Latest News

Tuesday, April 25, 2017

အာဆီယံ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟု အိမ်ရှင်ဖိလစ်ပိုင် အတည်ပြု

အာဆီယံ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟု အိမ်ရှင်ဖိလစ်ပိုင် အတည်ပြု

အကြိမ် ၃၀ မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟု အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံက အတည်ပြုခဲ့ကြောင်း ဖိလစ်ပိုင်အခြေစိုက် Sunstar သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Philippine International Convention Center (PICC) တွင် ဧပြီ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အစည်းအဝေး ကျင်းပရေးကော်မတီ ညွှန်ကြားရေးမှူးချုပ် Marciano Paynor က ဧပြီ ၂၄ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ညွှန်ကြားရေးမှူးချုပ် Marciano Paynor က သမ္မတ ဒူတာတေးအနေဖြင့် အဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင် ကိုးဦးနှင့် တွေ့ဆုံဆွေးနွေးရန် မျှော်လင့်ထားကြောင်းနှင့် မြန်မာနိုင်ငံမှ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကိုယ်စား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း ပြောကြားသည်။

“အာဆီယံအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်တွေ အကုန်လုံး တက်ရောက်ကြမှာပါ။ မြန်မာနိုင်ငံ သမ္မတအနေနဲ့ တက်ရောက်မှာ မဟုတ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာမှာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အသီးသီးက ခေါင်းဆောင်တွေအကုန်လုံး တက်ရောက်ကြတယ်လို့ ဆိုနိုင်ပါတယ်” ဟု Marciano Paynor က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အစည်းအဝေး တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များအနက် အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံတို့မှ ခေါင်းဆောင်များသည် သမ္မတ ဒူတာတေးနှင့် သီးခြားတွေ့ဆုံရန် စီစဉ်ထားပြီး  အခြားခေါင်းဆောင်များနှင့်လည်း အစည်းအဝေး ကာလအတွင်း အားလပ်ချိန်များတွင် သီးခြားစီ တွေ့ဆုံမည့်အလားအလာ ရှိကြောင်းလည်း Marciano Paynor က ပြောကြားသည်။

အစည်းအဝေး လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀၀၀၀ နီးပါးက  တာဝန်ယူ စောင့်ကြပ်ပေးသွားမည် ဖြစ်ကြောင်းလည်း Marciano Paynor က ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အဆိုပါ အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံသို့ ဧပြီ ၂၈ ရက်တွင် သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားထားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဘယ်လ်ဂျီယံ၊ အီတလီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံများသို့ ဧပြီလကုန်တွင် သွားရောက်မည် ဖြစ်ပြီး အဆိုပါ ခရီးစဉ်မှ ပြန်ရောက်ပါက မေလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်းလည်း သိရသည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့တော်၌ မေ ၄ ရက်တွင်  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နှင့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများတွေ့ဆုံမှုကို တက်ရောက်မည် မဟုတ်ဘဲ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင် တက်ရောက်မည် ဖြစ်ကြောင်း ဦးဇော်ဌေးက  ပြောကြားထားသည်။

Eleven Media Group

No comments:

Post a Comment