Latest News

Sunday, April 23, 2017

မြောက်ကိုရီးယားက သြစတြေးလျကို နျူကလီးယား တိုက်ခိုက်မှု ပြုလုပ်မည်ဟု ခြိမ်းခြောက်

မြောက်ကိုရီးယားက သြစတြေးလျကို နျူကလီးယား တိုက်ခိုက်မှု ပြုလုပ်မည်ဟု ခြိမ်းခြောက်

မြောက်ကိုရီးယားသည် သြစတြေးလျကို  နျူကလီးယားတိုက်ခိုက်မှု ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့က ဧပြီ ၂၃ ရက်တွင် ပြန်လည် တုံ့ပြန်ဝေဖန်ခဲ့ကြသည်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က မြောက်ကိုရီးယားသည် စိုးရိမ်စရာ ခြိမ်းခြောက်မှုဖြစ်သည်ဟု ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က မြောက်ကိုရီးယားကို ပိတ်ဆို့နေသည့် အမေရိကန်၏ လုပ်ဆောင်ချက်များကို သြစတြေးလျက ဆက်လက် ထောက်ခံနေခြင်းသည် မိမိကိုယ်ကိုယ် သေတွင်းတူးသည့် လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်နောက်သို့  မျက်စိစုံမှိတ်လိုက်နေခြင်း၏ နောက်ဆက်တွဲရလဒ်နှင့်ပတ်သက်၍ နှစ်ခါပြန်စဉ်းစားရန်လည်း ၎င်းက သြစတြေးလျကို တိုက်တွန်းခဲ့သည်ကို မြောက်ကိုရီးယားအစိုးရ  KCNA မီဒီယာတွင် ဖော်ပြခဲ့သည်။


မြောက်ကိုရီးယားက ထိုသို့ပြောကြားခဲ့ပြီးနောက် သြစတြေးလျနှင့် နီးစပ်သော မဟာမိတ်နိုင်ငံ နယူးဇီလန်က မြောက်ကိုရီးယားအစိုးရတွင် ဆိုးယုတ်သော ရည်ရွယ်ချက် ရှိနေသည်ဟု စွပ်စွဲခဲ့သည်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘစ်ရှော့က မြောက်ကိုရီးယားအစိုးရသည်  ဖျက်အားပြင်း လက်နက်ကြီးများအတွက် ငွေကြေးကုန်ကျမည့်အစား ကာလရှည်ကြာ ဒုက္ခရောက်နေသော ပြည်သူများ၏ အကျိုးစီးပွားအတွက်သာ ရင်းနှီးမြှုပ်နှံသင့်ကြောင်းလည်း ဧပြီ ၂၃ ရက်က ပြောကြားခဲ့သည်။  သြစတြေးလျသို့ အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ်လာရောက်စဉ် သြစတြေးလျ ၀န်ကြီးချုပ် မယ်ကွန်တန်ဘူးက မြောက်ကိုရီးယားသည် အဆင်ခြင်မဲ့ပြီး အန္တရာယ်များသော နိုင်ငံဖြစ်ကြောင်း ပြောကြားပြီး တရုတ်အနေနှင့်လည်း မြောက်ကိုရီးယားအပေါ် ၎င်း၏ လွှမ်းမိုးနိုင်မှုအား အသုံးချရန် တိုက်တွန်းခဲ့သည်။  နျူကလီးယားကင်းစင်သော ကိုရီးယားကျွန်းဆွယ် ဖြစ်လာရေးအတွက် ကြိုးပမ်းရာ၌ သြစတြေးလျသည် အမေရိကန်နှင့် လုံးဝ စည်းလုံးကြောင်းလည်း တန်ဘူးက ဆိုသည်။                              

Eleven Media Group

No comments:

Post a Comment