Latest News

Thursday, April 6, 2017

အစိုးရအကူးအပြောင်းကာလအတွင်း အများပြည်သူနှင့်သက်​ဆိုင်သောမြေများကို အမည်ပေါက်ဂရန် ချထားပေးမှုများအား မြေကွက်များ ပြန်လည်သိမ်းယူပြီး ငွေပြန်အမ်းမည်

အစိုးရအကူးအပြောင်းကာလအတွင်း အများပြည်သူနှင့်သက်​ဆိုင်သောမြေများကို အမည်ပေါက်ဂရန် ချထားပေးမှုများအား မြေကွက်များ ပြန်လည်သိမ်းယူပြီး ငွေပြန်အမ်းမည်

မန္တလေးမြို့တွင် ၂၀၁၆ခုနှစ်​ ဇန်​နဝါရီ ၁ရက်​မှ မတ်​လ ၃၀ရက်​ထိ အစိုးရအကူးအပြောင်းကာလအတွင်း အများပြည်သူနှင့်သက်​ဆိုင်သောမြေများကို အမည်ပေါက်ဂရန် ချထားပေးမှုများအား မြေကွက်များ ပြန်လည်သိမ်းယူပြီး ငွေပြန်အမ်းမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းချက်အရ သိရသည်။

အဆိုပါ မြေဂရန်​ချထားပေးမှုများကို စုံစမ်းစစ်ဆေးရေးအဖွဲ့များဖြင့်​ စစ်ဆေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်​ဘဏ္ဏာ​ရေးဝန်ကြီးဌာန ဝန်​ကြီး ဦးမြတ်​သူ ​ခေါင်း​ဆောင်​​သော အဖွဲ့ဝင်​ ၅ဦးပါအဖွဲ့ဖြင့်​ အတည်ပြု စစ်ဆေးချက်အရ (က) လူတစ်ဦးတစ်ယောက်တည်းသို့ မြေဧကအလွန်များစွာ ခွင့်ပြုပေးထား​သော လူလေးဦးရှိပြီး မြေကွက်ပေါင်း ၇၂ ကွက်(၁၆၆ ဒသမ ၈၁၄၂ ဧက) (ခ) လူတစ်ဦးတစ်ယောက်သို့ မြေဧက အများအပြား ခွင့်ပြုပေးထား​သော လူခုနှစ်​ဦးရှိပြီး မြေကွက် ၁၆ ကွက် (၄၀ ဒသမ ၃၃၁၄ ဧက) (ဂ) လူတစ်ဦးချင်းသို့ မြေကွက်များ ခွင့်ပြုပေးထားခြင်းမှာ လူ ၇၆ ဦးသို့ မြေကွက် ၇၈ ကွက် (၂၂ ဒသမ ၁၄၁၀ ဧက) (ဃ) အသင်းအဖွဲ့နှင့် ပါတီသို့ မြေခွင့်ပြုချထားပေးခြင်းမှာ အဖွဲ့အစည်း/ ပါတီ ၁၅ ခု သို့ မြေကွက် ၁၅ ကွက် (၁၆ ဒသမ ၀၅၉၇ ဧက) ချထားပေးသည်ကို တွေ့ရကြောင်း။

ထိုချထားပေးမှုများသည်​ အစိုးရအဖွဲ့၏ ခွင့်ပြုမိန့်မပါရှိဘဲ မန္တ​လေးမြို့​တော်​စည်ပင်သာယာရေးကော်မတီ၏ မြို့​တော်​​မြေယာစီမံခန့်​ခွဲ​ရေး​ကော်​မတီ အစည်းအဝေးဖြင့်​ တစ်​ဦးတည်းသို့ ဂရန်မြေအမြောက်အမြား ထုတ်ပေးထားခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းပြုလုပ်မည့် မြေနေရာကို ဂရန်အကွက်ငယ်များခွဲ၍ ထုတ်ပေးခြင်းသည် လုပ်ထုံးလုပ်နည်း မမှန်ကန်ကြောင်း၊ မြေကွက်များကို မူလပိုင်ရှင်အမည်ဖြင့် ဂရန်ထုတ်ပေးထားသော်လည်း အခြားပုဂ္ဂိုလ်တစ်ဦးမှ အားလုံးဂျီပီလွှဲယူပြီး ဂရန်ထုတ်ပေးထားကြောင်း၊ ဂရန်အမှုတွဲများကို ဂျီပီရယူပြီး လုပ်ငန်းဆောင်ရွက်ခဲ့သူ ကိုယ်တိုင်လည်း မြေကွက်များ ရယူထားပြီး၊ အခြားသူများအတွက်လည်း ဂရန်ထုတ်ယူပေးခဲ့သော်လည်း မည်သူ့အတွက် ဂရန်ထုတ်ပေးသည်ကိုမသိ၊ အခကြေးငွေယူပြီး ဂရန်ထုတ်ပေးခြင်းဖြစ်ကြောင်း စသည်တို့ကို စီစစ်​တွေ့ရှိကြာင်း။

ထို့ကြောင့် အများပြည်သူနှင့် သက်ဆိုင်သည့်မြေများကို လူပုဂ္ဂိုလ်​တစ်ဦးတစ်ယောက် အမည်ပေါက်ဂရန် ပြောင်းလဲချထားပေးခဲ့​သောမြေကွက်များကို ပြန်လည်သိမ်းယူပြီး ငွေပြန်အမ်းမည်ဖြစ်ကြောင်း၊ အကွက်ရိုက်ပြီး​မြေကွက်များအား သွင်းထား​သောတန်ဖိုးသည် ကာလပေါက်ဈေးနှင့် မကိုက်ညီပါက ကာလ​ပေါက်​​ဈေး နှုန်းထားသတ်မှတ်ပြီး ​ငွေထပ်​မံပေးသွင်းပေးမည်ဖြစ်ကြောင်း၊ လယ်​ယာ​မြေအခြားနည်းသုံးစွဲခွင့်​ရယူပြီး လုပ်ငန်းဆောင်ရွက်ခြင်း မရှိသောမြေများကို တိုင်းလယ်/စီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်​​ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းဖတ်​ကြားခဲ့သည်​။

၂၀၁၆ ဇွန်လ ၃၀ ရက်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး တင်သွင်းထားသည့် "အစိုးရ အကူးအပြောင်း ကာလအတွင်း အများပြည်သူနှင့် သက်ဆိုင်သည့် ဧရိယာကျယ်ဝန်းသော မြေကွက်များ၊ ပလပ်မြေများအား လူပုဂ္ဂိုလ် အမည်များဖြင့် ချထားပေးမှုများကို ပြန်လည်စိစစ်၍ အများပြည်သူအကျိုးအတွက် စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်နိုင်ရေး တိုက်တွန်းကြောင်း" အဆိုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဧပြီ ၅ရက်​က ကျင်းပ​သော မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး(ပဉ္စမနေ့)တွင်​ အစီရင်ခံစာ ပြန်​လည်​တင်သွင်းခြင်းဖြစ်​သည်။
TheMandalayNewsJournal

No comments:

Post a Comment