အမေရိကန်စစ်သင်္ဘောအုပ်စုကို ကိုရီးယားကျွန်းဆွယ်အနီးသို့ စေလွှတ်
အမေရိကန်ရေတပ်ရဲ့ ကားလ်ဗင်ဆန် တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုကို ကိုရီးယားကျွန်းဆွယ်အနီး ရေပြင်သို့စေလွှတ်လိုက်ပါတယ်။
အမေရိကန်စစ်သင်္ဘောအုပ်စု ကိုရီးကျွန်းဆွယ်အနီးသို့ ဦးတည်ထွက်ခွာ
အမေရိကန်ရေတပ် တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုကိုပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်း ကိုရီးယားကျွန်းဆွယ်အနီးသို့ စေလွှတ်လိုက်ကြောင်း အမေရိကန်စစ်ဘက် တာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနကို စနေနေ့ (ဧပြီ ၈ ရက်) မှာ ပြောပါတယ်။ မြောက်ကိုရီးယားက လက်နက်အစီအစဉ်များ တိုးမြှင့်လုပ်ဆောင်နေမှုအပေါ် ဒေသတွင်း စိုးရိမ်ပူပန်မှုတွေရှိလာပြီးနောက် အမေရိကန် စစ်သင်္ဘောအုပ်စုကို ကိုရီးယားကျွန်းဆွယ်အနီးသို့ စေလွှတ်လိုက်တာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီယားက ယခုလအစောပိုင်းမှာလည်း ဒုံးကျည်တစ်စင်း စမ်းသပ်ခဲ့ပါတယ်။
အမေရိကန်ရေတပ်ရဲ့ ကားလ်ဗင်ဆန် (Carl Vinson) ခေါ် တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုကို ကိုရီးယားကျွန်းဆွယ်အနီး ရေပြင်သို့စေလွှတ်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါ တိုက်ခိုက်ရေးအုပ်စုမှာ လေယာဉ်တင်စစ်သင်္ဘော USS Carl Vinson၊ ဒုံးခွင်းဒုံးစနစ်ပါဝင်တဲ့ စစ်သင်္ဘောနှစ်စီးနဲ့ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်တဲ့ စစ်သင်္ဘောတစ်စီး ပါဝင်ပါတယ်။ အမေရိကန်စစ်ဘက်က အဆိုအရ စစ်သင်္ဘောအုပ်စုဟာ စင်ကာပူမှတစ်ဆင့် ကိုရီးယားကျွန်းဆွယ်ကို ဦးတည်ထွက်ခွာသွားကြောင်း သိရပါတယ်။
အမေရိကန်စစ်သင်္ဘောအုပ်စုကို ကိုရီးယားကျွန်းဆွယ်အနီး စေလွှတ်ချထားခြင်းဟာ ဒေသတွင်း အသင့်ဖြစ်နေမှုကို ချင့်ချိန်ဆောင်ရွက်မှုဖြစ်ကြောင်း အမေရိကန်က ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုကို အမေရိကန်တစ်နိုင်ငံတည်း အနေဖြင့် တုံ့ပြန်အရေးယူရန် ပြင်ဆင်ထားကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားစမ်းသပ်မှု ၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဒုံးကျည်စမ်းသပ်မှုတွေကို ဆက်တိုက် လုပ်ဆောင်လာခဲ့ပါတယ်။
မြောက်ကိုရီးယားက လတ်တလော စမ်းသပ်မှုအဖြစ် ဗုဒ္ဓဟူးနေ့ (ဧပြီ ၅ ရက်) က တာလတ်ပစ်ဒုံးကျည်တစ်စင်းကို ဂျပန်ပင်လယ်ပြင်သို့ ပစ်လွှတ်ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှု အိမ်နီးချင်း တောင်ကိုရီးယားနဲ့ ဂျပန်တို့က ရှုတ်ချခဲ့ပါတယ်။ မြေက်ကီုးယားက ဒုံးကျည်ပစ်လွှတ်မှုကို တရုတ်သမ္မတရှီကျင်းပင်နဲ့ အမေရိကန်သမ္မတထရန့်တို့ တွေ့ဆုံမှုမတိုင်မီ ပြုလုပ်ခဲ့တာလည်း ဖြစ်နေပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေအပေါ် လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံတို့က စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက အမေရိကန်နိုင်ငံက ကမ္ဘာတစ်ဝန်းနဲ့ မဟာမိတ်များ လုံခြုံရေး ခိုင်မာတဲ့ ကတိကဝတ်များအတိုင်း လုပ်ဆောင်နေမှုတွေကို ချီးကျူးပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတထရန့်နဲ့ ဂျပန်ဝန်ကြီးချုပ်အဘေးတို့ဟာ ၄ ရက်အတွင်း ဒုတိယအကြိမ်အဖြစ် ယနေ့ (ဧပြီ ၉ ရက်) မှာ ဖုန်းဆက်သွယ်ပြောကြားခဲ့ကြောင်း သိရပါတယ်။
အမေရိကန်က ဆီးရီးယားကိုလည်း ပြည်တွင်းစစ်အတွင်း သူပုန်များထိန်းချုပ်ရာဒေသကို ဓာတုလက်နက်သုံးပြီး တိုက်ခိုက်ခဲ့မှုအတွက် တုံ့ပြန်အရေးယူမှုအဖြစ် ဧပြီ ၇ ရက်မှာ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပါတယ်။ အမေရိကန်က ဆီးရီးယားကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုအား သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ ဂျော်ဒန်၊ နယူးဇီလန်၊ ပိုလန်၊ ဆော်ဒီ၊ စပိန်၊ တူရကီ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဗြိတိန် နိုင်ငံတို့က ထောက်ခံခဲ့ပြီး တရုတ်၊ အင်ဒိုနီးရှား၊ အီရန်၊ ရုရှားတို့ကတော ကန့်ကွက်ခဲ့ကြကြောင်း သိရပါတယ်။
Source & Photo: Reuters, U.S. Embassy Singapore: Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment