ ဒါကြောင့် ဒီရေကန်ကို ပြန်ပြင်ဖို့ ကျေးရွာသားတွေရဲ့ဆန္ဒအရ လုပ်ဆောင်ပေးခဲ့ပါတယ်” ဟု ပြောကြားသည်။

Writer: 
မင်းသူဝင်းထွဋ် (မြောင်းမြ)
Eleven Media Group

No comments:

Post a Comment