Latest News

Friday, April 7, 2017

ဦးဝင်းထိန်အကြောင်းစာ အတုရေးသူ ထောင်ဒဏ် ၆လချမှတ်ခံရ

ဦးဝင်းထိန်အကြောင်းစာ အတုရေးသူ ထောင်ဒဏ် ၆လချမှတ်ခံရ

NLD ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ဟာ ကျန်းမာရေး အခြေအနေကြောင့် ပါတီကနေ နှုတ်ထွက်ခွင့်ပြုဖို့ တောင်းဆိုတယ်ဆိုတဲ့ စာအတုကို ပါတီရဲ့ရုံးတံဆိပ်နဲ့ လူမှုကွန်ယက် Facebook စာမျက်နှာပေါ်ကို တင်ခဲ့တဲ့ ဦးအောင်မြင့်ထွန်း(ခ) ဦးဖိုးထောင်ကို နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်တရားရုံးက ဒီကနေ့ အလုပ်နဲ့ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

ဦးဖိုးထောင်ကို ဥတ္တရခရိုင် NLD ပါတီဝင် ဦးသန်းဌေး(ခ)ဦးသန့်ဇင်က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့  ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလက တရားစွဲဆိုခဲ့တာဖြစ်ပြီး ရုံးချိန်း ၁၀ ချိန်းကျော်ချိန်းအပြီးမှာ အခုလို ထောင်ဒဏ်ချမှတ်လိုက်တာပါ။

 မုံရွာဒေသခံဖြစ်သူ ဦးဖိုးထောင်ဟာ တရားစွဲဆို ဖမ်းဆီးထိန်းသိမ်း ခံထားရတာ ၅ လကျော်ကြာမြင့်နေပြီဖြစ်ပြီး ဧပြီလ ၁၃ ရက်မှာ ၆ လပြည့်မှာဖြစ်လို့ ထောင်ထဲမှာ ရက်အနည်းငယ်သာနေထိုင်ရမှာဖြစ်ပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) မှာ ဆက်သွယ်ရေး ကွန်ယက်တစ်ခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တစ်ဦးဦးကို ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်ထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေ ဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း (သို့မဟုတ်) ခြိမ်းခြောက်မှုတွေကို ကျူးလွန်တယ် လို့ ပြစ်မှုထင်ရှားရင် ၃ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ် ၊ ငွေဒဏ်ရော ထောင်ဒဏ်ပါ ချမှတ် နိုင်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

ရန်ကုန်မြို့မှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို လူမှုကွန်ယက်စာမျက်နှာမှာ ဝေဖန်လို့ ဆက်သွယ်ရေး ဥပဒေပုဒ်မ (၆၆ ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ NLD ပါတီက  ဦးမျိုးရန်နောင်သိမ်းကိုလဲ ဒီကနေ့ မှာပဲ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် တရားရုံးက ထောင်ဒဏ် (၆)လ ချမှတ်ခဲ့ပါတယ်။

အခု ၂၀၁၇ ခုနှစ် အထိဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲ ဆိုခံထားရမှု ၆၁ မှုရှိတယ်လို့ ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ RFA

No comments:

Post a Comment