Latest News

Sunday, April 2, 2017

ရွှံ့မြေပြိုကျမှုများ ဖြစ်ပွားခဲ့သည့် ကိုလံဘီယာနိုင်ငံအား အကူအညီပေးရန် ဗင်နီဇွဲလားသမ္မတ ကမ်းလှမ်း


ဗင်နီဇွဲလားသမ္မတ နစ်ကိုးလတ်စ်မာဒူယိုသည် ရာနှင့်ချီသော ဒဏ်ရာရသူများ၊ ပျောက်ဆုံးသူများ ဖြစ်ပွားစေပြီး လူပေါင်း ၂၀၀ ကျော်ခန့်သေဆုံးခဲ့သော ကိုလံဘီယာနိုင်ငံတောင်ပိုင်းမှ ရွှံ့မြေပြိုကျမှုများအတွက် အကူအညီ ပေးရန် ပြီးခဲ့သော စနေနေ့တွင် ကမ်းလှမ်းခဲ့သည်။

“ကိုလံဘီယာသမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ်ထံသို့ ကျွန်တော်တို့ရဲ့ ကယ်ဆယ်ရေးသမားအဖွဲ့တွေ၊ ကျွမ်းကျင် လုပ်သားတွေ၊ ပြည်သူတွေအားလုံးရဲ့ ထောက်ပံ့မှုတွေပေးပို့ရန် ကမ်းလှမ်းချင်ပါတယ်” ဟု သမ္မတမာဒူယိုက စစ်တပ်အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ညီနောင်ရင်းချာတွေ ဖြစ်ကြတာကြောင့် ယခုလို အခက်အခဲကြုံနေတဲ့အချိန်မှာ အတူတကွ ရပ်တည်ပေးဖို့၊ လေးစားသမှုပြုဖို့၊ စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်” ဟု သူက ပြောခဲ့သည်။ ဒါ့အပြင် “ ကျွန်တော်တို့လည်း နာကျင်ခံစားရပါတယ်ဆိုတာကို သိစေချင်ပါတယ်။ ကိုလံဘီယာပြည်သူတွေအတွက် ကျနော်တို့ရဲ့ ၀မ်းနည်းစကားတွေ၊ ညီညွှတ်မှုတွေကို ဆောင်ယူပေးချင်ပါတယ်” ဟု မာဒူယိုက ဖြည့်စွက် ပြောကြားခဲ့သည်။

ရွှံ့မြေပြိုကျမှုများကြောင့် သေဆုံးသူများ ရာနှင့်ချီရှိခဲ့ကြောင်း သမ္မတဆန်းတို့စ်က သတင်းထောက်များအား ပြီးခဲ့သော စနေနေ့တွင် ပြောခဲ့ပြီး ကိုလံဘီယာကြက်ခြေနီအဖွဲ့၏ အဆိုအရ သေဆုံးသူ ၂၀၀ ကျော်ခန့်ရှိကာ ဒဏ်ရာရပျောက်ဆုံးသူများလည်း ရာနှင့်ချီရှိကြောင်း သိရသည်။

ယခုလိုသေဆုံးမှု၊ ဒဏ်ရာရပျောက်ဆုံးမှုများသည် ပြီးခဲ့သော သောကြာနေ့အနှောင်းပိုင်းက ကိုလံဘီယာနိုင်ငံရှိ Mocoa မြို့တွင် ရွှံ့မြေပြိုကျမှုများကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအရေအတွက် နှင့် ဒဏ်ရာရ ပျောက်ဆုံးသူ အရေအတွက်များသည် ဆက်လက်တိုးလာနိုင်ကြောင်း သိရသည်။

Mizzima - News in Burmese
http://www.mizzimaburmese.com/article/25552

No comments:

Post a Comment