Latest News

Friday, April 7, 2017

အိမ်နဲ့ အလုပ်…၊ လူနဲ့ အတွေး..

အိမ်နဲ့ အလုပ်…၊ လူနဲ့ အတွေး..

***

အခန်းတံခါးကို ပိတ်လို့ အိမ်အပြင်ထွက်လိုက်တော့ နွေဦးပေါက်လေပြေရဲ့ မထိတထိ ရိုက်ခတ်မှုက “ဘယ်လိုလဲ၊ နေကောင်းရဲ့လား” လို့ နှုတ်ဆက်ပြီး
ခရီးဦးကြိုနေသလိုပါပဲ…။

ငေါင်းစင်းစင်းဟန်နဲ့ ရပ်စောင့်နေရတာ စိတ်မရှည်ဟန် ပုံပေါက်နေတဲ့ ကျွန်တော့် စီးတော်ယာဉ် ကားဖြူပေါ် တက်လိုက်တော့ နေ့လည် တနာရီ ၀န်းကျင်ခန့် ရှိပြီပေါ့။

လမ်းမပေါ် တိုးထွက်လာရင်း ဟိုရှေးရှေးက သီချင်းတပုဒ်ကိုတောင် နားထဲ ကြားယောင်မိတယ်။

~~~မြို့ထဲ လမ်းမပေါ်~~~ ကားရောင်စုံများစွာ~~~

***

အလုပ်ကိုအရောက် မိနစ် ၄၀ လောက် မောင်းရမယ့် ခရီးမှာ နားထောင်နေကြ အတိုင်း သတင်းဌာနတွေရဲ့ အသံလွှင့်ချက်တွေကို ဖွင့်နားထောင်မိတယ်။

ရုရှနိုင်ငံမှာ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်ခံရတဲ့ သတင်း…။
ဆီးရီးယားမှာ ဓာတုလက်နက်နဲ့ တိုက်ခိုက်တဲ့ ဝေဒနာကို မချိမဆန့် ခံစားကြရတဲ့ သတင်း…။
ကမ္ဘာပေါ်က အပင်မျိုးစိတ် ၃၀၀ ကျော်လောက် မျိုးတုန်း ပျောက်ကွယ်သွားတော့မယ် ဆိုတဲ့ သတင်း…။
ပင်လယ်ဆားငန်ရေကို ရေချို အဖြစ် ဖန်တီးလို့ ရတော့မတဲ့…။
မြန်မာနိုင်ငံက ထောပတ် စိုက်ခင်းတွေ အကြောင်း…။
မိုင်းလားမြို့ဟာ မြန်မာနိုင်ငံက မြို့နဲ့ မတူတော့အောင်ပဲ တရုတ်ဆန်လှပါပကောလား။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဂုဏ်ပြုခံရတဲ့ မျက်မမြင် ကလေးမလေးလဲ တော်လိုက်တာ…။

“အနန္တငါးပါးကို ရှိခိုးပါ၏ ဘုရား”
သြော်…၊ ငါ့နှယ် ဘယ်ကနေ ဘယ်လိုလုပ်ပြီး ကြာနီကန် တရားကို သွားနှိပ်မိပါလိမ့်…။

“ပွမ်))))))”
နောက်နားဆီက ဟွန်းသံ ဆောင့်ခနဲ ထွက်လာလို့ အလန့်တကြားဖြစ်သွားပါတယ် မှတ်တာ…၊ ရပ်ထားတဲ့ မီးနီကနေ မီးစိမ်းသွားတာကို တော်တော်နဲ့ ကားမထွက်မိတော့ စိတ်မရှည်တာကိုး…။ ဖြည်းဖြည်း…။ ဖြည်းဖြည်း။

***

အင်း…၊ ဒီဘက် အဝေးပြေး လမ်းကလေးကတော့ ကားတွေ အတော်ရှင်းတာပဲ…။ ဟိုးခပ်လှမ်းလှမ်း ပြောင်းခင်းတွေ အလွန်က ပြောင်းခင်းစောင့် အိမ်အကြီးကြီးရယ်၊ ဘုရားကျောင်းရယ်…၊ ဟိုနားတခု ဒီနားတခု အိမ်ကလေးတွေက လှလိုက်တာ…။ မြက်ခင်းတွေသာ စိမ်းနေရင် ပိုလှမှာပေါ့။ ဒါနဲ့…၊ သူတို့တွေ ပြောင်းခင်းမှာ ပြောင်းတွေ စိုက်တဲ့အခါ ဒီမြင်ကွင်းကို ကွယ်သွားမှာလား…။

ဆောင်းတွင်းကနေ ကျွတ်လွတ်စ နွေဦးပေါက်ဟာ အပင်မှန်သမျှကို ရိုးတံပြိုင်းအောင် စွမ်းဆောင် ထားဆဲပါလားကွယ်။ ဒီတော့လဲ ကားလမ်းဘေးက စမ်းချောင်းသေးသေးလေးကို မြင်ရတာပေါ့…၊ အမယ် ဟိုးးနားက ဖြတ်ခနဲ မြင်လိုက်ရတဲ့ သစ်သားတံတားက ဟိုအရင် လမ်းကလေးဘေးက တံတားလေးနဲ့တောင် တူနေပါလား။

ရှေ့က ကုန်းတံတားကို သတိထားမှပါပဲ။ အဲဒီ တံတားအောက်မှာ ဖြစ်စေ၊ တံတားပေါ်က ဖြစ်စေ စောင့်ကြည့်နေလေ့ ရှိတဲ့ ကိုကြီးလှရွှေက ဒဏ်တပ်တာ တော်ပါသဘိနဲ့…။ လျှော့..၊လျှော့..၊ အမြန်နှုန်းကို မိုင်ကျော် မမောင်းမိအောင် လျှော့…။

***

နေပါဦး…၊ ဘာတုန်းကွ မြို့နာမည်တွေက Milwaukee, Waukesha, Oconomowoc, Pewaukee နဲ့ ကီးတွေရော ရှာတွေရော အင်္ဂလိပ်မဆန်လိုက်တဲ့ နာမည်တွေ…။ သြော်…၊ ဒါတွေက ဟိုအရင်း Native Indian တွေရဲ့ အမည်တွေ ဆိုပဲ…။ ငှက်တောင်ကြီးတွေ ဖွားဖွားရွားရွား၊ ကိုယ်ပေါ်က အဆင်တန်ဆာသံ ချွင်ချွင်ညံနေတဲ့ သူတို့တွေရဲ့ အင်ဒီးယန်းရိုးရာ ပွဲတော်ကို တခေါက်တလေတော့ ရောက်ဖူးခဲ့သား…။

ဒီလမ်းအကွေ့ကနေ တခါတလေကျရင် သမင်တွေ ဖြတ်ကူးတတ်တယ်။ သတိထားမှပါလေ…။ ဘေးမဲ့ပေးထားတဲ့ ဒင်းတို့က ကားလမ်းပေါ်က ကားတွေကိုလဲ ကြောက်ရကောင်းမှန်း မသိလေတော့ ဖြတ်ဖြတ်မကူးရအောင် လမ်းဘေးတဖက်တချက်စီမှာ ခြံစည်းရိုးငယ်လေးတွေတော့ ရှိပါရဲ့…။ ဒါပေမယ့် ဘယ်ကနေ ဘယ်လို ကျော်ထွက်လာတယ် မသိ…။ ကားတိုက်ခံရလို့ လမ်းဘေးတုံးလုံးလဲနေတတ်တဲ့ သမင်သေတွေဟာ ထူးဆန်းတဲ့ မြင်ကွင်းတောင် မဟုတ်တော့ဘူး။

***

ဟော…၊ ရောက်ပါပြီ။ Nashotah ဆိုတဲ့ ရွာငယ်က ကိုယ့်အလုပ်ရုံ…။

အပြင်ကနေ ကြည့်ရင် သူမဟုတ်သလိုလိုနဲ့ တိတ်ဆိတ်ခန့်ညားဟန် ဆောင်နေတတ်သလောက် အတွင်းမှာ ဆူညံ အလုပ်များနေတတ်တဲ့ စက်ရုံ…။

Schedule ဆွဲရမယ်။ ကိုယ့်ဌာနက လူတွေကို နေရာချရမယ်။ အစည်းအဝေး တက်ရမယ်။ အီးမေးလ် စစ်ရမယ်။ ၀န်ထမ်းသစ်တွေကို Training ပေးရမယ်…။ နောက်နေ့ အတွက် ပစ္စည်းအမှာစာရင်းကို မီအောင် လုပ်ရမယ်။

ဟုတ်တယ်။

ဒီနေရာမှာ သူ့ဆန်စားလို့ ရဲရမယ်။

***

ကလိုစေးထူး

ဧပြီလ ၆ ရက်၊ ၂၀၁၇ ခုနှစ်။
ဒေသစံတော်ချိန်၊ ည ၉ နာရီ ၂၈ မိနစ်။

No comments:

Post a Comment