Latest News

Friday, April 7, 2017

ကွာရှင်းပြတ်စဲဖို့ လိုအပ်ရဲ့လား

ကွာရှင်းပြတ်စဲဖို့ လိုအပ်ရဲ့လား

အောင်မြင်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့နောက်မှာ မိန်းမတစ်ယောက်ရှိသတဲ့။ အဲဒီလိုပဲ မအောင်မြင်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့ နောက်မှာလည်း မိန်းမတစ်ယောက်ရှိတာပါပဲ။

အောင်မြင်နေတဲ့ သူတစ်ဦးရဲ့ ဘ၀ထဲမှာ အောင်မြင်တဲ့ မိသားစု ဘ၀ရှိတယ်။ မအောင်မြင်တဲ့ သူတစ်ဦးရဲ့ ဘ၀ထဲမှာလည်း မအောင်မြင်တဲ့ မိသားစု ဘ၀ရှိတယ်လို့ ဆိုပြန်တယ်။

ဒီလိုတွေကြားရသိရတော့ ကျွန်မအနေနဲ့ တွေးမိတယ်။ အိမ်ထောင်ပြုခြင်းဟာ ဘ၀အတွက် အရေးပါတယ်ဆိုတာ လက်ခံလာရတယ်။

ကျွန်မ အပျိုဘ၀တုန်းကတော့ အောင်မြင်တဲ့ မိသားစုဘ၀၊ အိမ်ထောင်သည် ဘ၀ကို ထူထောင်နိုင်မှာပဲ လို့ယုံကြည်မှုရှိတယ်။ ဘာကြောင့် ယုံကြည်မှုရှိသလဲဆိုတော့ ကျွန်မက လှတယ်၊ ပြီးတော့ ထက်မြက်တယ်လေ။ ပြီးတော့ ကျွန်မကို ချစ်တဲ့သူကို ယူမှာလေ၊ ဒါကြောင့်လို့ ယူဆခဲ့တယ်။

အိမ်ထောင်သက် ၁၀ နှစ်လောက် ကြာတော့ မိန်းမတစ်ယောက်ရဲ့ အလှအပနဲ့ ထက်မြက်မှု တစ်ခုတည်းက အိမ်ထောင်ရေးကို ခိုင်မြဲအောင်လုပ်နိုင်တာ မဟုတ်ဘူးဆိုတာကို သိလာရတယ်။

ဘ၀ရဲ့လောကဓံဆိုးတွေကို ကြုံလာတဲ့အခါတိုင်း ကိုယ့်ကိုယ်ကိုထက် သူု့ကို ပိုပြီး အပြစ်တင်တတ်မိတယ်။ သူ့ကို ယူခဲ့လို့ပေါ့၊ နို့မို့ရင်တော့လား…. ဆိုတဲ့အပြောမျိုးတွေနဲ့ကိုယ့်အိမ်ထောင်ဘက်ကို ပုတ်ခတ်ပြောဆိုတတ်ကြတယ်။ သူကလည်း မခံနိုင်လို့ပြန်ပြောတဲ့အခါ သူနဲ့ကိုယ်နဲ့ကြားမှာ စိတ်နာစရာ စကားတွေ ရှိလာခဲ့တယ်။

အဲဒီစကားတွေကို သူကလည်း မမေ့ ၊ကိုယ်ကလည်း မမေ့နိုင်တဲ့အခါ လင်မယား အဆင်မပြေတော့ဘူး။ေ လာကဓံဆိုးက ရပ်ပြီး ဒုက္ခက ကျော်လွှားပြီးရင်တာင်မှ ဒီစကားတွေက နှလုံးသားထဲမှာ စုူးလို့စိုက်ဝင်သွားခဲ့ကြတာ။

အဲဒါကြောင့် နောက်တစ်ခါ ဒုက္ခပဲဖြစ်ဖြစ် အခက်ခဲပဲ ဖြစ်ဖြစ် တွေ့လာတော့ ပိုပြီး အဆင်မပြေဖြစ်လာတယ်။ အိမ်ထောင်သက်တမ်းတစ်လျှောက်လုံးမှာ  ကွာလိုက်ရရင်ကောင်းမလားလို့ မစဉ်းစားမိတဲ့သူ ရှိရဲ့လား။

လင်နဲ့မယားကြားမှာ အဆင်မပြေတဲ့အထင်အမြင်လွဲတဲ့ အခိုက်အတန့်ဆိုတာ မလွဲမသွေ ရှိကြပါတယ်။ အဲဒီအချိန်မျိုးမှာ စိတ်လိုက်မာန်ပါ ဆုံးဖြတ်မယ်ဆိုရင်တော့ လင်မယားဟာ ကွာရှင်းခြင်း အဆင့်ကို ရောက်ကြရတယ်။

ဘယ်လောက်ပဲ လှလှ၊ ဘယ်လိုပဲ ထက်မြက်တဲ့မိန်းမ ဖြစ်နေပါစေ အဲဒီ အဆင့်ကို  မကျော်လွှားနိုင်ဘူးဆိုရင် အောင်မြင်တဲ့ မိသားစု ဘ၀ကို မရောက်နိုင်ကြပါဘူး။

အဲဒီအဆင့်မှာ  သည်းခံနိုင်ပြီး၊ နားလည်မှုရှိတဲ့ ရင့်ကျက်တဲ့သဘောထားရှိတဲ့ မိန်းမ ဆိုရင်တော့ အဲဒီအဆင့်မှာ ဘယ်လို နေထိုင်ရမလဲ၊ ဘယ်လောက် သည်းခံရမလဲ။ အချိန်ဘယ်လောက် ယူရမလဲဆိုတာကို  သဘောပေါက်ပြီး အိမ်ထောင်ရေး ပြဿာနာကို ကျော်လွှားနိုင်တာ တွေ့ရပါတယ်။

အမျိုးသားတွေအနေနဲ့လည်း ကိုယ်ချစ်လို့ယူခဲ့တဲ့ မိန်းမတစ်ယောက်ကို ကွာရှင်းချင်တဲ့စိတ်ပေါက်လာတဲ့ နေ့ဆိုတာ ရှိကြတာပါပဲ။ အဲဒီနေ့မှာများ  ကွာရှင်းဖို့ပြတ်စဲဖို့တွန်းအားပေးတတ်တဲ့ သူတွေနဲ့သာ ဆုံပြီး မကြာခဏတွေ့လိုက်တာနဲ့ ကွာရှင်းဖို့ဆိုတာ သေချာသွားတော့တာပါပဲ။

အချို့ဆိုရင် ဖောက်ပြန်ကြလို့မဟုတ်ဘဲနဲ့ဘာမှ မဟုတ်တာလေး စကားများရုံလေးနဲ့ တစ်ယောက်နဲ့တစ်ယောက် မခံချိ မခံသာဖြစ်ပြီး ကွာရှင်းဖြစ်သွားတယ်ဆိုတာ အဲဒီလို ဘေးတွန်းတတ်တဲ့သူတွေနဲ့တွေ့လို့ပါ။

အမှားအားလုံးကို အချစ်က ဖုံးလွှမ်းနိုင်တယ်ဆိုတဲ့စကား ရှိတယ်မဟုတ်လား။ အချစ်ရိုနေရင် ဘယ်လိုပဲဖြစ်ဖြစ် သည်းခံနိုင်ကြတာပါပဲ။ တကယ့်ကို သည်းမခံနိုင်တော့ဘူး မျက်နှာတောင် မမြင်ချင်တော့ဘူး ဆိုတာ စကားနဲ့ ပြောရုံနဲ့အတည်မမှတ်လိုက်ပါနဲ့ဦး။

တကယ်ပဲ မျက်နှာမမြင်ရတဲ့ နေရာမှာ နေကြည့်လိုက်တဲ့အခါ သူ မရှိတဲ့ကွက်လပ်က ကိုယ့်ကို ဘယ်လောက်ထိ ထိခိုက်စေသလဲ ဆိုတာကို တွေ့ရမှာပါ။

 ပြီးတော့မိသားစု ဆိုတာ သူနဲ့ကိုယ်နဲ့ နှစ်ယောက်တည်းနဲ့ပြီးမသွားပါဘူး။ သားနဲ့သမီး ရှိရင် ကွာရှင်းခြင်းဆိုတဲ့ကိစ္စမှာ သူတို့ရဲ့သဘောဆန္ဒကလည်း အရေးကြီးပါတယ်။ ကလေးမို့လို့သူတို့ရဲ့ဆုံးဖြတ်ပိုင်ခွင့်ကို မပေးဘူး ဆိုရင် ကိုယ်က မတရားဖြစ်သွားပါလိမ့်မယ်။

အဖေနဲ့အမေ လမ်းခွဲကြတဲ့ ကိစ္စလောက် သူတို့ ဘ၀အတွက် အရေးကြီးတာ မရှိပါဘူး။ ဒီလို ကိစ္စရပ်မှာ သူတို့ကို ဆုံးဖြတ်ခွင့်မပေးကြတာ သူတို့အပေါ် မတရားမှုကျူးလွန်နေသလိုပဲ လို့ကျွန်မကတော့ ယူဆမိပါတယ်။ကလေးတွေရဲ့စိတ်ဒဏ်ရာဆိုတာ သေရာပါကြတယ်။

သားသမီးတွေကို တကယ် ငဲ့ညှာမယ်ဆိုရင် အမေနဲ့ အမေက အိမ်ထောင်ရေးကို ထိခိုက်စေမဲ့ကိစ္စရပ်တွေကို မကျူးလွန်မိအောင် ထိမ်းသိမ်းကြပါတယ်။  လင်က မှားလို့မယားကလည်း လိုက်မှားတယ်ဆိုရင် နှစ်ဦးစလုံးမှားတယ်။ အဲဒီရဲ့ဒဏ်ကို ကလေးတွေက ခံရတယ်ဆိုတာကတော့ပိုမှားစေပါတယ်။
ဒီလို အခြေအနေရှိတဲ့ မအောင်မြင်တဲ့ အိမ်ထောင်ရေး ရှိနေမှတော့  အဲဒီလူက သူ့ဘ၀ကို ပျော်ရွှင်၊အောင်ြမင်တိုးတက်အောင် ဘယ်နှဲ့လုပ်ပြီး နေနိုင်ပါ့မလား။

အိမ်ထောင်ရေးမှာ ကွာရှင်းပြတ်စဲခြင်းအဆင့်ကို မရောက်ဖို့အတွက် လိုအပ်တဲ့အရေးကြီးဆုံး အချက်ကတော့ နားလည်ပေးခြင်း လို့ကျွန်မကတော့ ယူဆမိပါတယ်။

အခက်အခဲတွေ့ချိန်မှာ ကိုယ့်ကိုယ်ကိုရော ခင်ပွန်းကိုပါ နားလည်သဘောပေါက်မှုရှိဖို့လိုတာပါ၊  သူများကို နားလည်ပေးဖို့ ဆိုတာ ခက်ခဲပြီး အတ္တစိတ်ကို ပါယ်ရတဲ့ လုပ်ငန်းစဉ်ပါ။ ဒါကို ပြုလုပ်နိုင်တယ်ဆိုရင် ကိုယ့်ရဲ့အိမ်ထောင်ရေးကိုသာမက ကိုယ့်ဘ၀ရဲ့အောင်မြင်ရေးကိုပါ လုပ်နိုင်ပါပြီ။

အောင်မြင်ရေးအတွက် ကျွန်မတို့က ကိုယ့်ရဲ့ဒေါသတွေကို အလွယ်တကူမထွက်အောင် ထိန်းသိမ်းရမယ်။ သူ့ကို အလွယ်တကူ အပြစ်မတင်မိအောင် ဂရုစိုက်ရမယ်။ ရန်ကို ရန်ခြင်း မတုန့်ပြန်မိအောင် သတိပြုရပါမယ်။

နောက် ကျွန်မအနေနဲ့ လိုအပ်တယ်လို့ယူဆမိတာ ရှိပါတယ်။ ဒါကတော့ မိသားစုထဲမှာပဲ ဖြစ်ဖြစ် အိမ်ထောင်ရေးမှာပဲ ဖြစ်ဖြစ် ဘယ်လိုပြဿနာမျိုးကိုမဆို  တည်ငြိမ်သွားတဲ့အထိ အချိန်ယူဖို့ပါ။

ပြီးတော့ တစ်ဘ၀လုံးအတွက် အရေးကြီးတာက ခွင့်လွှတ်တတ်ဖို့နဲ့…ရင်နာစရာတွေကို မေ့မေ့ပျောက်ပျောက်နေတတ်ဖို့ပါပဲ။ အဲဒီ အရည်အသွေး နှစ်ခု ရှိမှ ကျွန်မတို့က အေးချမ်းစွာ နေနိုင်ပါမယ်။

မတူတဲ့အမြင်များရှိရင်လည်းေ ဆွးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment