Latest News

Tuesday, April 4, 2017

ရဲတပ်သားတစ်ဦးရဲ့ သေနတ်ကျည်ထိမှန်ပြီး အရပ်သားတစ်ဦး သေဆုံး

ရဲတပ်သားတစ်ဦးရဲ့ သေနတ်ကျည်ထိမှန်ပြီး အရပ်သားတစ်ဦး သေဆုံး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် နတ်ရှင်ကျေးရွာမှာ ရဲတပ်သားတစ်ဦးရဲ့ သေနတ်ကျည်ဆန်ထိမှန်ပြီး အရပ်သားတစ်ဦး မနေ့က သေဆုံးခဲ့ပါတယ်။

တာဝန်ရှိတဲ့ရဲတပ်သားကို အရေးယူဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပေါက်တောမြို့မရဲစခန်းက ရဲအုပ်သန်းဌေး က ပြောပါတယ်။

"လောလောဆယ်မှာတော့ အထက်ညွှန်ကြားချက်အရ သေနတ်ပစ်လို့ လူသေတဲ့အမှုကို သေမှုသေခင်းနဲ့ ဖွင့်ပြီးတော့ ရဲတပ်ဖွဲ့ဝင်ကိုတော့ ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေအရပဲ လောလောဆယ်အရေးယူဖို့ ပြုလုပ်နေပါတယ်"

ပေါက်တောမြို့နယ် ကျောက်စုရဲကင်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ မနေ့ညက နတ်ရှင်ကျေးရွာမှာ မူးယစ်ရမ်းကားနေတဲ့ ဦးမောင်သန်း ဆိုသူကို ဖမ်းဆီးခေါ်ဆောင်လာစဉ် ဦးမောင်သန်းရဲ့ မိသားစုဝင် မောင်ဖြူဒေါင်းက ရဲတပ်သားထွန်းလင်းနဲ့ စကားများပြီး သေနတ်ကိုလုယူရာကနေ ကျည်ထွက်သွားခဲ့တာလို့ ပြောပါတယ်။

ဝမ်းဗိုက်မှာ သေနတ်ကျည်ဆံထိမှန်သွားတဲ့ မောင်ဖြူဒေါင်း ကို ညတွင်းချင်း ပေါက်တောဆေးရုံကိုသယ်ယူပြီး ဆေးကုသမှုတွေပြုလုပ်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။

မနေ့က အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာရှိနေတဲ့ မျက်မြင်သက်သေတစ်ဦးကတော့ သေဆုံးသူ မောင်ဖြူဒေါင်းဟာ ရဲတပ်သားဆီက သေနတ်ကိုလုယူတာမဟုတ်ဘဲ ဦးမောင်သန်းကို ပြန်လွှတ်ပေးဖို့နဲ့ နောက်နေ့ ရဲစခန်းမှာ လာရောက်ဖြေရှင်းခွင့်ပေးဖို့ တောင်းပန်ပြောဆိုရာမှာ တစ်ယောက်ယောက်က ပစ်မိန့်ပေးတာကြောင့် ရဲကပစ်ခတ်လိုက်တာလို့ ပြောပါတယ်။

မောင်ဖြူဒေါင်းဟာ ဝမ်းမှာ သေနတ်ဒဏ်ရာနဲ့လဲကျသွားပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ထွက်ပြေးသွားကြတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။

အမှုကို အထက်ညွှန်ကြားချက်နဲ့ သေမှုသေခင်းဖြစ်စဉ်အဖြစ်နဲ့သာ အမှုဖွင့်ထားတယ်လို့ ရဲအုပ်သန်းဌေး က ပြောပါတယ်။

Photo: RMC/RFA

No comments:

Post a Comment