Latest News

Thursday, April 6, 2017

မီတာခ တိုးကောက်ရန် ဌာနတွင်း တွက်ချက်နေဟု စွမ်းအင်ဝန်ကြီးဌာနပြော

မီတာခ တိုးကောက်ရန် ဌာနတွင်း တွက်ချက်နေဟု စွမ်းအင်ဝန်ကြီးဌာနပြော


မီတာခ တိုးကောက်ဖို့ ဌာနတွင်း တွက်ချက်နေပြီး တိုးရင်လည်း ပြည်သူကို ကျယ်ကျယ်ပြန့်ပြန့်ချပြပြီး လုပ်ဆောင်သွားမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။

ဧပြီလ ၆ ရက်နေ့က ပြုလုပ်တဲ့ အစိုးရရဲ့ ပထမ ၁ နှစ်ကာလအတွင်း ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ပြောတာပါ။

“ကျနော်တို့က တွက်ချက်တယ်ဆိုတာ ကုန်ကျစရိတ်က ဘယ်ဟာသည် ရောင်းရင် အသင့်တော်ဆုံး အနေအထားဖြစ်မလဲဆိုတဲ့ အနေအထားမျိုးကို ပြည်သူလည်း မထိခိုက်အောင်၊ ဌာနလည်း အရှုံးသက်သာအောင် အကောင်းဆုံးအခြေအနေကို တွက်ချက်နေတာပါ။ တွက်ချက်ပြီး ဒီအတိုင်းပဲ တိုးဖို့ မရည်ရွယ်ပါဘူး။ ဒီဥစ္စာကို ကျယ်ကျယ်ပြန့်ပြန့် ချပြပါမယ်။”

တွက်ချက်ပြီးပါက လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်က လျှပ်စစ်ဝန်ကြီးတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီး ပြည်သူကို ချပြဦးမယ်လို့ ပြောပါတယ်။

“အခြေခံလူတန်းစာကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် တွက်ချက်နေတာ။ ဒါကြောင့်လည်း အချိန်ယူတွက်ချက်နေတာပါ” လို့ ဦးထိန်လွင်က ပြောပါတယ်။

လျှပ်စစ်ဓာတ်အား ၁ ယူနစ်ရောင်းတိုင်း အစိုးရက ၂၃ ကျပ် အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

DVB

No comments:

Post a Comment