Latest News

Sunday, April 9, 2017

"ဒီဂျေသံနှင့် တုန်ချမ်ချမ် “

"ဒီဂျေသံနှင့် တုန်ချမ်ချမ် “

နွေအပူထဲမှာ
ပျဉ်းမပန်းတွေ ခရမ်းနုပြာ
မြင်ယုံ ရင်ခုန်လာ
ကန့်ကော်ရှာ အုန်းလက်ချိုး
ဟိုအရွက် သည် အညွန့်တွေ
အပ်ချည်ယူဝေအောင်ထိုးလိုက်ပ
အတာအိုးရပြီ။
                        မရေရာသည့် ပိတောက်ကို မျှော်မောရမည့်အစား ပျဉ်းမပန်းခရမ်းနုပြာတွေမြင်လျင် အတာ ကိုကြို၍ရပြီ။ အမေကဈေးမှအပြန် အတာအိုးကလေး ၀ယ်လာတာမြင်လျင် ကျနော်တို့ ကလေးတသိုက် ပျဉ်းမ ပင်ပေါ်စွေ့ကနဲ တက်ပြီးသား၊ ကံကော်ကိုတံချုနှင့်ယူ၊ စက်ချုပ်ခုံအံဆွဲမှာ အပ်ချည်လုံးသစ်ဝင်နှိုက်စဉ် တူးပို့တူးပို့ ဗုံသံက တန်ခူးလေထဲခုန်ပေါက်ရောက်လာသည်။ ကလေးတသိုက် ပြိုင်တူအော်လိုက်၏ ။
“ သင်္ကြန်ကျတော့မယ်ဟေ့ “

ဘယ်ချောင်ကဆွဲထုတ်လာမှန်းမသိသည့် လည်ဆွဲကြားရောင်စုံဆင်လျက် ကလေးမတသိုက် ယိမ်းတိုက်နေပြီ။ ဆံပင်နီကြောင် ရွှေရောင်ဖေါက်ဆိုးလာသည့် ကောင်ကလေးအား "ဦးတို့ငယ်ငယ်က ဆံပင်ရှည်ထားရင်တောင် လမ်းသရဲဆိုပြီး အတင်းဖမ်းချုပ်လေးကွက်ကြား ခေါင်းတုံးအရိတ်ခံရတာတွေရှိတယ်ကွ" ဟု ပြောပြသော် ထိုသူငယ် ပုခုံးတွန့်လေသည်။

ဒီနေ့ သင်္ကြန်တီးလုံးဆိုသည်များက တုံချမ်ချမ် ၊ ဗုံသံမပါ ၊ တူးပို့တူးပို့လည်း နောက်မခံတော့။ ဒီဂျေ ခေါ် ဓါတ်ပြားပွတ်သံကို သင်္ကြန်တေးဟု သူတို့က ထင်နေပြီ။ ဆံပင်ပုံတွေ အရောင်တွေအဆန်းအပြား သူ့ထက်ငါထူးအောင်ညှပ်နေသည့် လူကလေးတို့ကို မေးကြည့်သည်။ သင်္ကြန်ကို ဘယ်လိုထင်သလဲဟု။ ကိုယ်လိုရာကိုယ်အဓိပ္ပါယ်ဖွင့်ကြသည်သာ။ အများစုကတော့ သင်္ကြန်ဆိုတာ အသားကုန်ကဲရမယ့်ပွဲဟု သက္ကတ စကားကို အနက်ဆ ပွားကြကုန်၏ ။

ကျနော်ငယ်စဉ်ကတော့ သည်လိုရက်မျိုးဆိုလျှင် သံချပ်တိုက်နေသူများထံငေးမော့နေတာများသည်။ ခေတ်စား နေသည့် အကြောင်းအရာကို ရေပန်းစားနေသည့် သီချင်းသံစဉ်ထဲစာသားပြောင်းဆိုသည့်အခါ ကလေးတွေ ပါးစပ်ထဲအလွယ်တကူ လျှောကနဲ ရောက်သွားသည်ကိုး ။

“ ရေနံဆီ အိမ်မှာကုန်သွားပြီ ---ဆိုင်မှာတို့ တန်းစီ “ ကျနော်က အိမ်ပြန်ရောက်သည်နှင့် ထိုသီချင်း( မှုံရွှေရည် တေး အလိုက် ) ကို ပြန်ဆိုပြသော် ၊ သမ ဆိုင်မှာ ရေနံဆီတိုးရသည့် ဒုက္ခကိုခံစားနေရသော ရပ်ကွက်သူ ရပ်ကွက်သားအပေါင်းက မနောခွေ့ကုန်ကြပြီး၊ ကျနော့်အား ဆက်ဆိုပြရန် မြှောက်ထိုးပင့်ကော်လုပ်ကြပါသည်။

“ ရေနံဆီ × အိမ်မှာကုန်သွားပြီ ဆိုင်မှာတို့တန်းစီ ×
တမိုင်လောက်ပဲရှည်ပါသည် × ထမင်းချက်ဖို့ခက်နေပြီ × ဟင်းချက်ဖို့ ခက်နေပြီ  ×××"

တကယ်လည်း ကျနော်တို့ ငယ်ဘ၀အဖြစ်မှန်များပင်။ နေ့စဉ်ထမင်းဟင်းချက်ဖို့ ရေနံဆီမီးဖိုအားကိုးကြရာ၊ ရေနံဆီတန်းစီရ၊ အချိန်ကုန်လူပမ်းရသည့် အဖြစ်များကို ဖော်ကျုးသည်မို့ ရပ်ကွက်လူစုလိုက်ဆိုကြသည့် သီချင်းဖြစ်ခဲ့သည်။ ထိုခေတ်က ကြော်ငြာတခုကိုလည်းမှတ်မိသေးရဲ့။ “ မီးဖိုပျက်တွေ ပစ်ထားရင် အားကြီးစိတ် ဆိုးတယ် “ ဟု မီးဖိုပြင်လုပ်ငန်းတခု၏ ကြော်ငြာကို လူတိုင်းသိခဲ့သည်။ သင်္ကြန်သံချပ်သမားတွေက စင်ပေါ်က ဤသို့ တုန့်ပြန်၏ ။

“ မီးဖိုထဲရေနံဆီမထည့်နိုင်ရင် အားကြီးစိတ်ဆိုးတယ် “
..................
အခြေခံစားကုန်ဖြစ်သည့် ဆန်၊ဆီ၊ဆား၊ သကြား မှအစ လူသုံးကုန်တွေကိုပါ သ/မ ဆိုင်အပေါ်မှီနေရ၊ ကိုတာ စနစ်ဖြင့်ဝယ်ရသည့် အခြေအနေမှသည် ကုန်တိုက်တွေမှာ လူသုံးကုန်တွေရောင်းပေးသည့် ခေတ်ရောက်လာ သည်။

“ရန်ကုန်နေပူပူမှာ × ကုန်တိုက်(၁) ဖွင့်တော့ × ခိုစရာအရိပ်လည်းကောင်း × မှောင်ခိုတိုးလို့ ရောင်းကြတယ်”

ကမ္ဘာကျော် ABBA အဖွဲ့၏ “ ရပ်စပြူတင် “ သီချင်းတွင် အနှီစာသားထည့်ဆိုကာ သံချပ်ထိုးကြပြန်သည်။ တန်းစီတိုးရောင်း လူတန်းစားတရပ်ပေါ်လာ၊ ဘ၀အခက်အခဲကို မှောင်ခိုရောင်းသူများအဖြစ် ကြုံသလိုဖြေရှင်း ကြရသည့် ပြကွက်များကို စင်ပေါ်သရုပ်ဖေါ်ခဲ့ကြပြန်၏ ။

တနေကုန် ရေပက်ဆော့ကစားထား၊ ညကျတော့လည်း သံချပ်တွေနားထောင် သရုပ်ပြတွေကြည့်၊ ဆုပေးမဏ္ဍပ် ပေါ်ငေးရင်း ကျနော်တို့ မျက်တောင်စင်းပြီ။ အိပ်မက်တပိုင်း ငိုက်ကောင်းစဉ် ၀ုန်းကနဲ ဒိုင်းကနဲ ပစ်ဖေါက်သံများ နှင့် အတူစင်ပေါ်မှာ ယမ်းငွေ့တွေလွှမ်းပြီး အထိတ်တလန့်ကြည့်သော် တိုက်ပွဲကြားက ပြည်သူတွေ အတုံးအရုံး လဲနေပြီ။

 ကလေးငိုသံထွက်လာသည်။ အတုံးအရုံးလဲကျ နေသူတွေကြားမှ ရှင်လျက်ကျန်ခဲ့သော ကလေး။ နောက်ခံ တီးလုံးက နာကျင်စရာကောင်းလောက်အောင်ပို့ပေးသည်။

 သံချပ်တိုင်သူ စင်ပေါ် ရောက်လာပြီး ကလေးကို တယုတယပွေ့သည်။ ငြိမ်ကျသွားသည့် စစ်တလင်းပေါ် လေပြေထဲက ကဗျာရွတ်သံက ပွဲခင်းကိုဖမ်းချုပ်လိုက် ၏။ သံချပ်ထိုးသည်ဟု မဆိုဝံ့၊ ကဗျာရွတ်သည်ဟုသာမှတ်မိသည်။ ပြီးမှ သံချပ်ဖေါက်သူတွေ တစတစ ၀ိုင်းလာပြီး ခွန်အားရှိသော သံချပ်များကို ပြိုင်မြင်းတွေခွာသံပေးသလို ထိုးကြတော့သည်။

 စစ်ကိုမုန်းသော အသံများ၊ ပြာစင်သော ကောင်းကင်ထက်ချိုးငှက်ဖြူကို မော့ကြည့်သော မျက်လုံးများ။ လက်နက်ကိုစွန့်၍ နိုင်ငံ သစ်တည်လိုသော လက်ရုံးများ။ သင်္ကြန်စင်မြင့်ပေါ်မှ သူတို့ မိုးမြေဆုံးတိုင် ဆန့်ထုတ်လိုက်ကြ၏ ။
......

နောက်နေ့ရောက်သော် သူတို့အကြောင်း သတင်းဆိုးကြားရပါသည်။ ပြောသူက ဘေးဘီကို ပျာယာခတ်ကြည့် လျက် လေသံဖြင့်ပြောသည်။

“သူတို့ ညကပဲ အဆွဲခံလိုက်ရပြီတဲ့ “

....
အာရုံထဲမှာ သင်္ကြန်နှင့်သံချပ်သည် ဆောင်းညနေခင်းနှုယ် ရုတ်ချည်းအမှောင်ကျသွား၏။ အရပ်ထဲက အုန်းလက်ထိုးရေကစားမဏ္ဍပ်တွေ တဖြုတ်ဖြုတ် ပျောက်သွားသည်။ သိန်းချီအကုန်ခံနိုင်မှ ပိုက်တချောင်းရသည့် မဏ္ဍပ်များပေါ်လာ၏။ မုန့်လုံးရေပေါ်ဗန်းကို ကျောခိုင်းကာ ကော့တေးလ်ခေါ်ယစ်ရွှေရည်ပေါင်းစုံစပ်ရာ မဏ္ဍပ် သို့ ခေတ်ကြီးက မျက်နှာမူလိုက်၏ ။
.............
ယခုတော့ ရိုးရာသင်္ကြန် အာရုဏ်ဦး ပြန်ရောက်ပြီလား။ တမ်းမျှော်ကြည့်သူတွေ ခေါင်းထောင်လာသည်။
ငယ်သူတွေကတော့ ဒီဂျေပွတ်သံနှင့် တုံချမ်ချမ်သံချပ်သံကို တလှည့်စီနားစွင့်နေ၏။

အရက်မျိုးစုံ လက်ကားဖြန့်သူတဦးက ဤသို့ ဆိုသည်။

“ ယဉ်ကျေးမှုတွေ သရုပ်ပျက်တွေမသိဘူးဗျာ၊ ကျနော်ကတော့ သင်္ကြန်မတိုင်ခင် အရက်တွေစု၊ သင်္ကြန်တတွင်း လုံးရောင်းတာ၊ နှစ်တိုင်းပဲ၊ တနှစ်ကို ကားတစီးဝယ်စုနိုင်တယ် “

.................
့သင်္ကြန်တွင်းဆေးရုံမှာ ဂျူတီကျသည့် ဆရာမတဦးက ဤသို့ ညည်းသည်။ ကျမတို့က သင်္ကြန်မှာ ကဲချင်တာ မဟုတ်ဖူး၊ သင်္ကြန်တွင်းအလုပ်လုပ်ရတာကိုလည်း ၀မ်းမနည်းပါဘူး၊ ဒီနှစ် ကျမဂျူတီက အတက်နေ့ကျတာကိုပဲ တွေးကြောက်နေတာ ဟုဆို၏။

နားမလည်သူအတွက် သူမကပင်ထပ်ဖြည့်စွက်သည်။

“ မနှစ်ကဆိုရင်အရေးပေါ်မှာချုပ်လိုက်ရတာ အလှူပွဲအမီလက်မလည်တဲ့ အပ်ချုပ်သည်လိုပဲ။ ပွဲတက်ထည်တွေ လို ဇာနဲ့ဘော်ကြယ်စီးကွင့်တွေကြားလှလှပပ မဟုတ်ဖူးလေ၊ သွေးသံရဲရဲတွေကိုင်ချုပ်နေရတာ။”

သင်္ကြန်ကို အများစုက မျှော်နေချိန်၊ တွေးပူနေရသည့် သူတွေရှိနေတာကလည်း သင်္ကြန်အကြောင်းပြောလျင် ချန်ထားမရသည့် ကိစ္စဟုမြင်ပါသည်။

မင်းကိုနိုင် 9.4.2017

No comments:

Post a Comment