သင်ကြားခံရသည့် ၇ နှစ်သားကလေး
အိုင်အက်စ် အစွန်းရောက်တွေရဲ့လက်ထဲမှာ လ ၃၀ ကြာ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၇ နှစ်အရွယ် ယောက်ျားလေးက သူတွေ့ကြုံခဲ့ရတဲ့ ထိတ်လန့်စရာဖြစ်ရပ်တွေ၊ အတင်းအဓမ္မ ခိုင်းစေခံရတဲ့ အကြမ်းဖက်လုပ်ရပ်တွေကနေ လွတ်မြောက်လာခဲ့ပါတယ်။
အဲဒီကလေးငယ်က သူ့ကို အိုင်အက်စ်တွေ စစ်သင်တန်းပေးတာ၊ ခေါင်းဖြတ်နည်းနဲ့ လက်နက်ကိုင်တွယ်ပုံ သင်ကြားပေးတာတွေကို ပြန်လည်ရှင်းလင်းပြတဲ့ ထိတ်လန့်စရာရုပ်သံ ထွက်ပေါ်လာတယ်လို့ ဧပြီ ၁၁ ရက်နေ့ မေးလ်အွန်လိုင်းသတင်းတပုဒ်မှာ ဖော်ပြထားတာပါ။
ကလေးငယ်ဟာ အစွန်းရောက် စစ်သွေးကြွတွေရဲ့ စိတ်ဓာတ်အတွေးအခေါ်တွေ သွတ်သွင်းခံရပြီးနောက် မိသားစုနဲ့ ပြန်လည်အံဝင်ခွင်ကျဖြစ်ဖို့ အရမ်းကို ရုန်းကန်နေရတယ်လို့ ထိတ်လန့်တုန်လှုပ်နေကြတဲ့ ဆွေမျိုးတွေက ပြောပါတယ်။
အိုင်အက်စ်တွေက ၂ နှစ်ခွဲလောက် ဖမ်းဆီးထားတဲ့အချိန်မှာ ကောင်လေးကို ဓားနဲ့ ခေါင်းတွေကို ဘယ်လိုဖြတ်ရမယ်၊ သေနတ်တွေနဲ့ လက်နက်ကြီးတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ သင်တန်းတွေ မတက်မနေရ ပေးခဲ့တာပါ။
“လက်နက်တွေသယ်ရတယ်။ ရိုင်ဖယ်တွေကို ဖြုတ်နည်းနဲ့ တပ်ဆင်နည်းတွေ သင်ရတယ်။ ခေါင်းကိုချိတ်ဆွဲပြီး ဓားနဲ့ခုတ်ဖြတ်ရတဲ့ ခေါင်းဖြတ်နည်းတွေကိုလည်း သင်ပေးတယ်” လို့ စိုးရိမ်ထိတ်လန့်နေတဲ့ အဲဒီ အမည်မဖော်လိုတဲ့ ၇ နှစ်အရွယ် ကလေးငယ်က ပြောပါတယ်။
အိုင်အက်စ် စစ်အခြေစိုက်စခန်းတွေမှာ ထောင်ဂဏန်းကျော်တဲ့ ရာဇီဒီကလေးတွေဟာ ဖမ်းဆီးခံရပြီး စစ်သင်တန်းတွေ ပေးခံရတယ်လို့ ရုပ်သံမြင်ကွင်းတွေအရ သိရပါတယ်။
ကလေးတွေကို ကမ္ဘာတဝှမ်းလုံးမှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ကိုင်ဖို့ ခိုင်းစေတဲ့ အိုင်အက်စ်တွေရဲ့ လုပ်ရပ်ကို အာဏာပိုင်တွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။
အခု ၇ နှစ်သားလေးက ၂၀၁၄ ခုနှစ် အီရတ်နိုင်ငံ စင်းဂျာမြို့ကို အိုင်အက်စ်တွေ တိုက်ခိုက်စဉ်အတွင်း မိခင်နဲ့အတူ ဖမ်းဆီးခံရပြီးနောက် မိခင်နဲ့ခွဲလိုက်တယ်လို့ ဆိုပါတယ်။
ကလေးက မိခင်ဘာသာစကားကိုလည်း မေ့လျော့နေပြီး အိုင်အက်စ်တွေရဲ့ သြဇာလွှမ်းမိုးမှုအောက်က လွတ်မြောက်နိုင်အောင် မိသားစုက အကြီးအကျယ် ကြိုးစားနေရတယ်လို့ ဆိုပါတယ်။
အိုင်အက်စ်တွေက ဖမ်းဆီးထားတဲ့ ရာဇီဒီကလေးတွေကို သူတို့ရဲ့ ဘာသာရေး အစွန်းရောက်အမြင်တွေ သွတ်သွင်းပြီး အမည်နဲ့ ဘာသာကိုပါ ပြောင်းပစ်တယ်လို့လည်း ပြောပါတယ်။ ဒီဗွီဘီ
No comments:
Post a Comment