ရန်ကုန်တိုင်းအတွင်းရှိ ပွင့်လင်းမြင်သာမှုမရှိဘဲ လက်သင့်ရာလုပ်ခွင့်ပေးထားသည့် လုပ်ငန်းများကို ပြန်သုံးသပ်ရန် တိုက်တွန်းမည်
ရန်ကုန်တိုင်း စာရင်းစစ်ချုပ်၏ အစီရင်ခံစာအပေါ်မူတည်ပြီး ပွင့်လင်းမြင်သာမှုမရှိဘဲ လက်သင့်ရာကိုလုပ်ခွင့်ပေးထားသည့် လုပ်ငန်းများကို ပြန်လည်စိစစ်ထောက်ပြသွားမည်ဖြစ်ကြောင်း ဒဂုံမဲဆန္ဒနယ်မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော်ဇေယျက မဇ္စျိမသို့ ပြောသည်။
“စာချုပ်တွေက ကုမ္ပဏီတွေနဲ့ချုပ်ထားတာပေါ့။ အဲ့ကုမ္ပဏီတွေနဲ့ စချုပ်တုန်းကလည်း သူတို့ကိုပွင့်လင်းမြင်သာမှု မရှိဘူးပေါ့နော်။ ဒါတင်ဒါစနစ်တွေ ဘာတွေလည်းမရှိဘူး လက်သင့်ရာချုပ်တဲ့ဟာတွေပေါ့။ အဲ့ဒါတော့ အစိုးရအလုပ်ပေါ့ဗျာ။ ကျွန်တော်တို့ကတော့ သုံးသပ်မှာပေါ့။ ဒါတွေဟာနည်းပါတယ် ပြန်လည်သုံးသပ်ဖို့ပေါ့၊ ဒါတွေပဲ ကျွန်တော်တို့ ထောက်ပြရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်မှ မတ် ၂၄ ရက်တင်သည့် အစီရင်ခံစာပေါ်မူတည်ပြီး ၂၀၁၅-၁၆ ခုနှစ်အတွင်း ယခင်အစိုးရလက်ထက် လက်သင့်ရာလုပ်ခွင့်ပေးထားသည့်လုပ်ငန်းများကို အဓိကထား စိစစ်ထောက်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းများမှာ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်လုပ်ငန်း၊ မြကျွန်းသာ၊ ကန်တော်ကြီး သဘာဝဥယျာဉ်၊ သာကေတမြို့နယ်ရှိ ရှုခင်းသာ ပန်းဥယျာဉ်၊ မြောက်ဥက္ကလာမြို့နယ်က ကန်သာယာ ပန်းဥယျာဉ်လုပ်ငန်းနှင့် ကန်တော်မင်္ဂလာပန်းခြံ လုပ်ငန်းများအပြင် သီးခြားလုပ်ငန်းများလည်း ပါဝင်နေသည်။
အဆိုပါလုပ်ငန်းများကို အစိုးရအကူးအပြောင်းကာလတွင် ယခင်အစိုးရက လက်သင့်ရာ လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တစ်ဧကကျော် အကျယ်အဝန်းရှိသည့် မြေနေရာကို တစ်လ ဆယ်သိန်းခန့်ဖြင့် ငှါးရမ်းထားသည့်အတွက် ပြန်လည် စိစစ်ရန် လွှတ်တော်၌ တင်သွားမည်ဟု ဦးကျော်ဇေယျက ဖြေကြားထားသည်။
ကာလပေါက်ဈေးထက် မြေငှားရမ်းခ နည်းပါးနေမှုကို လွှတ်တော်အနေဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာကို ထောက်ပြမည်ဟု ၎င်းက ပြောသည်။
အချို့လုပ်ငန်းများသည် နိုင်ငံတော်မှရရှိသည့် “မြေငှားရမ်းခတွေက ကာလပေါက်ဈေးထက် တအားနည်းတယ်”ဟု ဦးကျော်ဇေယျက ဆိုသည်။
“အဲဒီ့အစီရင်ခံစာအပေါ်မူတည်ပြီးလုပ်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ မြေငှားရမ်းတာတွေ အဆောက်အဦးငှားရမ်းခတွေပေါ့ ငွေတွေနည်းနေတာတွေ အားလုံးပါပဲ။ လုပ်ငန်းကိုင်ငန်းအားလုံးကို ပြန်သုံးသပ်ထားတာ စစ်ဆေးတွေ့ရှိချက်ပေါ့နော်။ ဝန်ကြီးဌာနအားလုံးကို စစ်ဆေးတွေ့ရှိချက်တွေအားနည်းချက်တွေ အဲ့ဒါတွေကို ပြန်ပြီးတော့ ကိုယ်စားလှယ်တွေက ပြန်ပြီးဆွေးနွေးကြမှာပေါ့ ရှေ့အပတ်မှာ" ဟု ဦးကျော်ဇေယျက ပြောသည်။
ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၅-၁၆ အစီရင်ခံစာကို ရန်ကုန်တိုင်းလွှတ်တော်တွင် ဝိုင်းဝန်းဆွေးနွေးရန် စာရင်းပေးထားသည့် သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက စိစစ်ထောက်ပြရန် ရှိနေသည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဧပြီ ၂၄ ရက်တွင် ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ယာဉ်စနစ်သစ် YBS အကြောင်းကို ဆွေးနွေးကြမည်ဖြစ်ပြီး ၂၅ သို့မဟုတ် ၂၆ ရက်ခန့်တွင် စာရင်းစစ်ချုပ်၏ အစီရင်ခံစာပေါ်မူတည်ပြီး လက်သင့်ရာလုပ်ခွင့်ပေးထားသည့် လုပ်ငန်းများကို ဆွေးနွေးရန်ရှိနေသည်။
Mizzima
Thursday, April 20, 2017
ရန်ကုန်တိုင်းအတွင်းရှိ ပွင့်လင်းမြင်သာမှုမရှိဘဲ လက်သင့်ရာလုပ်ခွင့်ပေးထားသည့် လုပ်ငန်းများကို ပြန်သုံးသပ်ရန် တိုက်တွန်းမည်
ရန်ကုန်တိုင်းအတွင်းရှိ ပွင့်လင်းမြင်သာမှုမရှိဘဲ လက်သင့်ရာလုပ်ခွင့်ပေးထားသည့် လုပ်ငန်းများကို ပြန်သုံးသပ်ရန် တိုက်တွန်းမည်
Reviewed by Ar Ti
on
5:09 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment