Latest News

Thursday, April 20, 2017

လျှပ်စစ်မီတာခနှုန်းထား တိုးမြှင့်ကောက်ခံရန် စီစဉ် တိုးမြှင့်မည့်ဈေးနှုန်း သတ်မှတ်ရန် အစည်းအဝေး ထပ်မံပြုလုပ်မည်

လျှပ်စစ်မီတာခနှုန်းထား တိုးမြှင့်ကောက်ခံရန် စီစဉ် တိုးမြှင့်မည့်ဈေးနှုန်း သတ်မှတ်ရန် အစည်းအဝေး ထပ်မံပြုလုပ်မည်

ရန်ကုန်၊ ဧပြီ ၂၀

လျှပ်စစ်မီတာခနှုန်းများ တိုးမြှင့်ကောက်ခံရန် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်ဝန်ကြီးများသည် နေပြည်တော်၌ တွေ့ဆုံ၍ သဘောတူ ဆုံးဖြတ်လိုက်ကြောင်း အဆိုပါ အစည်းအဝေးပွဲ တက်ရောက်ခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများထံမှ သိရသည်။

လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်ဝန်ကြီးများ အပါအဝင် ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင်များသည် ဧပြီလ ၂၀ ရက်၌ နေပြည်တော်၌ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ကာ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

တိုးမြှင့်ကောက်ခံမည့် ဈေးနှုန်းကို သတ်မှတ်နိုင်ရေး လျှပ်စစ်ဝန်ကြီးများ တွေ့ဆုံ၍ အစည်းအဝေး ထပ်မံကျင်းပကာ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သော လျှပ်စစ်ဝန်ကြီး အချို့ထံမှ သိရသည်။

ပထမအဆင့် အနေနှင့် မီတာခ တိုးမြှင့်ကောက်ခံရေးကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရများထံမှ သဘောထား ကောက်ခံခဲ့ခြင်း ဖြစ်ပြီး တက်ရောက်လာသည့် ဝန်ကြီးအားလုံးက တိုးမြှင့်ကောက်ခံရေးကို မူအားဖြင့် သဘောတူကြကြောင်း  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြည်က ပြောကြားသည်။
“တိုးမြှင့်ကောက်ခံခြင်းကို သဘောတူကြတယ်။ မီတာခ တစ်ယူနစ်ရောင်းလိုက်တိုင်း အရှုံးဖြစ်နေတယ်။ အဲ့ဒီအတွက် တိုးမြှင့်ကောက်ခံမှာ ဖြစ်တယ်” ဟု ဝန်ကြီး ဦးမြင့်ကြည်က ဆက်လက်ပြောကြားသည်။

ထိုသို့ မီတာခ တိုးမြှင့်ကောက်ခံရာတွင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသည် မီတာခ တိုးမြှင့်ကောက်ခံရခြင်း အကြောင်းအရာများကို ပြည်သူလူထုသို့ ကွင်းဆင်း၍ လိုက်လံရှင်းပြရန် စီစဉ်ထားကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးဆွေသိန်းက ဆိုသည်။

“မီတာခ တိုးမြှင့်ကောက်ခံရေးကို ကန့်ကွက်ဆွေးနွေးတဲ့သူတော့ မရှိဘူး။ သို့သော် ပြည်သူလူထု နားလည်သဘောပေါက်အောင် ရှင်းပြရမှာ ဖြစ်တယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီး အစိုးရအဖွဲ့တွေက ရှင်းပြရမှာ ဖြစ်တယ်” ဟု ဦးဆွေသိန်းက ဆက်လက်ပြောဆိုသည်။

ယခုနှစ် မတ်လဆန်းကလည်း လျှပ်စစ်မီတာခများ ၃ ဆ တိုးကောက်ရန် ရန်ကုန်တိုင်း ဝန်ကြီးချုပ်က စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ရာသဖြင့် အင်တာနက် လူမှုကွန်ရက်များတွင် ဝေဖန်သံများ ထွက်ပေါ်လာခဲ့သည်။

ယင်းနောက်တွင် အဆိုပါသတင်းမှာ မှန်ကန်မှု မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ထုတ်ပြန်ရှင်းလင်းခဲ့သည်။

ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်ကုန်ပိုင်းကလည်း လျှပ်စစ်မီတာခများ တိုးမြှင့်ရန် လုပ်ဆောင်ခဲ့သော်လည်း ကန့်ကွက်မှုများကြောင့် ရပ်ဆိုင်းခဲ့ရသည်။

The Voice

No comments:

Post a Comment