Latest News

Tuesday, April 4, 2017

ဘဝ နေဝင်ချိန်ကို မလျှော့သော ဇွဲဖြင့် လျှောက်လှမ်းနေသည့်အဘိုးအို

ဘဝ နေဝင်ချိန်ကို မလျှော့သော ဇွဲဖြင့် လျှောက်လှမ်းနေသည့်အဘိုးအို

''ထီပေါက်စဉ်တွေ ရမယ် ၊ ထီပေါက်စဉ်တွေ ရမယ်၊ တစ်စောင် ၁ဝဝ ၊ တစ်စောင် ၁ဝဝ''ရန်ကုန်မြို့ အင်းစိန်လမ်းမကြီး လှည်းတန်း မှတ်တိုင် အနီး ပလက်ဖောင်းပေါ်၌ ဓာတ်တိုင်တစ်ခုကိုမှီကာ အားယူ၍ ထီပေါက်စဉ် အော်ရောင်းနေသော အသက် ၈ဝ ကျော် အဘိုးအို၏ အော်သံ ဖြစ်သည်။ လမ်းသွားလမ်းလာများ ပျားပန်းခပ်မျှ သွားလာနေသဖြင့် လူစည်ကားနေသည့် ထိုနေရာတစ်ဝိုက်၌ လဆန်းရက် ထီဖွင့်ပွဲပြီးတိုင်း ယင်း အဘိုးအိုက ထီပေါက်စဉ် ရောင်းနေမြဲဖြစ်သည်။ လမ်းသွားလမ်းလာ များကလည်း ဦးထုပ်တစ်လုံးကိုဆောင်းကာ အရောင်ပြယ်နေသော လွယ်အိတ် အစင်းကျားတစ်လုံးကို လွယ်ထားသည့် အဘိုးအိုထံမှ ထီပေါက်စဉ်များကို တချို့က ငွေကျပ် ၂ဝဝ ၊တချို့က ငွေကျပ် ၅ဝဝ၊ ၁ဝဝဝ စသည်ဖြင့် လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ပေးကာ ထီပေါက်စဉ်ကို ဝယ်ယူ၍ သွားလေ့ရှိကြသည်။ ထိုသူများထဲမှ လှည်းတန်းသို့ သင်တန်း တစ်ခုခု လာတက်ဟန်တူသည့် အမျိုးသမီးငယ်နှစ်ဦးက ''အဘိုး ထီပေါက်စဉ် တစ်စောင်ပေးပါ'' ဟုပြောရင်း ငွေတစ်ထောင်တန် နှစ်ရွက် ပေး လိုက်ပါသည်။ ''အဘိုး ပိုတာ ပြန်မအမ်းပါနဲ့တော့''ဟု ပြောလိုက်သေးသည်။''အဘိုးက အသက် ၁၈ နှစ်လောက်ကတည်းက ထီပေါက်စဉ် ရောင်းလာတာ။ အခု အသက်ကြီးမှ ပြန်ရောင်းတာကတော့ ခြောက်နှစ်လောက်ရှိပြီ။ ကလေးတွေက ထီပေါက်စဉ်ဖိုးပေးပြီး ပိုတဲ့ငွေ ပြန်မယူကြ ဘူး'' ဟု ထီပေါက်စဉ် ရောင်းချနေသည့် အဘိုး ဦးအုန်းခိုင်ကပြောသည်။ ထိုသို့ ရောင်းချရာတွင် လစဉ် ၁ ရက်နှင့်၂ ရက်တို့တွင် ထီပေါက်စဉ် အစောင် ၂ဝဝ ရောင်းရငွေမှာ ငွေကျပ် လေးသောင်းခန့် ရရှိတတ်ကြောင်း ဆက်လက်ပြောသည်။ အဘိုး ဦးအုန်းခိုင်ကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ငှက်ပျောကျွန်း ခတ္တိယကျေးရွာ၌ မြန်မာသက္ကရာဇ် ၁၂၉၄ ခုနှစ် သီတင်းကျွတ် လပြည့်နေ့တွင် မွေးဖွားကာ မွေးချင်းသုံးယောက် တွင် အကြီးဆုံးသား ဖြစ်သည်။ မအူပင်မြို့ရှိ ADM မူလတန်းကျောင်းတွင် တက်ခဲ့ပြီး အလွတ်ပညာသင်ကျောင်း တစ်ခု၌ သတ္တမတန်းအထိ ပညာသင်ကြားခဲ့သော်လည်း ရန်ကုန်သို့ စတင်ပြောင်းရွှေ့ခဲ့သည့် အချိန်တွင် သရက်တော ဆေးကျောင်းကွက်သစ်၌ နေထိုင်ကာ ထီပေါက်စဉ် ရောင်းချပြီး အသက်မွေးခဲ့ရသည်။''အဘိုး ပထမဆုံး စရောင်းတာတော့ ခေတ္တရာ ထီပေါက်စဉ်ပေါ့။ နောက် တိုင်းလုံးကျော်တို့၊ သတင်းစာတို့ပါ ရောင်းခဲ့တယ်။ နောက်မှ ရေခဲစက်မှာ အလုပ်ရသွားတယ်''ဟု အသက် ၈၄ နှစ်ကျော်ပြီဖြစ်သည့် အဘိုး ဦးအုန်းခိုင်ကပြောသည်။ လွန်ခဲ့သည့် နှစ် ၇ဝ ကျော်ခန့်က ဗဟန်း၊ တာမွေ၊မင်္ဂလာဈေး၊ ပုဇွန်တောင်၊ ဖဆပလ စသည့် ရပ်ကွက်များသို့ လမ်းလျှောက်ကာ လူငယ်ပီပီ ပေါ့ပါး သွက်လက်စွာ ထီပေါက်စဉ်များကို လိုက်လံ ရောင်းချနိုင်ခဲ့သည်။ ထို့နောက် ဗဟန်းမြို့နယ် ဂွတ်တလစ် ရပ်ကွက်(ယခု ဆရာစံရပ်ကွက်) ဘုရင့်နောင်လမ်းသို့ ပြောင်းရွှေ့နေထိုင်ပြီး ဗဟန်းအမှတ်(၈) နယ်မြေ ရေခဲ သမဝါယမ၌ အတွင်းရေးမှူးအဖြစ် တာဝန်ယူကာ ခိုင်သဇင် ရေခဲမုန့် နှင့် ဖာလူဒါတို့ကို ရောင်းချခဲ့ပြန်သည်။''အခုတော့ အဲဒီအိမ်က ရောင်းခဲ့တာကြာပါပြီ။ ရေခဲ သမဝါယမမှာလည်း အနှစ် ၃ဝ ကျော်လောက် တာဝန်ထမ်းဆောင်တယ်။ တော်တော်လေး နှစ်တွေကြာအောင်လုပ်ခဲ့တယ်'' ဟု အဘိုးက အတိတ်ကို ပြန်ပြောင်းပြောသည်။

အိမ်ထောင်မပြုဘဲ တစ်ကိုယ်တည်းဘဝဖြင့် ရေခဲသမဝါယမတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရင်း အသက် ၅၆ နှစ်အရွယ်တွင် ရေခဲသမဝါယမမှ အငြိမ်းစားယူကာ ဖခင်ဖြစ်သူ ဘုန်းကြီးဝတ်နေသည့် တောင်ဥက္ကလာပ (၁)ဝိုင်းရှိ အောင်ဇေယျကျောင်း၌ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ပြန်သည်။''တခြားဘုန်းကြီးတွေလို ပဋိယတ္တိ စာပေပိုင်းမှာ ထဲထဲဝင်ဝင် မလုပ်နိုင်တော့ ပဋိပတ္တိ ၊ပဋိဝေဒပိုင်းပဲ လုပ်ရတယ်။ ဘုန်းကြီးဝတ်တာ ၁၅ ဝါလောက်ရခဲ့တယ်''ဟု အဘိုး ဦးအုန်းခိုင်ကပြောသည်။ ထို့နောက် ဘုန်းကြီးဝတ်ဖြင့် နေထိုင်ကာ တရားဘာဝနာပွားများ နေစဉ် ဝါတော် ၁၅ ဝါ ရရှိချိန်တွင် လူဝတ်လဲခဲ့ကာ ဝမ်းစာရေးအတွက် ရုန်းကန်ခဲ့ပြန်သည်။ အသက် ၇ဝ ကျော်တွင် လူပြန်တော်ဖြစ်လာသည့် ဦးအုန်းခိုင်၏ ဆွေးမျိုးရင်းချာ ညီမနှစ်ဦးမှာလည်း ကွယ်လွန်ခဲ့ပြီဖြစ်ရာ ၎င်းတို့ မွေးဖွားထားခဲ့သည့် တူ၊ တူမများ၊မြေး၊ မြစ်များနှင့်အတူ နေထိုင် ကာ လှည်းတန်းမှတ်တိုင်၌ ပေါင်ချိန်သည့် အလုပ်ကို စတင်လုပ်ကိုင်ခဲ့သည်။ ထိုသို့ ပေါင်ချိန်သည့် အလုပ်ကို လုပ်ကိုင်ရင်း ငါးနှစ်ခန့်အကြာတွင် ငယ်စဉ်က လုပ်ကိုင်ဖူးသည့် ထီပေါက်စဉ် ရောင်းချခြင်းအလုပ်ကို ပြန်လည် လုပ်ကိုင်ခဲ့ကာ လှိုင်သာယာအဝေးပြေး၊ မီးခွက်ဈေး စသည်ဖြင့် ရပ်ကွက်တစ်ခွင် လှည့်လည် ရောင်းချခဲ့ရပြန်ကြောင်း အဘိုးကပြောသည်။''ထီပေါက်စဉ်ပြန်ရောင်းတော့ လမ်းလျှောက် နိုင်သေးတယ်။ လျှောက် နိုင်သေးတဲ့ အချိန်မှာတော့ အတော်လေးကို လျှောက်ရောင်းခဲ့သေးတယ်။ အခုတော့ အသက်ကြီးလာလို့ သိပ်မလျှောက်နိုင်တော့ဘူး။ ဒီမှာပဲ ထိုင်ရောင်းနေတာ''ဟု အဘိုးက ဆက်လက်ပြောသည်။ နံနက် ၁၁ နာရီခန့်တွင် လှိုင်သာယာ နေအိမ်မှတစ်ဆင့် လိုင်းကားစီးလာကာ အင်းစိန် ပန်းခြံ၌ဆင်းပြီး လှည်းတန်းသို့ တစ်ဆင့် ကားထပ်မံစီးရသည်။ ညနေ ၅ နာရီတွင် ဗဟိုလမ်းမှ ကားပြန်လည်စီးကာ လှိုင်သာယာသို့ ပြန်ရသည်။ ''ကလေးတွေက မရောင်းခိုင်းပါဘူး။ အဘိုးက မနေတတ်လို့ ရောင်းတာပါ''ဟု အဘိုးကပြောသည်။ ထိုသို့ တားမြစ်ကြသော်လည်း အဘိုး မှီခို နေထိုင်သည့် မိသားစုများမှာ အိမ်ပိုင်မရှိဘဲ အလုပ်ရှင်၏ မြေကွက်တွင် နေထိုင်ကာ ရှာဖွေစားသောက် နေရသည်ကို အားနာသည့်အတွက် တစ်ဖက်တစ်လမ်းမှ မိမိဝမ်းစာ မိမိရှာဖွေကာ ကြိုးစား ရပ်တည်နေရခြင်းဖြစ်သည်။ လှိုင်သာယာမှ လှည်းတန်းအထိ ကားနှစ်ဆင့် စီးနင်းကာ နေပူ၊ မိုးရွာမရှောင် လာရောက်ေ ရာင်းချနေရသော်လည်း အဘိုးက စိတ်ပျက်မှုလုံးဝမရှိဘဲ တူဖြစ်သူ၏ မြေးမလေး၊ အဘိုး၏ မြစ်တော်စပ်သည့် အဋ္ဌမတန်း ကျောင်းသူလေးနှင့်အတူ သံယောဇဉ်များဖြင့် ဘဝနေဝင်ချိန်ကို ငံ့လင့်ရင်း တစ်နေ့တာ စားသောက်ရေးအတွက်သာ စဉ်းစား နေထိုင် လျက်ရှိသည်။

''ဘယ်လိုသေမယ်ဆိုတာကို မစဉ်းစားထားဘူး။ ကြောင့်ကြစိတ်လည်း သိပ်မထားဘူး။ လောလောလတ်လတ် စားဖို့နဲ့ အဆင်ပြေပြေ နေဖို့ပဲလို တယ်''ဟု အဘိုးက ပြောသည်။ တခြားသက်ကြီးရွယ် အိုများကဲ့သို့ တရားစခန်းဝင်ရောက်ခြင်း ၊ တရားဘာဝနာ ပွားများခြင်းများဖြင့် ဘဝနေဝင် ချိန်ကို အေးချမ်းစွာ မကုန်ဆုံးနိုင်သော်လည်း ညအိပ်ချိန်နှင့် နံနက်အိပ်ရာထချိန် ရတတ်သမျှလေးကို တရားမှတ်လေ့ရှိကြောင်း အဘိုးကပြော သည်။အသက်အရွယ် ကြီးရင့်လှပြီဖြစ်သော်လည်း အားမလျှော့ဘဲ ကိုယ့်အားကိုယ်ကိုးကာ ဈေးရောင်းချ စားသောက်နေသည့် အဘိုးကို လေလွင့် အချိန်ဖြုန်းနေသည့် လူငယ်များ အတုယူဖွယ်ဖြစ်သည်။ အဘိုး ဦးအုန်းခိုင်ကဲ့သို့ ဆွေမျိုးများ၏ အထောက်အပံ့ မရရှိဘဲ ဘဝနေဝင် ချိန်များကို ခက်ခဲကြမ်းတမ်းစွာ လျှောက်လှမ်းနေရသည့် အဘိုးအို၊ အဘွားအို အများအပြားရှိနေပြီး တချို့မှာ သားထောက်သမီးခံ မရှိ၍သော် လည်းကောင်း၊ တချို့မှာ သားထောက် သမီးခံ ရှိသော်လည်း သား၊ သမီးများ၏ စွန့်ပစ်ထားခြင်းကို ခံရ၍သော်လည်းကောင်း ကြုံသလို နေထိုင် စားသောက်နေရသည့် အဘိုး၊ အဘွားများလည်း အများအပြား ရှိနေကြသည်။ လူမှုရေးပရဟိတ အသင်းအဖွဲ့များက လက်လှမ်းမီရာ အဘိုး၊ အဘွားတို့ကို ကောက်သင်းကောက် ပြုစုစောင့်ရှောက်လျက် ရှိကြသော်လည်း ဆန်စဉ်ရာကျည်ပွေ့မလိုက်နိုင်ဟူသော စကားကဲ့သို့ နိုင်ငံ တစ်ဝန်းလုံးရှိ ပြုစုစောင့်ရှောက် မခံရသေးသော အဘိုး၊ အဘွားတို့မှာလည်းများစွာပင် ရှိနေကြပါသေးသည်။ နိုင်ငံတော်အနေဖြင့် အသက် ၆ဝ ကျော် သက်ကြီးရွယ်အိုများကို ဥပဒေဖြင့် ကာကွယ်ပေးခြင်း၊ သင့်လျော်သည့် လုပ်ကိုင်နိုင်သော အလုပ်အကိုင်များတွင် နေရာပေးခြင်းနှင့် ငွေကြေး ထောက်ပံ့မှု ပေးခြင်းတို့ကို လျင်မြန်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဆိုပါက အလွန်ပင် ကြည်နူးဝမ်းမြောက် ဖွယ်ရာကောင်းမည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။

သွေးသစ်၊ နေနှင်း(မြ၀တီ)

No comments:

Post a Comment