တပ်မတော်က ရွှေ့ပြောင်းခိုင်းထားတဲ့ လွှဲကြီးရွာသားတွေ သတင်းစာရှင်းလင်း
ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ လုံခြုံရေးအရ ဆိုပြီး တပ်မတော်က ပြောင်းရွှေ့ခိုင်းထားတဲ့ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ လွှဲကြီး (မန်း) ကျေးရွာက ဒေသခံတွေဟာ ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ရွာသားတွေနေထိုင်နေတဲ့ ရွာမြေ ၂၅ ဧကကို သိမ်းယူပြီး ရွာသားတွေကို အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းတာဟာ မျှတမှုမရှိဘူး ပြည်သူတွေရဲ့အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့သိအောင် သတင်းစာရှင်းလင်းပွဲ လုပ်တာလို့ သတင်းစာရှင်းလင်းပွဲတာဝန်ခံ ကိုခွန်းအားသိုက် က ပြောပါတယ်။
" လွှဲကြီးကျေးရွာက ရွာသားတွေနေနေတဲ့ ရွာ ၂၅ ဧကကို တပ်ကသိမ်းလိုက်ပြီးတော့ ရွာသားတွေကို အတင်း အဓမ္မပေါ့နော် ရွှေ့ပြောင်းဖို့အတွက် မောင်းထုတ်တဲ့စာကို တရားဝင်ထုတ်ပြန်လိုက်တယ်ဗျ၊ ဒါကမျှတမှုမရှိဘူး၊ လူထုတွေ အနေနဲ့ကတော့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ဆုံးရှုံးနေတယ် ဆိုတဲ့အတွက်ကြောင့်မို့လို့ သက်ဆိုင်ရာ အစိုးရတွေသိအောင် ကျနော်တို့ သတင်းစာရှင်းလင်း ပွဲလုပ်ခြင်းပဲ ဖြစ်ပါတယ်။ "
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်က လွှဲကြီး(မန်း)ကျေးရွာမှာ နေထိုင်သူတွေကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့လုံခြုံရေးအရဆိုပြီး ဒီဧပြီလကုန်မှာ အပြီးပြောင်းရွှေ့ကြဖို့ ခလရ ၁၂၂ က ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အဲဒီကျေးရွာမှာ အိမ်ခြေ ၅၁ အိမ်နဲ့ စုစုပေါင်း လူဦးရေ ၂၄၀ ခန့်ရှိပြီး ကရင်ဖြူ၊ ကယန်းနဲ့ ဗမာတိုင်းရင်းသား တွေနေထိုင်ကြတာ ဖြစ်ပါတယ်။
အဲဒီနေအိမ်တွေကို ကျူးကျော်ဝင်ရောက်နေထိုင်သူတွေရဲ့ အိမ်တွေဆိုပြီး ဆိုင်းဘုတ်လိုက်ကပ်ကာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဧပြီလကုန်မှာ အပြီးပြောင်းရွှေ့ကြဖို့ ကြေညာချက်ထုတ်လိုက်တာ ဖြစ်တယ်လို့လည်း ပြောပါ တယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမြန်ဆုံးရုတ်သိမ်းပေးဖို့ ကယန်းအမျိုးသားပါတီ၊ ကယန်းမျိုးဆက် သစ်လူငယ်၊ ကယန်းအမျိုးသမီးအစည်းအရုံး၊ ကယန်းပြည်သစ်ပါတီ စတဲ့အဖွဲ့တွေက တပ်မတော်နဲ့ အစိုးရကို ဒီကနေ့ ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် ရွာသားတွေရဲ့ဆန္ဒအရ အစိုးရဘက်က ရွှေ့ပြောင်းတာတွေကို မဖြစ်မနေပြုလုပ်မယ်ဆိုရင် လက်ရှိ တန်ဖိုးနဲ့အညီ ပေးလျှော်ဖို့၊ တရားဝင်နေရာမှာ ခြံ၊ မြေ၊ အိမ်၊ ရေ၊ မီး၊ ပညာသင်ကျောင်း၊ ဘုန်းကြိးကျောင်းတွေ၊ ဆေးခန်း၊ စာကြည့်တိုက်အစုံ ပြန်လည်တည်ဆောက်ပေးဖို့၊ လူမှုရေးထောက်ပံ့မှုတွေကို ကာလတစ်ခုအထိ ပြုလုပ်ပေးဖို့၊ စတာတွေကို အစိုးရအဖွဲ့နဲ့ တပ်မတော်တာဝန်ရှိသူတွေဘက်က အတိအကျဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
Photo: Saw Maung/RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment