Latest News

Friday, April 7, 2017

ထရမ့်နှင့် စီကျင်းပင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံ

ထရမ့်နှင့် စီကျင်းပင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံ

တရုတ်သမ္မတ စီကျင်းပင်နှင့် တွေ့ဆုံမှုသည် နှစ်နိုင်ငံကြား ခင်မင်ရင်းနှီးမှုကို မြှင့်တင်နိုင်စေခဲ့ကြောင်း ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့သည်။

ဧပြီ ၆ ရက်တွင် အမေရိကန် သမ္မတသည် စီကို ဖလော်ရီဒါရှိ အပန်းဖြေစခန်း တစ်ခုတွင် ဧည့်ခံ တွေ့ဆုံခဲ့သည်။ ထရမ့်နှင့် စီတို့သည် ထရမ့်ပိုင်ဆိုင်သော Mar-a-Lago အပန်းဖြေစခန်းတွင် အတူတကွလည်း ညစာသုံးဆောင်ခဲ့ကြသည်။ စီ၏ အမေရိကန် ခရီးစဉ်၌ ကမ္ဘာပေါ်တွင် စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံနှစ်ခု၏ လက်ရှိခေါင်းဆောင်များ ပထမဆုံးအကြိမ် ဆုံဆည်းခြင်းလည်း ဖြစ်လာသည်။

ထရမ့်နှင့် စီတို့သည် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး အမေရိကန် အနေဖြင့် မြောက်ကိုရီးယား အရေးတွင် တရုတ်က ပိုမိုဖိအားပေး ပါဝင်ရေး တောင်းဆိုဖွယ်ရှိပြီး တစ်ဖက်တွင် စီက ထိုင်ဝမ်အရေးတွင် အမေရိကန်က တရုတ်နှင့် ထိပ်တိုက်မတွေ့ရန် ညှိနှိုင်းဖွယ် ရှိနေသည်။

စီနှင့် ပထမဆုံးအကြိမ် ဆွေးနွေးမှု အပြီးတွင် ထရမ့်က ၎င်းတို့နှစ်ဦးကြား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း မှတ်ချက်ပေးခဲ့သည်။ ထရမ့်သည် ပြီးခဲ့သည့်နှစ်အတွင်း ရွေးကောက်ပွဲကြို မဲဆွယ်မှုများ ပြုလုပ်နေချိန်က တရုတ်သည် အမေရိကန်ကို အဓမ္မ ကျင့်ကြံနေသည်ဟု ဝေဖန်စွပ်စွဲခဲ့ဖူးသလို စီနှင့် တွေ့ဆုံပွဲ မတိုင်မီက ယခုဆွေးနွေးမှုများမှာ အလွန် ခက်ခဲလိမ့်မည်ဟု မှတ်ချက်ပေးခဲ့သည်။

သို့သော် ဧပြီ ၆ ရက် ညစာစားပွဲတွင် ခေါင်းဆောင်နှစ်ဦး ပြုံးပြုံးရွှင်ရွှင် ရှိနေကြသလို သမ္မတ ကတော်များဖြစ်သည့် ပန်လီယွန်နှင့် မယ်လာနီယာ ထရမ့်တို့လည်း ရင်းရင်းနှီးနှီး ရှိနေကြဟန် တွေ့ရသည်။ သမ္မတ နှစ်ဦးသည် ဧပြီ ၇ ရက်တွင် နေ့လယ်စာ အတူသုံးဆောင်ရန်လည်း စီစဉ်ထားသည်။ သို့သော် ထရမ့်နှင့် စီတို့ အတူတကွ ဂေါက်ကစားကြမည့် အခြေအနေ မရှိချေ။

ထရမ့်သည် ဂေါက်ရိုက်ရန် ဝါသနာပါသူ တစ်ဦးဖြစ်သော်လည်း စီကမူ ဂေါက်ရိုက်ခြင်းသည် လူကုံထံ အသိုက်အဝန်း၏ အဆောင်အယောင် တစ်ရပ်ဟု ယူဆပြီး ၎င်း၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စီမံကိန်းများတွင် အစိုးရဝန်ထမ်းများ ဂေါက်ရိုက်ခြင်းကိုပါ ထည့်သွင်း စောင့်ကြည့်လေ့ ရှိသည်။

ထရမ့်နှင့် စီတို့၏ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ တရားဝင် ကြေညာချက်များ ထုတ်ပြန်ခြင်း မရှိသေးချေ။ သို့သော် တရုတ်နှင့် အမေရိကန် သမ္မတများ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုအပေါ် တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်ခဲ့သည်။ တရုတ် ကိုယ်စားလှယ် အဖွဲ့မှ အရာရှိ တစ်ဦးက သမ္မတ စီအနေဖြင့် တရုတ်နိုင်ငံ၏ ကောင်းကျိုး ပြည့်စုံစေရေးအတွက် အထူးသတိထား ချဉ်းကပ်မှုများ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

စီနှင့် ထရမ့်တို့ တွေ့ဆုံမှုတွင် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်လက်နက်များ စမ်းသပ်နေမှုကမူ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ဖွယ် ရှိသည်။ ထရမ့်က တရုတ်၏ ကူညီမှုကို မရလျှင်လည်း အမေရိကန်သည် ထိုပြဿနာကို ကိုယ်တိုင် ဖြေရှင်းနိုင်စွမ်း အပြည့်ရှိကြောင်း ကြိုတင် ပြောဆိုထားပြီး ဖြစ်သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကလည်း မြောက်ကိုရီးယား အရေးသည် တရုတ်နှင့် အမေရိကန်၏ ဆက်ဆံရေး ထူထောင်မှုတွင် အဓိကကျသော စမ်းသပ်မှု တစ်ခုဟု မှတ်ချက်ပေးခဲ့ကြောင်း သိရသည်။

Ref: BBC : AP

( 7Day News )

No comments:

Post a Comment