မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိသူ ၆ ဦးတွင် ရဲ နှစ်ဦးပါဝင်
ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်၌ မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိသူများတွင် ရဲတပ်သားနှစ်ဦး ပါဝင်ကြောင်း သတင်းရရှိသည်။
ဧပြီ ၆ ရက် ညနေပိုင်းကမူးယစ်ဆေးဝါးရောင်းချမည့် သတင်းရရှိ၍ စောင့်ဆိုင်းဖမ်းဆီးရာ အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းအမြန်လမ်းရဲတပ်ဖွဲ့ မှရဲအရာရှိ တစ်ဦးကပြောသည်။
"သတင်းရလို့ စောင့်ပြီးဖမ်းတော့ ဆိုင်ကယ်နှစ်စီးနဲ့ ကားတစ်စီးမိတယ်။ ဆိုင်ကယ်နှစ်စီးကို ရပ်ခိုင်းပြီးဖမ်းတော့ပြန်ခုခံလို့ လုံးထွေးပြီး ဖမ်းရတယ်။ ဆိုင်ကယ်သမားတွေကို ထပ်ပြီးစစ်တော့ ကားပေါ်မှာ မူးယစ်ဆေးဝါးတွေပါတယ်ဆိုတာထပ်ပြီးသိရတယ်"ဟု ၄င်းရဲအရာရှိကပြောသည်။
ဖမ်းဆီးရမိခဲ့သည့် ရဲတပ်သားနှစ်ဦးသည် ထန်းတပင်မြို့နယ် ဇရပ်ကြီးနယ်မြေရဲစခန်းတွင် တာဝန် ထမ်းဆောင်နေသည့် ရဲတပ်သားနှစ်ဦး ဖြစ်ကြောင်း သိရသည်။
" မူးယစ်ဆေးပြား အားလုံးပေါင်းတန်ဖိုးက ကျပ်သိန်း၈၉၄သိန်းဖိုး မိပါတယ်။မူးယစ်ဆေးပြား၂၉၈၀၀ပြားမိ တယ်။ လုံးထွေးသတ်ပုတ်ဖမ်းရတဲ့ ရဲတပ်သားကတော့ မျက်ခုံးကွဲသွားတယ်။ ဒဏ်ရာကြီးကြီးမားမားရတဲ့သူတော့ မရှိပါဘူး"ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။
မူးယစ်ဆေးများနှင့် ဖမ်းဆီးရမိသူ အောင်မင်း(ခ)မောင်ငယ်၊ကျော်ကျော်၊ခွန်ထီးခေါင်၊သန့်ဇင်မျိုး၊ ဝေယံမင်ထွေးနှင့် ဥမ္မာရွှေတို့ကို ဇီးပင်သာအမြန်လမ်းရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့( 7Day News )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment