Latest News

Sunday, April 2, 2017

" ငါ့အမေသာဆို "

" ငါ့အမေသာဆို "


ငါ့အမေသာဆိုအိမ်မှာတင်ဖွက်ထားတယ်
ငါ့အမေသာဆို ဒီချောက်ထဲမဆင်းခိုင်းဘူး
ငါ့အမေသာဆို ဒီမီးတွေမငြှိမ်းခိုင်းဘူး
ကဲ ...
အခုထိ ဒီ၇၀ကျော်ကြီးကထမ်းတင်နေရတုန်း
အခုထိ ဒီ၇၀ကျော်ကြီးကဆွဲထုတ်နေရတုန်း
အခုထိ ဒီ၇၀ကျော်ကြီးကကာကွယ်နေရတုန်း
သူလိုသာ လင်ပစ်သားပစ်နေနိုင်ခဲ့ရင်
သူလိုသာ သေနတ်တွေနဲ့ရင်ဘောင်တန်းနိုင်ရင်
သူလိုသာ ပြုံးပြုံးလေးနဲ့အနိုင်ပိုင်းတတ်ရင်
ခက်မယ် ခက်မယ် အေး ... ခက်မယ်
...

ကျွန်မအောင်ဆန်းသမီးပါ
ကျွန်မမိုက်ကယ့်ဇနီးပါ
ကျွန်မမြင့်ဆန်းအောင်နဲ့ထိန်လင်းတို့အမေပါ
ကျွန်မလူထုခေါင်းဆောင်ပါ ကျွန်မကအမေပါ
ကျွန်မအောင်ဆန်းစုကြည်ပါ
ငါတို့တစ်သက်လုံးပျော်ပျော်ကြီး စုန်ကြဖို့
သူ့တစ်ဘဝလုံးဖြတ်စီးပေးထားတာ
ငါတို့တစ်သက်လုံးပျော်ပျော်ကြီး ခုန်ကြဖို့
သူ့တစ်ဘဝလုံးတုံးခုပေးထားတာ
ရတယ် ကြိုက်သလိုကွေ့ခဲ့ ကြုံသလိုကောက်ခဲ့
အဓိကကဒီပင်လယ်ထဲတိုးဝင်ဖို့ပဲ
အရေးကြီးတာကအတူတူပေါင်းစည်းဖို့ပဲ
...

ရော့ အလင်းတွေယူသွား အပူတွေထားခဲ့
ရော့ အပြုံးတွေယူသွား အမုန်းတွေထားခဲ့
တဖျက်ဖျက်နဲ့အတောင်ပံခတ်ပြီးသာ ပျံသန်းကြ
တလက်လက်နဲ့တန်ဖိုးရှိအောင်သာနေကြ
ကောင်းကင်မှာဝဲနေတာမြင်ရရင်ကို ဒီအရိပ်ကြီးကကျေနပ်နေမှာ
ကိုယ့်လမ်းကိုယ်ဖောက်ရုံမက ငါတို့အစားပါလျှောက်ပေးသွားတာ
ကိုယ့်အထုပ်ကိုယ်ထမ်းရုံမက ငါတို့အရှပ်တွေပါချီပိုးသွားတာ
ကိုယ့်သမိုင်းကိုယ်ရေးရုံမက
ငါတို့အနာဂတ်ကိုပါဆေးခြယ်ပေးသွားတာ
ရှာလေ ရှာကြည့် လိုက်ရှာကြည့်
၇၁နှစ်ကြာပြီ သူလိုကလေးမ
တစ်ကောင်တစ်မြီးမှကို ထွက်မလာသေးဘူး
...

ဇရာကိုအန်မတုနိုင်ပေမယ့်
လောကဓံတိုက်ပွဲမှာ အမှန်တရားလက်နက်ကိုမချခဲ့ဘူး
ဘယ်ဘုရားမှဗျာဒိတ်မပေးခဲ့ပဲ ဒီနိုင်ငံမှာထွန်းကားလာတာ
တစ်လွင့်လွင့်တစ်လူလူနဲ့ တပ်ဦးမှာအလံတော်တစ်ခုလို
စိတ်မချလို့ ရင်ဝကိုမြေကတုတ်လိုထားပေးဦးမှာ
စိတ်မချလို့ အနာဂတ်တွေအတွက်ကင်းစောင့်ပေးနေဦးမှာ
အေး ... ငါ့အမေသာဆို အိမ်မှာတင်သိမ်းထားတယ်

-----------
ဒီမြတ်ငြိမ်း
၂ ၀ ၁ ၆

No comments:

Post a Comment