Latest News

Thursday, April 13, 2017

ပြည်သူနဲ့ အတူ၊ အေးပါစေ…

ပြည်သူနဲ့ အတူ၊ အေးပါစေ…

***

ဒေါ်အောင်ဆန်းစုကြည် ရေကစားတဲ့ ဗွီဒီယိုဖိုင်လေးကို ကြည့်လိုက်ရတယ်။

ခပ်ရိုးရိုးလေးပဲ တာလပတ်လေးတွေအုပ်၊ အုန်းလက်ကလေးတွေနဲ့ ပြင်ဆင်ထားတဲ့ မဏ္ဍပ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန်ပြည်သူတွေနဲ့ မခြားဘဲ လုံခြုံရေး အစောင့်အရှောက် ခပ်နည်းနည်းနဲ့ပဲ ရေကစားသွားတာကို မြင်ရတာ ပေါ့ပါးလိုက်တာ…။

ကိုယ်ကသာ ဟိုးအဝေးကြီးကနေ လှမ်းပြီးတော့ လူထုခေါင်းဆောင်ရဲ့ လုံခြုံရေးကို ပူပန်မိနေသေးပေမယ့် မေတ္တာနဲ့ လုံခြုံနေပုံရတဲ့ အမေစုကတော့ ပေါ့ပေါ့ပါးပါး အေးအေးချမ်းချမ်းပါပဲ။ ကလေးလေး တယောက်လိုပဲ ရွှင်လန်းနေပုံရတယ်။

ကိုယ်သိပ်ကြည့်မရတဲ့ ပြည်ထဲရေးဝန်ကြီးကိုတောင် ပေါ့ပါးရယ်မောနေတာ မြင်လိုက်ရတော့ စိတ်ထဲမှာ အဲဒီမဏ္ဍပ်ဆီ အရောက်သွားပြီး သူတို့နဲ့ အတူတူ ခဏလေးဖြစ်ဖြစ် ရေသွားကစားလိုက်ရရင် ကောင်းမှာပဲလို့ ကြည့်မောမိပါရဲ့…။ ခပ်လှမ်းလှမ်းက မြင်လိုက်ရတာလဲ ဒေါက်တာတင်မျိုးဝင်းများလား...၊ ကနေတာများ ကွေး..လို့။ ဦးဝင်းမြင့်လဲ ကလေးလေးလို ပေါ့ပါး ဆော့ကစားနေလိုက်တာ...။

***

ဒီနှစ် သင်္ကြန် (အထူးသဖြင့် ရန်ကုန်)က မကျေနပ်သံလေးတွေ ခပ်များများ၊ အားမလိုအားမရသံတွေ တညံညံနဲ့ အကြိုနေ့ကို စခဲ့တာပါ။

ကျွန်တော်တို့လို အဝေးရောက်တွေကတော့ ပျော်နေတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ တွေ့ရင် ငေးမောလိုက်၊ အားမလိုအားမရသံ စကားလုံးတွေကို မြင်တဲ့အခါ သက်ပြင်းဖွဖွ ချမိလိုက်ပါပဲ။

***

သင်္ကြန်ရေတွေ စိုရွှဲပြီး အိမ်ပြန်သွားတဲ့ တိုင်းပြည့်မိခင် အမေစု တယောက် ဘေးကင်းကျန်းမာစွာနဲ့ပဲ တိုင်းပြည် တာဝန်တွေကို ဆက်လက် ထမ်းဆောင်နိုင်ပါစေ…။

သင်္ကြန်ရေဟာ ပြည်သူအများကို အေးနိုင်သလောက် အေးပါစေ…။

***

ချစ်ခြင်းမေတ္တာဖြင့်…

ကလိုစေးထူး
ဧပြီလ ၁၃ ရက်၊ ၂၀၁၇ ခုနှစ်။
ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၃၃ မိနစ်။

No comments:

Post a Comment