Latest News

Tuesday, April 4, 2017

ဧရာဝတီတိုင်းအတွင်း သင်္ကြန်သံချပ်အဖွဲ့များ၏ စာသားများအား ခွင့်ပြုချက်တောင်းရန် မလိုဘဲ မိမိတို့ဘာသာ တာဝန်ယူ တင်ဆက်ရန် ခွင့်ပြုထားဟု ဆို

ဧရာဝတီတိုင်းအတွင်း သင်္ကြန်သံချပ်အဖွဲ့များ၏ စာသားများအား ခွင့်ပြုချက်တောင်းရန် မလိုဘဲ မိမိတို့ဘာသာ တာဝန်ယူ တင်ဆက်ရန် ခွင့်ပြုထားဟု ဆို

ဧရာဝတီတိုင်းဒေသကြီးအတွင်း မဟာသင်္ကြန်ပွဲတော် ကာလအတွင်း၌ ဖျော်ဖြေတင်ဆက်မည့် သင်္ကြန်သံချပ်အဖွဲ့များအနေဖြင့် သံချပ်စာသားများ၊ သီချင်းစာသားများအား ကြိုတင်ခွင့်ပြုချက်ရရှိရန်  တင်ပြတောင်းခံစရာ မလိုအပ်ဘဲ သံချပ်စာသားများ၊ သီချင်းစာသားများအား သံချပ်အဖွဲ့များကိုယ်တိုင် တာဝန်ယူစွာ တင်ဆက်နိုင်ရန် ခွင့်ပြုထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် က ပြောကြားသည်။

ယခုနှစ် မဟာသင်္ကြန်ပွဲတော်အား တိုင်းမြို့တော်ဖြစ်သည့် ပုသိမ်မြို့တွင် ယခင်ထားရှိနေကျ ဗဟိုမဏ္ဍပ်တစ်ခုအပြင် ဗဟိုမဏ္ဍပ် (၂) နှင့် ရခိုင်သင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ကိုပါ ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ မဏ္ဍပ်များအပြင် မြို့ပေါ်ရပ်ကွက်များမှ မဏ္ဍပ်များ၊ မြို့ခံလူငယ်အဖွဲ့များ၏ မဏ္ဍပ်များပါ  တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စေရေးအတွက် ပြည်ထောင်စုအစိုးရမှ တိုင်းဒေသကြီးအစိုးရအား ကျပ်သိန်းပေါင်း ၅၀၀ အထိ အသုံးပြုခွင့်ပေးထားကြောင်း၊ တိုင်းဒေသကြီးအတွင်း  အလှပြယာဉ်များ သံချပ်များဖြင့် ဖျော်ဖြေမည့်အဖွဲ့ပေါင်း ကိုးဖွဲ့ စာရင်းတင်သွင်းထားပြီး သံချပ်အဖွဲ့များ၏ သံချပ်စာသားများ၊ သီချင်းစာသားများကို ကြိုတင်တင်ပြစေကာ အစိုးရအဖွဲ့မှ တည်းဖြတ်ခြင်း တားဆီးခြင်းမရှိဘဲ  ခွင့်ပြုထားကြောင်း သိရသည်။

“အလှပြယာဉ်က ကိုးစီးရှိမယ်ဆိုတော့ သင်္ကြန်သံချပ်ပြိုင်မဲ့အဖွဲ့ ကိုးဖွဲ့ပေါ့ဗျာ။ အဲဒီ ကိုးဖွဲ့က သူတို့ တောင်းဆိုတာပါ။ မဏ္ဍပ်တစ်ခုတည်းမှာပဲ ပံ့ပိုးစက်ပစ္စည်းတွေ တူညီစွာနဲ့ သင်္ကြန်သံချပ် ယှဉ်ပြိုင်ချင်ပါတယ်လို့ အဆိုပြုထားတယ်။ အဆိုပြုထားတဲ့အတွက် ဒီသင်္ကြန်ပြိုင်ပွဲကို ဗဟိုမဏ္ဍပ် (၂) မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဗဟိုမဏ္ဍပ် (၁) ကတော့  ကျွန်တော်တို့ ဖွင့်ပွဲ ပိတ်ပွဲနဲ့ ယိမ်းပြိုင်ပွဲများ ကျင်းပပြီးတော့ ဖျော်ဖြေရေးနဲ့ ရေကစားခြင်းကိုလည်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ သံချပ်စာသားတွေနဲ့ ပတ်သက်ပြီးတော့ အများကြီး ကန့်သတ်မထားပါဘူး။ ကြိုတင်ပြီးတော့ စာသားတွေ ပေးရမယ်လို့လည်း ကျွန်တော်တို့ တောင်းမထားပါဘူး။ ကျွန်တော်တို့ကတော့ သတ်မှတ်ချက်လေး တစ်ခုပဲ ထားပါတယ်။  ယဉ်ကျေးစွာ သင်္ကြန်ကိုဖွဲ့နွဲ့တဲ့ သံချပ်တွေပဲ ဖြစ်ရမယ်။ နောက်တစ်ခါ ပုဂ္ဂိုလ်တစ်ဦး အဖွဲ့အစည်းတစ်ခုအပေါ်မှာ  တိုက်ခိုက်တဲ့ စာသားမျိုး၊ တိုက်ခိုက်တဲ့ သံချပ်မျိုးတော့ မဖြစ်စေချင်ဘူး။ ဘာသာနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ သံချပ်မျိုးတွေ ဖြစ်စေချင်တယ်။ နောက်တစ်ခါ ဒီအစိုးရရဲ့ အကောင်အထည်ဖော်နေတဲ့ မူဝါဒများကို ဆန့်ကျင်ပြီးတော့ သင်္ကြန်သံချပ်မျိုးတွေ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ အဲဒီမူလေးရပ်လောက်ပဲ ချထားပါတယ်။  သူတို့တင်ဆက်မဲ့ သံချပ်တွေ သီချင်းတွေကတော့ သူတို့အဖွဲ့တွေကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ သူတို့အဖွဲ့တွေရဲ့ သံချပ်တွေ သီချင်းတွေကို စိစစ်မှာ မဟုတ်ပါဘူး။ သူတို့ တင်ဆက်သွားတဲ့အပေါ်မှာပဲ စည်းကမ်းများနဲ့အညီ တင်ဆက်သွားဖို့သာ ပြောထားပါတယ်” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် ပုသိမ်မြို့တွင် သင်္ကြန်ပွဲတော်အား ယခင်နှစ်များထက် ပိုမိုစည်ကားသိုက်မြိုက်စေရန် ပြုလုပ်သွားမည်ဖြစ်သော်လည်း တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်  ဘတ်ဂျက်မရရှိခြင်း၊ သောက်သုံးရေ ရှားပါးခြင်းများကြောင့် မဏ္ဍပ်များ တည်ဆောက်ကာ ရေကစားမှုများကို လုပ်ဆောင်သွားမည် မဟုတ်ကြောင်း သိရသည်။


Eleven Media Group

No comments:

Post a Comment