Latest News

Tuesday, April 4, 2017

စိန့်ပီတာစဘာ့ဂ် ရထားဗုံးခွဲမှု တရားခံမှာ အာရှအလယ်ပိုင်း နိုင်ငံတစ်ခုမှဟု ရုရှားမီဒီယာများ ဖော်ပြ

စိန့်ပီတာစဘာ့ဂ် ရထားဗုံးခွဲမှု တရားခံမှာ အာရှအလယ်ပိုင်း နိုင်ငံတစ်ခုမှဟု ရုရှားမီဒီယာများ ဖော်ြ


စိန့်ပီတာစဘာ့ဂ်မြို့ မြေအောက်ရထားပေါ် ဗုံးခွဲမှု၏ တရားခံသည် အာရှအလယ်ပိုင်း နိုင်ငံတစ်ခုမှ ဖြစ်ကြောင်း ရုရှားမီဒီယာများက ဖော်ပြခဲ့သည်။

ဧပြီ ၃ ရက် ညနေပိုင်းက စိန့်ပီတာစဘာ့ဂ်ရှိ ရထားတစ်စီးပေါ်တွင် သံတိုသံစများ ဖြည့်ထားသည့် ဗုံးတစ်လုံး ပေါက်ကွဲရာ လူပေါင်း ၁၁ ဦး သေဆုံးပြီး ၄၅ ဦးထက်မနည်း ဒဏ်ရာများ ရခဲ့သည်။ ရထားသည် မြို့ထဲရှိ ဘူတာနှစ်ခုကြား မောင်းနှင်နေစဉ် ယခုပေါက်ကွဲမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Interfaxနှင့် Tass သတင်းဌာနများက သံသယ တရားခံ မည်သူမည်ဝါ ဆိုသည်ကို သိရှိထားပြီဟု အသီးသီး ဖော်ပြကြသော်လည်း သတင်းများမှာ ရှုပ်ထွေးနေဆဲ ဖြစ်သည်။ သတင်းအချို့၌ ယခုတိုက်ခိုက်မှုသည် အသေခံ ဗုံးသမား တစ်ဦး၏ လက်ချက်ဟု ဖော်ပြလျက် ရှိကြသည်။ အားအကောင်းဆုံး ထွက်ပေါ်နေသည့် သတင်းများ အရမူ ဗုံးဖောက်ခွဲမှု ကျူးလွန်သူသည် အာရှအလယ်ပိုင်း နိုင်ငံတစ်ခုမှဖြစ်ပြီး အသက် ၂၀ ကျော် အရွယ်မျှ ဖြစ်သည်ဟု သိရသည်။

စိန့်ပီတာစဘာ့ဂ်မြို့ အာဏာပိုင်များက အခင်းဖြစ်ပြီးနောက် ဝမ်းနည်းကြေကွဲမှု ကာလကို ၃ ရက်တာ သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် ထိုမြို့ထဲ၌ ရှိနေခဲ့သည့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အခင်းဖြစ်သည့် နေရာသို့ ကိုယ်တိုင် သွားရောက်ခဲ့ပြီး ယာယီ တည်ဆောက်ထားသည့် ကြေကွဲမှု အထိမ်းအမှတ် နေရာတွင် ပန်းစည်း သွားရောက် ထားရှိခဲ့သည်။

ရုရှား ထောက်လှမ်းရေးများက ယခုဖြစ်စဉ်ကို အကြမ်းဖက်မှု တစ်ခုအဖြစ် ယူဆကြောင်း ပြောဆိုခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ကြေညာခြင်း မရှိချေ။ မည်သည့် အဖွဲ့အစည်းကမျှလည်း ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ တာဝန်ရှိကြောင်း မထုတ်ပြန်ခဲ့ချေ။

ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ်က စိန့်ပီတာစဘာ့ဂ် ဗုံးခွဲမှုသည် အကြမ်းဖက် လုပ်ရပ်တစ်ခုအဖြစ် စွပ်စွဲ ရေးသားခဲ့သည်။ ထို့အပြင် ကမ္ဘာ့နိုင်ငံ အသီးသီးကလည်း ထိုလုပ်ရပ်ကို ဝေဖန် ရှုတ်ချခဲ့ကြသည်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်သည် ပူတင်ထံ ဖုန်းဆက်ပြီး ယခုအကြမ်းဖက်မှု ကျူးလွန်သူများကို တရားဥပဒေအတိုင်း စီရင်နိုင်ရေးအတွက် အပြည့်အဝ ထောက်ပံ့ ကူညီမည်ဟု ကတိပေးခဲ့ကြောင်း အိမ်ဖြူတော်က ကြေညာသည်။ ဂျာမန် အဓိပတိ အန်ဂျလာ မာကယ်လ်ကလည်း ထိုဗုံးခွဲမှုသည် လူမဆန်သည့် လုပ်ရပ်တစ်ခုအဖြစ် ပြောကြားခဲ့သည်။

အစောပိုင်းက ရထားနှစ်စီးတွင် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ အာဏာပိုင်များက ဘူတာနှစ်ခုကြားတွင် ရထားတစ်စီးပေါ်၌သာ ဗုံးကွဲခဲ့ခြင်းဟု အတည်ပြုခဲ့သည်။ ယခုတိုက်ခိုက်မှု၏ လက်သည်ကို မသိရသေးသော်လည်း ၂၀၁၀ နောက်ပိုင်း ရုရှား၏ သယ်ယူပို့ဆောင်ရေး ကွန်ရက်ကို ဦးတည်သည့် အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး နှစ်ကြိမ်စလုံးမှာ အစွန်းရောက် အစ္စလာမ်မစ် စစ်သွေးကြွ အုပ်စုများ၏ လက်ချက်ဖြစ်ကြောင်း သိရှိရသည်။

အခင်းဖြစ်သည့် နေရာသို့ သွားရောက်ပြီး ပန်းစည်း ထားရှိနေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်။

Ref: Reuters

7Day News

No comments:

Post a Comment