Latest News

Thursday, April 20, 2017

"အေးအေးဆေးဆေး နေချင်ရင်တော့ ခေါင်းဆောင် မလုပ်နဲ့"

"အေးအေးဆေးဆေး နေချင်ရင်တော့ ခေါင်းဆောင် မလုပ်နဲ့"

အခုဖော်ပြမှာက ခေါင်းဆောင်မှု ပညာနဲ့ ပတ်သက်လို့ ကမ္ဘာ့ နာမည်ကျော် အလီဘာဘာ ကုမ္ပဏီစုကြီးရဲ့ CEO ဂျက်မား (Jack Ma) ရဲ့  မှတ်သားဖွယ် စကားတွေပါ။

အောက်လက်ငယ်သားကို ချစ်ရမယ်
"ပြီးခဲ့တဲ့ ၈ နှစ်လောက်အတွင်းမှာ ကျွန်တော့်ကို လူတွေ ပြောတာ ခဏခဏ ကြားရတယ်။ "ခင်ဗျားက ခေါင်းဆောင်ပဲ။ ကိုယ့် အချိန်ဇယားကို ကိုယ်လိုသလို ဆွဲလိုက် ပြီးရောပေါ့" တဲ့။ တကယ်တမ်းကျတော့ ခေါင်းဆောင်အလုပ်ဆိုတာက ကိုယ့်ကိုယ်ကို နှိမ်ချပြီး အရည်အချင်းရှိတဲ့ 'သူတို့ ဘာတွေ လိုအပ်နေသလဲ ၊ သူတို့ ဘာတွေ လုပ်ဖို့ လိုအပ်နေသလဲဆိုတာ' သိအောင် စူးစမ်းရမှာပါ" လို့ ဂျက်မားက ဆိုပါတယ်။

ဥက္ကဌ အလုပ်၊ ခေါင်းဆောင် အလုပ်ဆိုတာ ကပျက်ကချော် အလုပ် မဟုတ်ဘူး
ဂျက်မားဟာ လူပေါင်း သောင်းချီတဲ့ ကုမ္ပဏီကြီးမှာ ဥက္ကဌ တာဝန်ယူထားသူပါ။ သူ့ဘဝကို ကြည့်ရင် အားကျစရာကြီးလို့ ထင်ရပေမယ့် တာဝန်ကလည်း မသေးပါဘူး။ "တစ်ခုခု ပြဿနာဖြစ်ရင် ဖြစ်ဖြစ်ချင်းမှာ ကျွန်တော် ဖြေရှင်းဖို့ လိုပါတယ်။ ကြားရက် ဗုဒ္ဓဟူးနေ့ကြီး မနက် ၆ နာရီ မှာ ဖြစ်ဖြစ်၊ စနေနေ့မှာ ဖြစ်ဖြစ်၊ ကျွန်တော့် အရင်းနှီးဆုံး မိတ်ဆွေရဲ့ မွေးနေ့မှာ ဖြစ်ဖြစ် ကိစ္စပေါ်လာရင် ရှောင်လွှဲမရပါဘူး" လို့ ဂျက်မားက ပြောပါတယ်။ "အေးအေးဆေးဆေး နေချင်ရင်တော့ ခေါင်းဆောင်လုပ်လို့ မရဘူး" လို့ သူက ဆိုပါတယ်။

လူတွေကို တွန်းပါ၊ ကောင်းကောင်း မောင်းနှင် အသုံးချပါ
အခက်အခဲကြီးတွေ ဖြေရှင်းတာနဲ့ ပတ်သက်လာရင် ဂျက်မား ပြောနေကြ စကားတစ်ခွန်း ရှိပါတယ်။ "ဒီနေ့ အလုပ်က ခက်ခဲမယ်။ မနက်ဖြန်ဆို ပိုတောင် ခက်ခဲဦးမယ်။ ဒါပေမယ့် သဘက်ခါရောက်ရင်တော့ သာသာယာယာ ဖြစ်သွားပါပြီ။ သင့်ရဲ့ အရည်အချင်း အများစုကို အသုံးချပြီး ဖြေရှင်းလိုက်မယ်ဆိုရင် ပြဿနာ တွေဟာ မနက်ဖြန်တောင် ကျော်လိုက်မှာ မဟုတ်ဘူး" ဆိုတဲ့ စကားပါ။ ခေါင်းဆောင် တစ်ယောက် အနေနဲ့ ကျတော့ ကိုယ့်ရဲ့ အောက်လက်ငယ်သားကို အခက်အခဲတွေ ကျော်လွန်ပြီးတဲ့ အခါ ဘယ်လို အေးဆေး အဆင်ပြေသွားမယ်ဆိုတာ မြင်သာလာအောင် ပြောပြပြီး လှုံ့ဆော် အားပေးနိုင်ဖို့ လိုပါတယ်။ ဒါပေမဲ့ လူတွေကို မောင်းနှင် တွန်းအားပေးရာမှာ သူတို့ရဲ့ လုပ်နိုင်စွမ်း အတိုင်းအတာ (limit) ကို သိဖိုလည်း အရေးကြီးပါသေးတယ်လို့ ဂျက်မားက ဆိုပါတယ်။

ဂျက်မားဟာ ခေါင်းဆောင် နေရာမှာ ရှိနေပေမယ့် အစဉ်မပြတ် ဆက်လက် လေ့လာနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ "ကျွန်တော်ဖြစ်ချင်တဲ့ ခေါင်းဆောင် ဘဝကို အပြည့်အဝ ရောက်ရှိဖို့ ကျွန်တော် ကြိုးစားနေဆဲပါပဲ။ ဒီထက်ပို လေ့လာ သင်ယူစရာတွေ ရှိသေးတာလည်း အသေအချာပါပဲ" လို့ သူက ဆိုပါတယ်။

Ref : Business Insider
ကျော်သန့် (ရိုးရာလေး)

No comments:

Post a Comment