Latest News

Sunday, April 2, 2017

မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီး ဦးနေမျိုးကျော်နှင့် တွေ့ဆုံခြင်း

မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီး ဦးနေမျိုးကျော်နှင့် တွေ့ဆုံခြင်


[မကွေးတိုင်း ဒေသကြီးတွင် ဒေသ ဖွံ့ဖြိုးရေး အတွက် ရေနံ လက်ယက်တွင်းများမှ ကောက်ယူထားသော  ရန်ပုံငွေ ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံ ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနှင့် အစိုးရ အဖွဲ့ဝင်ဟောင်းများကို စုံစမ်း စစ်ဆေးနေမှုနှင့် ပတ်သက်၍ မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ ဝန်ကြီး ဦးနေမျိုးကျော် နှင့် တွေ့ဆုံ မေးမြန်းခဲ့သည် များမှ ကောက်နုတ် ဖော်ပြပါသည်။]

Voice : ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်းနဲ့ အစိုးရ အဖွဲ့ဝင်ဟောင်းတွေ စစ်ဆေးမှု အခြေအနေကို ပထမဆုံး သိပါရစေ။

UNMK : ပျောက်ဆုံးမှုကို စတင် စစ်ဆေးတော့ ၂ ဒသမ ၈ ဘီလီယံ ပျောက်ဆုံးမှုပါ၊ တကယ် စစ်လိုက်တော့ ၂ ဒသမ ၈ ဘီလီယံ မဟုတ်ပဲနဲ့ ၇ ဒသမ ၄၅၉ ဘီလီယံ အထိ ပျောက်ဆုံးနေတာ တွေ့ရတယ်၊ အခုနောက်ဆုံး ဆောင်ရွက် ထားတာကတော့ စာရင်းဇယား၊ ကိန်းဂဏန်းတွေနဲ့ အတူ ပြည်ထောင်စု ရှေ့နေ့ချုပ်ရုံးကို တင်ပြထားပါတယ်။

Voice : ကျပ်သန်း ခုနစ်ထောင့် လေးရာကျော်က ရေနံ လက်ယက်တွင်းကပဲလား၊ တခြား စီးပွားရေး လုပ်ငန်းတွေ ပါသေးလား ခင်ဗျား။

UNMK : ရေနံ လက်ယက်တွင်း တစ်ခုပဲ။ တခြား စီးပွားရေး လုပ်ငန်း မပါဘူး။ ရေနံ လက်ယက်တွင်း လုပ်ငန်းရှင် တွေက ဒေသ ဖွံ့ဖြိုးရေး အခွန်အခ အဖြစ် ပေးဆောင်ထားတာ။ ဒါတွေဟာ ပြီးခဲ့တဲ့ အစိုးရက  သူရဲ့ ပိုင်ဆိုင်မှုလို့ ပြောလို့ မရဘူး၊ လုပ်ငန်းရှင်တွေက နိုင်ငံတော် ဘဏ္ဍာငွေ အဖြစ် ပေးဆောင်ထားတာ၊ ဒါတွေကို ပြန်ရအောင် လုပ်ရမယ်။

Voice : သန်းထောင်ချီ ပျောက်ဆုံးမှုကို ဘယ်ကနေစပြီး သိရတာလဲ ခင်ဗျာ။

UNMK : ငွေတွေက စာရင်းရှိပေမယ့် တကယ် သုံးစွဲထားတာ မတွေ့ရဘူး၊ ဒီပျောက်ဆုံး ငွေတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စု အစိုးရကို တင်ပြတယ်၊ ပြည်ထောင်စု အစိုးရက ဒါတွေကို စစ်ဆေးဖို့ ညွှန်ကြားချက် အရ စစ်ဆေးခဲ့တာပါ၊ ကျွန်တော်တို့ ရရှိထားတဲ့ စာရင်း ဇယားတွေကို စုံစမ်း စစ်ဆေးရေး အဖွဲ့မှာပါတဲ့ စသုံးလုံး၊ တိုင်းအခွန်၊ တိုင်းစာရင်းစစ်၊ ဘဏ်တို့မှာ ပေးပို့စစ်ဆေးခိုင်းခဲ့တာ။

Voice : အခုပျောက်ဆုံး ငွေတွေနဲ့ ပတ်သက်လို့ ဘယ်နေရာ တွေမှာ သုံးထားသလဲ ဆိုတာ စစ်ဆေးချက် အရ သိရလား ဆရာ။

UNMK : ဒီငွေတွေနဲ့ ပတ်သက်လို့ ဘယ်သူ့ကိုပေးတယ်၊ ဘယ်ကုမ္ပဏီကို ပေးတယ်ဆိုတာ စုံစမ်း စစ်ဆေးမှု နောက်ဆုံး အဆင့်ရောက်မှ ပြောပြနိုင်ပါလိမ့်မယ်။ ဘယ်သူတွေက အလွဲသုံးစား လုပ်ခဲ့သလဲ ဆိုတာကတော့ တာဝန် အရှိဆုံး ပုဂ္ဂိုလ်တွေပေါ့။

Voice : အရေးယူမှုအပိုင်းလေး ပြောပြပေးနိုင်လား။

UNMK : စုံစမ်း စစ်ဆေးမှုရလဒ် ထွက်လာမှပဲ သူတို့နဲ့ ကိုက်ညီတဲ့ ဥပဒေနဲ့ အရေးယူသွားမှာပါ။ ပြည်သူ့ ဘဏ္ဍာငွေ အလွဲသုံးစား လုပ်တာကိုတော့ ကျွန်တော်တို့ လက်ပိုက် ကြည့်နေမှာ မဟုတ်ပါဘူး။

Voice : ဖြည့်စွက်ပြောချင်တာလေးရှိရင် ပြောပြပေးပါဦး။

UNMK : ၇ ဒသမ ၄၅၉ ဘီလီယံ ပျောက်ဆုံးသွားတဲ့ အထိ လုပ်သွားတာ ကတော့ စည်းမဲ့ကမ်းမဲ့ လုပ်သွားတာလို့ ပြောချင်ပါတယ်။ ဒီနေ့ငွေတွေက နိုင်ငံတော်ကရရမယ့် ဘဏ္ဍာငွေ တွေပါ၊ ပြီးခဲ့တဲ့ အစိုးရက အမှန်တကယ် အလွဲသုံးစား လုပ်ခဲ့တာလား၊ စည်းမဲ့ကမ်းမဲ့ လုပ်ခဲ့တာ ဆိုတာကတော့ စုံစမ်း စစ်ဆေးမှုပြီးမှ သိရမယ်။ စုံစမ်း စစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့အနေနဲ့ ပြောပိုင်ခွင့် မရှိဘူး။

Voice : အခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။

ဇော်မိုးလွင်

The Voice

No comments:

Post a Comment