Latest News

Tuesday, April 25, 2017

လက်လုပ်သေနတ် ကိုင်ဆောင်သူ နှစ်ဦးကို အမှုဖွင့်


ဟင်္သာတ၊ ဧပြီ ၂၅

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အေးမြသာယာ ရပ်ကွက်တွင် ဧပြီလ ၂၄ ရက် မွန်းလွဲပိုင်းက လက်လုပ် လေအိုး သေနတ်တစ်လက်နှင့်အတူ ကိုင်ဆောင်သူ နှစ်ဦးကို ဖမ်းမိသဖြင့် အမှုဖွင့်ထားကြောင်း ဟင်္သာတမြို့မ ရဲစခန်းထံမှ သိရသည်။

အဆိုပါ ရပ်ကွက်တွင် လေသေနတ် ကိုင်ဆောင်သည်ဟု သတင်းရသဖြင့် တာဝန်ရှိသူများ သွားရောက် ဖမ်းဆီးခဲ့ရာ ကိုထွန်းမြင့်ဝင်း (၂၂ နှစ်) ကို လေအိုးသေနတ်နဲ့အတူ တွေ့ရှိခဲ့ပြီး သေနတ်ပိုင်ရှင် ကိုဟန်ဇော်ထွန်း( ၂၅ နှစ်) ထံမှ ငှားရမ်းကိုင်ဆောင်သည်ဟု ထွက်ဆိုခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

ဖမ်းမိသော လက်လုပ်လေအိုး သေနတ်ကို စက်ဘီးများတွင် အသုံးပြုသည့် သံဘောစိဖြင့် ပစ်ခတ်ပြီး လေထိုး တန်လေအိုး၊ ဆေးဖျန်းပိုက်တို့ဖြင့် လုပ်ဆောင်ထားကြောင်း၊ လေအိုးသေနတ်၏ ဒင်ပိုင်းမှ ပြောင်းဝအထိ ၄ ပေ ၄ လက်မ ရှည်ပြီး သစ်သား ကိုယ်ထည်ဖြင့် တပ်ဆင်ထားကြောင်း၊ လေသေနတ်ပိုင်ရှင်နှင့် ငှားရမ်းကိုင်ဆောင်သူ နှစ်ဦးကို လက်နက် ဥပဒေပုဒ်မ ၁၉ (စ) အရ အမှုဖွင့် စစ်ဆေးနေကြောင်း မြို့မစခန်း တာဝန်ရှိသူ အရာရှိ တစ်ဦးက ပြောကြားသည်။

ဧရာဝတီ တိုင်းဒေသကြီး အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ကျေးလက်ဒေသများ၌ လေအိုးလုပ် သေနတ်များကို တွင်ကျယ်စွာ အသုံးပြုနေသည်ကို  တွေ့ရကြောင်း၊ ရုတ်တရက် လေအိုး ပေါက်ကွဲခြင်းကြောင့် အန္တရာယ် ဖြစ်ပေါ်နိုင်ခြင်း၊ စိတ်ချရသည့် မောင်းတံများ မရှိခြင်း၊ စနစ်တကျ တည်ဆောက်ထားသည့် လက်နက် မဟုတ်ခြင်းကြောင့် ပညာပေးအဆင့်မှ အရေးယူသည့်အဆင့်အထိ ဆောင်ရွက်သင့်ကြောင်း၊ လက်နက်ပုံစံ အမျိုးမျိုး တီထွင်ကာ သံကိုယ်ထည်ဖြင့်လည်းကောင်း၊ သစ်သား ကိုယ်ထည်ဖြင့်လည်းကောင်း တွေ့ရှိရကြောင်း ဟင်္သာတမြို့နယ် တလုတ္ထော်အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူ ဦးကျော်လွင်က ပြောကြားသည်။
                                                           
လေအိုး လုပ်သေနတ်များကိုင်ဆောင်သူများကို ဖမ်းဆီး အရေးယူသွားမှာဖြစ်ပြီး ကိုင်ဆောင်ခြင်း မပြုကြရန် ပြောဆိုထားကြောင်း၊ သံဘောစိဖြင့် ပစ်ခတ်ခြင်းကြောင့် မျက်လုံး ကန်းနိုင်ခြင်း၊ အသက်သေနိုင်ခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် သတင်းရရချင်း ဖမ်းဆီးမှာဖြစ်ကြောင်း ဟင်္သာတခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင့်ဝေက ပြောကြားသည်။

R-13
The Voice

No comments:

Post a Comment